Friday, December 25, 2009

ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ဖြစ်ပါစေ



ဘလော့သူငယ်ချင်းအပေါင်းကို ခရစ္စမတ်နေ့လေးမှာ မောင့်ရဲ့ ပို့စ်ကဒ်လေးနဲ့ ဆုမွန်ကောင်းပို့သလိုက်ပါရစေ။

မိတ်ဆွေအားလုံး ခရစ္စမတ်နေ့နဲ့လာမယ့် ၂၀၁၀ နှစ်သစ်မှာ လိုအင်တွေ အောင်မြင်စွာရရှိခံစား ပျော်ရွှင်နိုင်ကြ
စေကြောင်း ဆုတောင်းလိုက်ပါတယ်။



Monday, December 14, 2009

စေစားစိတ်

ရေညှိနဲ့ချောနေတဲ့
လမ်း

ယိုင်နဲ့နဲ့ခြေလှမ်းနဲ့
လှမ်းနေတုန်း

ဗြုန်းဆို
မိုးချုန်းတော့

လန့်တကြား
တအားပြေးတော့

အင်အားက
နုံးချိချိပေါ့..........

မျက်စိကိုမှိတ်
ရင်တထိတ်ထိတ်

ဆက်ကာလျှောက်လှမ်း
လိုရာလမ်းကို

မှတ်ထားတဲ့မျက်နှာ
သူ့ရုပ်လွှာကို

ရော်ရမ်းမှန်းဆ
တမ်းတမိကာ

လက်တံကိုဆန့်
ခြေကိုတန့်လျက်

ခပ်မတ်မတ်ပြန်ရပ်
မိုးကိုအံတုတော့

ငါ့မျက်နှာပေါ်မှာ
အပြုံးတခု

နှုတ်ခမ်းထက်နွေးထွေးစွာ........

လျပ်တပြက်ခံစားလိုက်ရတာ
စိုးမိုးထားတဲ့ သစ္စာတွေနဲ့

လွှမ်းမိုးသူ မင်းရယ်ပေါ့.......

အချစ်ဆိုတဲ့စကားတွေက
မင်းမပြောတော့ပေမယ့်

ငါ့နားထဲအမြဲကြားနေသလို.....

လုံခြုံမှုတွေပေးတတ်တဲ့
မင်းရင်အုံနွေးနွေးကလည်း

ငါမှန်းဆတမ်းတလိုက်တိုင်း
မင်းရင်အုံထဲငါရောက်ရောက်သွားတတ်တာမို့.....

အခုတော့

မိုးစိုမှာ လျှပ်ပြက်တာတွေ

ငါ့အတွက်
စိုးထိတ်စရာမဟုတ်တော့ဘူးပေါ့

ချစ်သူ မင်းသိပါလေစ.........

ငါ့စိတ်ရဲ့စေစားရာ
အင်အားတခုနဲ့ထပ်တူ

မင်းဟာ ငါ့အသည်းမှာ တထပ်တည်းပါလို့
သိစေချင်စမ်းပါဘိ...........


Thursday, December 10, 2009

ချစ်တယ်

မျက်ဝန်းချင်း
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........

အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......


Thursday, November 19, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၄)ထွက်ပြီ

Photobucket

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) ကို နိုဝင်ဘာလ ၁၆ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။
ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “အပြောင်းအလဲ” နှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ ယခင် ပါဝင်နေကျ ကဏ္ဍများ အပြင် ကဏ္ဍအသစ် အနေဖြင့် ဟာသကဏ္ဍကို ထည့်သွင်း ဖော်ပြထားပါတယ်။

ကျွန်မရေးသားတဲ့ အချစ်မရှိသောဒီနေ့စွဲများ ဆိုတဲ့ဝတ္ထုတိုလေး ရွေးချယ်ဖော်ပြခြင်းခံရတဲ့အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်.....

ကျမရဲ့ မိတ်ဆွေများအားလုံးလည်း ကျမရဲ့ခံစားချက်စာမူလေးကို မျှဝေခံစားဝေဖန်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေနော်....

အချစ်မရှိသောဒီနေ့စွဲများ

ခပ်ဝေးဝေးမှာ ငှက်တစ်ကောင်လား? နှစ်ကောင်လား?.... ခိုဖြူတွေမဟုတ်တာတော့ သေချာတယ်။
အိပ်မက်အစစ်လား? တကယ် ဖြစ်နေတာလား?

ခံစားလိုက်ရတာ တိုက်ရိုက် မဟုတ် တာတော့ သေချာပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကား နောက် စိမ်းလန်းခြင်း ဆိုတာပါ ဖြည့်စွက် နေကြပါလား။ ကြားမိတာပါ…. နားစွန်နားဖျား လက်တွေ့ မြင်တွေ့ရတာက တခြား။

ဘာပဲ ဖြစ်ဖြစ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတာထက်စာရင် မျှဝေ ပေးလိုက်ချင်ပါတယ်။ ခံစားပေးချင် ကိုယ်ချင်းစာချင်တဲ့ သူတွေအတွက်ပေါ့။ အားလုံးကတော့ သနားစရာတွေ့ရင် ကရုဏာသက်ဖို့တော့ ဝန်လေးကြမှာ မဟုတ်သလို ဒေါသထွက်စရာ ရွံစရာအနေအထားတခုကိုကော ဝေဖန်ကြဖို့ ဝန်လေးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါးစပ် ကိုယ် တန်ဖိုးထားကြတာကိုးနော့်။

တွေးရင်းနဲ့ မဲ့ပြုံးလေးတစ်ခု ကိုယ့်နှုတ်ခမ်းမှာ ဖန်ဆင်းပြီးသား ဖြစ်သွားတယ်။ အော်……..မိုးတိမ်သားတွေကလဲ ထူထပ်နေလိုက်တာ။ နေရောင်တောင် တိုးမပေါက်တော့ပါလား။ တိမ်စိုင်တွေကို သေချာကြည့်လိုက်တော့ အိုး….. အမည်တပ်ရ တော်တော်ခက်မယ့် ပုံရိပ်တွေ သဏ္ဍာန်တွေပါလား။ အဲလိုပဲ သူ့ထက်ငါ အပြိုင် လေလွင့်နေကြတာတွေကကော လောကကြီးကို ရည်ညွှန်းတာပါလား။

ကာလ အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်လိုက်ပြီးတဲ့နောက်…….ရင့်ကျက်မှုကို အရေခြုံ ဟန်ဆောင်မှုကို ရှေ့တန်းတင် ဝန်တိုမှုတွေကို ရင်ဝယ်ပိုက်လိုက်မိတာ ငွေကြေးဖောင်းပွမှုနဲ့ အပြိုင်ပါပဲ။

xxxxxxxxxxxxxxxxxxx

မှုန်ပျပျ အလင်းရောင်လေးက လမ်းပေါ်ကို ထိုးကျနေတယ်။ အဝေးတနေရာဆီက ညဥ့်ငှက်တစ်ကောင် အော်သံဖြတ်ကနဲ ကြားလိုက်ရတယ်။ တဖြည်းဖြည်း အဝေးက ကားတွေ ဆိုင်ကယ်တွေ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ အသံတွေ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ စာအုပ်တွေ လှန်လှောနေတဲ့ သူမ မျက်နှာလေးက ဝင်းပကြည်စင်နေတယ်။ ကရုဏာအပြည့်ပါတဲ့ ဟန်အမူအရာတွေကိုလည်း သူမအပြုအမူတိုင်းမှာ တွေ့ရတယ်။ ဒီနေ့ သောကြာနေ့။ မနက်ဖြန်ဆို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ။ သူမက ကလေးကို စိတ်ရှည်လက်ရှည် စာပြပေးနေတုန်း.......<<ဆက်ဖတ်ရန်>>





Monday, October 12, 2009

Happy Birthday (10.10.81 - 10.10.09)


မွေးနေ့ကိတ်လေး

ပြီးခဲ့တဲ့ စနေနေ့ (၁၀-၁၀-၀၉) မှာ ကျမအသက် ၂၈နှစ်ပြည့်ခဲ့ပါပြီ။
မွေးနေ့ပွဲအဖြစ်နဲ့ ကျမရယ် မောင်ရယ် အတူနေသူငယ်ချင်းတစ်ယောက်ရယ် ကျမရဲ့ကြောင်ကလေးနှစ်ကောင်ရယ်
နဲ့ညပိုင်းမှာ တိုးတိုးတိတ်တိတ်ကျင်းပဖြစ်ခဲ့ပါတယ်။
အဲဒီမွေးနေ့မတိုင်ခင်မှာ မောင့်ဆီက မွေးနေ့လက်ဆောင်ပို့စကဒ်တစ်ခုရရှိခဲ့ပါတယ်။
မွေးနေ့မှာ အရာအားလုံးငြိမ်းချမ်းဖို့ ကျမတို့ဇနီးမောင်နှံရှေ့လျှောက်ဆန္ဒတွေပြည့်ဝအောင်မြင်စေဖို့ ဆုမွန်ကောင်း လည်းတောင်းဖြစ်ခဲ့ပါတယ်။
မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေနော်။



Sunday, October 04, 2009

သီတင်းကျွတ်လပြည့်ညရဲ့ မီးပုံးလေးတွေ

သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ ဒီနေ့ညမှာ ကျမတို့အိမ်ရှေ့ဝရန်တာလေးမှာ မောင့်လက်ရာ မီးပုံးလှလှလေး
ငါးလုံးကို အနန္တောအနန္တငါးပါးဦးထိပ်ထားသောအားဖြင့် ထွန်းညှိခဲ့ပါတယ်။

အသည်းပုံလေးတွေ က ကျမတို့ရဲ့ အချစ်သင်္ကေတလေး၊
ကော်ဖီခွက်လေးတွေ က ကျမတို့ရဲ့ အတူဆုံချိန်အမှတ်တရလေး၊
ကြယ်လေးတွေက ကျမတို့မျှော်လင့်ခြင်းသင်္ကေတ၊
သစ်ရွက်စိမ်းစိမ်းလေးတွေက ကမ္ဘာကြီးသာယာစိုပြည်စေဖို့ကျမတို့ရဲ့ဆုတောင်းလေး၊
ပန်းပွင့်လေးတွေက အနာဂတ်မျိုးဆက်လေးတွေရှင်သန်စေဖို့ ကျမတို့ရဲ့ဆန္ဒလေးပေါ့။
အားလုံးလည်း မီးပုံးလေးတွေထွန်းဖြစ်ကြမယ်ထင်ပါတယ်နော်။
ခံစားကြည့်ပါလို့.........






Sunday, September 27, 2009

ချစ်ခြင်းနံရံ


ပန်းသီးတစ်လုံးလို့တင်စား

တယောက်ကခွံ့ရင် တယောက်ကစား

မအောင့်အီးနိုင်တဲ့အခါ

နှစ်ယောက်အတူစား။

နံရံများစွာ ပိတ်လှောင်ကာထား

ချစ်ခြင်းခွန်းတုံ့ရင်း

လက်တွဲရုန်းထွက်တော့

နံရံများစွာဟာ

အတိတ်မှာကျန်ခဲ့ပြီ။

အမုန်းလွင်ပြင်မှာ

အာဃာတမြက်ပင်တွေပြည့်နှက်နေပေမယ့်

ချစ်ခြင်းနံရံနဲ့

ပိတ်ကာထားရင်

ပုံရိပ်ယောင် အလှတရားတွေကို

မြင်ရမတဲ့လား။

ခိုင်မြဲတဲ့ဒီနံရံမှာ

တယောက်ကအင်္ဂတေဆို

တယောက်ကအုတ်ပေါ့

ဒါပေမယ့်ထူးခြားတာက

ချစ်ခြင်းနံရံဟာ

အချစ်တွေနဲ့သာတည်ဆောက်ထားသတဲ့။

သိပ်လှတဲ့ဒီနံရံကို

နှစ်ယောက်ရဲ့အချစ်တွေနဲ့

အမြဲမွမ်းမံနေတော့

အမုန်းလွင်ပြင်က အာဃာတမြက်ပင်တွေကို

မမြင်ရတော့ဘူးပေါ့။


အမှတ်တရ


နောက်ကွယ်ရာမှာ အပြင်းစားဆူးတွေနဲ့

တစိမ့်စိမ့်စူးစေတတ်တဲ့

ခပ်လှမ်းလှမ်းနေရာတွေက

ကူးစက်ရောဂါလောက်တော့

ငါ့အပြစ်ကမပြင်းတာအသေချာပဲ.....

ဒါပေမယ့်

မခံစားနိုင်ဘူးဟာ.....

မေးခွန်းတွေသိပ်များသွားပြီလား?

မရည်ရွယ်ပါဘူး

ဘယ်သူ့ဘယ်သူမှ ဂိုးမရရှိဘဲ

ပြီးဆုံးသွားမယ့် ဘောပွဲလိုလည်း

တစ်ဖက်ဆယ်ယောက်ဆီကန်နေတာလည်းမဟုတ်တော့

ပြောရတော့အခက်သား.....

တကျင်းတည်းကို အတူစိမ်နေကြတဲ့

ဂေါက်သမားတွေဖြစ်နေတော့

တချိန်တည်းမှာ တကျင်းတည်းကို ပြိုင်တူဝင်ဖို့

အဲဒီကျင်းက ကျယ်ရဲ့လားလို့

မေးမိတော့

မိုက်ရိုင်းလိုက်တာတဲ့

ပြိုင်တူလိုလိုပြောကြတာ ကြားရတဲ့နောက်

အဲဒီအချိန်ကနေစပြီး အပြစ်တစ်ခုလုပ်မိသွားတယ်လို့

မှတ်ချက်ပေးခံလိုက်ရတာ

ဒီနေ့အထိမို့

အမှတ်တရပါပဲဟာ........


Thursday, August 27, 2009

မောင့်ရဲ့ကျွန်မအတွက်လက်ဆောင်



ချစ်သောမောင်က ကျွန်မတို့ရဲ့ တစ်နှစ်ပြည့်အမှတ်တရအဖြစ် ပို့စကဒ်လေးတစ်ခုဖန်တီးပေးခဲ့ပါတယ်

ကျေးဇူးတင်ပါတယ်မောင်.........

ဒီကဒ်လေးမှာ မောင့်ရဲ့မေတ္တာတွေ အပြည့်ပျော်ဝင်နေတယ်လို့ ခံစားလိုက်ရရင်း ပီတိနဲ့ကြည်နူးနေမိပါတယ်။

ပို့စကဒ်လေးကို ကြည့်ရင်း ကျမခံစားနှစ်သက်မိတဲ့ မောင်နဲ့အတူ နားဆင်ချင်တဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။

နားဆင်ကြည့်ကြပါနော်.......






Monday, August 24, 2009

တစ်နှစ်ပြည့်တဲ့နေ့........ဒီနေ့

ကောင်းကင်မှာ တိမ်ကင်းစင်နေတဲ့ နံနက်ခင်းလေးတစ်ခုမှာ ချစ်သောသူနဲ့ စတင်ရင်းနှီးခဲ့ရပြီးတဲ့နောက် တစ်နှစ်အကြာမှာ ချစ်သူ့ရင်ခွင်ထဲ မှေးစက်ခွင့်ရခဲ့တယ်။
အဲဒီနေ့က သူ့ရဲ့စိုးရိမ်နေတဲ့ မျက်ဝန်းတစ်စုံဟာ ကိုယ်နဲ့ဆုံတဲ့အချိန်မှာ ရွှန်းစိုဝင်းလက်သွားတာ ထပ်တူညီမှု တခုကြောင့်ပါပဲ။

*အပျော်ရွှင်ရဆုံးအချိန်........
ချစ်သူ့လက်က ကိုယ့်ပုခုံးကို သိုင်းဖက်လိုက်တဲ့အချိန်

*အပျော်ရွှင်ရဆုံးအဖြစ်.........
ချစ်သူ့နှုတ်ခမ်းက အပြုံးနုနုတခု ကိုယ့်အတွက် ဖန်ဆင်းပေးလိုက်တဲ့အချိန်

*အပျော်ရွှင်ရဆုံးနေ့............
ချစ်သူ့ရင်ခွင်မှာ ကိုယ့်ပါးအပ်ကာ အိပ်စက်ခွင့် မှေးစက်ခွင့် ထာဝရအတွက် အစဖြစ်တဲ့ဒီနေ့ပေါ့။

*အမှတ်တရအဖြစ်ရဆုံး......
ချစ်သူပြောတဲ့ "အရမ်းချစ်တယ်..တုန်နေအောင်ချစ်တယ်" ဆိုတဲ့စကားနဲ့အတူ ကိုယ့်ကိုနူးညံ့စွာ ထွေးဖက်လိုက်တဲ့အဖြစ်။


****ချစ်သူရဲ့ တိကျသေသပ်တဲ့ ခိုင်မာပြတ်သားတဲ့ ကိုယ့်အပေါ်ထားတဲ့မေတ္တာကို အဆုံးမရှိခံစားခွင့်ရတဲ့ ဒီနေ့

****ကိုယ့်ခေါင်းလေးကို ချစ်သူ့လက်မောင်းလေးအထက် မှေးစက်ခွင့်ရတဲ့ ဒီနေ့

****စိုးစိတ်နဲ့အလွမ်းတွေ ကိုယ့်ရင်ထဲက အပြီးတိုင်ဆွဲထုတ်ခွင့်ရတဲ့ ဒီနေ့

****ကိုယ်အပျော်ရဆုံးနေ့လေးပေါ့။



ချစ်သူ့လက်ကလေးက ကိုယ့်လက်လေးနှစ်ဖက်ကိုဆွဲပွေ့လိုက်တဲ့အချိန် အရာရာဟာ နွေးထွေးလုံခြုံပြီး
ကိုယ့်အတွက်လှပသွားတယ်။

ယုံကြည်ချက်တွေ အားလုံး မျက်လုံးလေးမှိတ်ပြီး ခံစားလိုက်ရင် အထင်းသားပေါ်လာတာ ချစ်သူရဲ့ ကိုယ့်အတွက်
မေတ္တာတွေ ဒီနေ့ ညနေ နေဝင်မိုးချုပ်စအချိန်လေးမှာ ချစ်သူကို ကိုယ်ထာဝရပိုင်ဆိုင်ခွင့်ရခဲ့တယ်.........

ကိုယ့်ဘဝကို ချစ်သူ့ဘဝနဲ့ တထပ်တည်းကျစေနိုင်ခဲ့တဲ့ ဒီနေ့လေးမှာ ချစ်သူက ကိုယ့်ကို အမှတ်တရ တခုပေးမယ်တဲ့.....

ကိုယ်အခုတော့ ချစ်သူ့ဆီက တစုံတရာကိုတောင့်တစရာမလိုတော့လောက်အောင် ချစ်သူပေးတဲ့ ကိုယ့်အတွက်
အရာအားလုံး ပြည့်စုံပိုင်ဆိုင်နေရပြီ.........

ကိုယ်ပျော်ရွှင်နေတဲ့ ဒီနေ့လေးဟာ ကိုယ်နဲ့ချစ်သူ လက်တွဲဖြစ်ခဲ့တဲ့ တစ်နှစ်ပြည့်အမှတ်တရနေ့ပေါ့..........

ချစ်သူ..........
တဒင်္ဂစကား မမြင်ရ မကြားရပေမယ့်
ကိုယ့်မျက်ဝန်းက ဖတ်မိတဲ့ စာတစ်ကြောင်းက
ယုံကြည်မှုအပြည့်ခံစားလို့ရခဲ့တယ်.

ချစ်သူ........
တဒင်္ဂအလွမ်း မခံစားနိုင်ပေမယ့်
ကိုယ့်ချစ်အင်အား ကြင်နာမိတဲ့ မေတ္တာတွေက
ဆုံစည်းခွင့်ကို အပိုင်စားရခဲ့စေတယ်.

ချစ်သူ........
ဒီနေ့က အမှတ်တရနေ့
နောင် ဒီနေ့ပေါင်းများစွာ
ထာဝရအတွက် အပိုင်စားရဖို့
မေတ္တာချင်းထပ် စိတ်ချင်းအပ်လို့ အတူသွားစို့
ဘဝခရီး ကဗျာတစ်ပုဒ်လို ခပ်ချိုချိုပေါ့.




ကိုယ့်ဘဝလက်တွဲဖော်
ချစ်သူ..“မောင်” အတွက်
အမှတ်တရ
(၂၄ရက် သြဂုတ်လ ၂၀၀၉ ခုနှစ် ညနေ ၃း၄၀နာရီ)



Tuesday, August 18, 2009

ဂျူး ၏ သူမင်းကိုဘယ်တော့မှ


ကျမ ဘလော့ရဲ့ ပရိသတ်အတွက် မိတ်ဆွေတွေအတွက် ဂျူးရဲ့ “သူမင်းကိုဘယ်တော့မှ” ဆိုတဲ့ ဂျူးစာပေမှ နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်............

အောက်က လင့် မှာ ဒေါင်းလုပ် ရယူ ဖတ်ရှုနိုင်ပါတယ်။

ဂျူး၏ “သူမင်းကိုဘယ်တော့မှ” ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။

အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကျမ ဘလော့ကို လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။



Sunday, July 26, 2009

၅နှစ်ပြည့်သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်းအထူးထုတ်(အတွဲ၃၊အမှတ်၃)ထွက်ပြီ

၅နှစ်ပြည့် သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်း
အထူးထုတ်(အတွဲ၃၊အမှတ်၃)
ကို ယနေ့
၂၆ရက်,ဇူလိုင်လတွင်ထွက်ပါပြီ။
အထူးထုတ် အမှာစာအောက်တွင် ၅နှစ်ပြည့်
ကျေးဇူးတင်လွှာအဖြစ် ဤသို့ဖော်ပြထားသည်။

“၅ နှစ်ပြည့် ကျေးဇူးတင်လွှာ”
“ကျွန်တော်တို့အတွက် ရုပ်ပြောင် ထိပ်ပြောင်
ပုံများ ဆွဲပေးသော ကာတွန်း ပန်းချီဆရာ
KNT၊ ဒီဇိုင်းများကို မညည်းမညူ ရေးဆွဲ
ပေးသော ကိုဖြိုး၊ရင်ဘတ်ချင်းတူစွာ စီး
ဆင်းခဲ့သော စာရေးသူများ၊ မိတ်ဆွေသူ
ငယ်ချင်းများနှင့် ငါးနှစ်ပြည့်အထိ အစဉ်တစိုက် အားပေးလာကြသော ပရိတ်သတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်သည့် ပုဂ္ဂိုလ်များအားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများက ကျေးဇူးတင်ရှိပါသည်..။”
ဟူ၍ ဖော်ပြထားပါတယ်....

ထို့အပြင် သံလွင်အိမ်မက်တွင် ရေးသားခဲ့ကြ
သော “ကလောင်ရှင်တို့ရဲ့ အမှတ်တရစကား
လေးများ”
ကိုလည်းဖော်ပြထားပါတယ်။

ငါးနှစ်ပြည့်အထူးထုတ်ဖြစ်တဲ့ သံလွင်အိမ်မက်
အင်တာနက်မဂ္ဂဇင်း(အတွဲ-၃၊ အမှတ်-၃) မှာ ကျမ ရေးသားတဲ့"ပေးဆပ်သူများ" ဆိုတဲ့
ဝတ္ထုတိုလေး ရွေးချယ်ဖော်ပြခြင်းခံရတဲ့
အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်.....
ကျမရဲ့ မိတ်ဆွေများအားလုံးလည်း ကျမရဲ့ခံစားချက်စာမူလေးကို မျှဝေခံစားဝေဖန်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေနော်....

“ပေးဆပ်သူများ”

ခပ်ဝေးဝေးကို ကြည့်လိုက်တော့ အုန်းပင်တန်း
နဲ့ဒီရေတောတွေက ဟိုနားဒီနား အစုလိုက်ပေါ့
ခေတ်ကို ကျောခိုင်းထားရတဲ့ ဒီဒေသလေးကို
ကျွန်မ ခြေချဖို့ ဆုံးဖြတ်လိုက်ကတည်းက အ
ခြေအနေအားလုံးကို လက်သင့်ခံမယ်ဆိုတဲ့
စိတ်လေးနဲ့ပါ။ ခေတ်မီတဲ့ အသိုင်းအဝိုင်းတစ်
ခုက သွေးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာမို့
ကျွန်မကတော့ ခေတ်မီအသုံးအဆောင်တွေ
ကို သိပ်ခုံမင်နှစ်သက်သူ တစ်ယောက်။ အထူး
သဖြင့် အခုလို ပင်လယ်ကမ်းခြေ ရွာငယ်တခုမှာ သူတို့ဓလေ့အတိုင်း နေထိုင်နိုင်ဖို့အတွက် သိပ်ကိုခက်ခဲမယ့်သူအဖြစ် အများအမြင်မှာ ထင်မြင်ယူဆခံရမယ့်သူဖြစ်တဲ့ ကျွန်မ၊ ဒီဒေသကို တွဲဖက်မူလတန်းကျောင်းဆရာမလေးအဖြစ် ခြေချမိစေဖို့ အဓိကအကြောင်းကတော့.......<<ဆက်ဖတ်ရန်>>




အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီး(သခင်ကိုယ်တော်မှိုင်း)

သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်း ကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

သြော် တပည့်ရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်းဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။


(မှတ်ချက် - ၁၉၆၉ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ထုတ်ဝေသော အောင်သန်း၏အောင်ဆန်း စာအုပ်မှ သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီးကို မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

ဝန်ခံချက်......မိုးမခ ဆိုဒ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ရှင်....



Saturday, July 18, 2009

၁၉ ဂျူလိုင် မမေ့နိုင် ခြောက်ဆယ့်နှစ် နှစ်တိုင်


မိုးဖွဲဖွဲရွာနေတဲ့ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ နံနက် ၁၀း၃၇ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ
အာဇာနည်ကိုးဦးလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်ကို ကျမမေမေက ကျမငယ်စဉ်ကလေးဘဝမှာ အာဇာနည်နေ့
ရောက်တိုင်း ပုံပြင်တစ်ပုဒ်လို တတွတ်တွတ်ပြောပြခဲ့တာပါ။ ကျမလည်း ငယ်ငယ်ကတည်းက မေမေ့ကျေးဇူး
ကြောင့်အာဇာနည်နေ့အကြောင်းသိခွင့်ခံစားခွင့်ရခဲ့တာယနေ့ထက်တိုင်ပါ။ ငယ်စဉ်ကာလက အာဇာနည်နေ့
ရောက်တိုင်း မြန်မာ့အသံရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အသံလွှင့်ပေးတတ်တယ်.....။
ဒါ့အပြင် အာဇာနည်နေ့မှာ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့ နံနက်၁၀နာရီ ၃၇ မိနစ် ရောက်တိုင်း ဥသြဆွဲပြီး ဝမ်းနည်း
ခြင်းအထိမ်းအမှတ်နဲ့ တစ်မိနစ်ငြိမ်သက်နေကြရတာလည်း မှတ်မှတ်ရရပါပဲ။
ယနေ့အချိန်ခါမှာတော့ ကျမတို့ရဲ့မျိုးဆက်သစ်တွေအားလုံးထဲက အများစုဟာ အာဇာနည်နေ့သမိုင်းကို
မသိကြတော့ သလိုအာဇာနည်နေ့အမှတ်တရအခမ်းအနားတွေကျင်းပတာကိုလည်း မတွေ့မမြင်ကြရတော့
တာမို့ အာဇာနည်နေ့ အကြောင်းကိုကျမတို့လူကြီးများကနေတဆင့် လက်လှမ်းမီရာ မျိုးဆက်သစ်လူငယ်
လေးတွေကိုဖြန့်ဝေပေးကြရမယ်လို့ မြင်ပါတယ်.
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်သူရဲကောင်းများအား ကောင်းရာ
သုဂတိ လားပါစေကြောင်း....ဆုမွန်ကောင်းတောင်းရင်း ဗိုလ်ချုပ်တို့မျှော်မှန်းတဲ့ စစ်မှန်တဲ့လွတ်လပ်ရေးအရ
သာကိုပြည်သူအားလုံး ရရှိခံစားစံစားနိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်....



Thursday, July 02, 2009

ချစ်သူ့မျက်နှာ


ရင်ခွင်တံခါးလေးဖွင့်ပေးထားတယ်
ဘယ်သူပြောပြော ယုံကြည်မိတဲ့ကိုယ့်မှာ
ထာဝရစကား အချိန်ပြည့်ကြားချင်နေတော့
တီတီတာတာအမူပိုချွဲ........

ချစ်သူ့မျက်နှာရွှင်ပြနေအောင်
အမြဲသရုပ်ဆောင်နေမှ
သူ့စကားချိုချို ဖိတ်စင်ကျမလားရယ်လို့
တွေးမိတဲ့နောက် ကိုယ်အပြုံးတွေနောက်က
တတွတ်တွတ်ချစ်စကားလေး
သူနားခါးသွားလေသလား.....

အရိပ်တကြည့်ကြည့်နဲ့
လငပုပ်ဖမ်းမယ့်နေ့ကို ရင်ထိတ်ခါလွဲစေကြောင်း
ဆုမွန်ကောင်းလေးတောင်းရင်း
အချိန်တန်အိမ်ပြန်လာတဲ့ ချစ်သူ့မျက်နှာလေးကို
မျှော်လင့်ရင်းနဲ့.....

အတွေးတွေတိမ်နဲ့အတူလွင့်
အချစ်တွေ ရင်နဲ့ထပ်တူ ချစ်သူ့အတွက်သိမ်းဆည်းထားရင်း
အခုတော့ ကိုယ်တစ်ယောက်တည်း
လမ်းမပေါ်က ကတ္တရာခင်းမှာ
ငါချစ်တဲ့ ချစ်သူ့မျက်နှာ......




Thursday, June 04, 2009

မြန်မာစာအုပ်များ


http://shweone.wordpress.com/
*Right Click နှိပ်ပြီး Save လုပ်ပြီးဖွင့်ပါ။ ပိုမိုမြန်ဆန် လွယ်ကူပါသည်။*

ဆရာအောင်ခန့်
1.အနာဂတ်မျက်လုံးရှင်
2. ကာလီဒေ၀ီ
3. လက်သုံးတော်ဓါး
4. နေဘုရားတော်

ဆရာအောင်သင်း
5. အမွေ
6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ

ဆရာချစ်နိုင်(စိတ်ပညာ)
7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ
8. အနှစ်၃၀

ဆရာချစ်ငယ်
9. သိပ္ပံမှသည် သစ္စာဆီသို.

ဆရာချစ်ဦးညို
10. မဟာသေနာပတိ
11. လင်္ကာဒီပချစ်သူ
209. အစီရ၀တီ ကုဏ္ဍလကေသာ
210. ချစ်သူမင်းနန္ဒာ
211. စာမရီတို့ထူးထူးခြား
212. ယာဇ
213. မလေးမဏိစန္ဒာရဲ့နှောင်း

ဆရာကိုတာ
12. တွေးသူများ

ဒဂုန်ရွှေမျှား
13. ငယ်ကချစ်အနှစ်တစ်ရာ
14. စောရသက်ပြင်း
15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ
16. စိတ်ပြောင်းကိုခွာ
17. ထမင်းလုံး တစ္ဆေ
18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း
19. ၀ိညာဉ်၏ အရိပ်
20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက်
21. လက်မတင်ကလေး
22. သူယောင်ရုပ်
23. ကမ္ဘာကို ကိုင်လှုပ်သူ
24. ငယ်ကချစ် အနှစ်တစ်ရာ
205. အီဂျစ်ဘုရင်မာယာရှင်
206. ထောင်မင်းသားဦးဘိုးတော်
207. ကမ္ပလာနီအောက်ဝယ်
208. ကျွန်မင်းသား
224. ရော်ဘင်ဆင်ကရူးဆိုး

ချစ်စံဝင်း
25. ရှက်ပြုံး

ကျော်လှိုင်ဦး
26. မျက်ရည်စများနှင့်ရယ်သံ

ကျော်ငြိမ်း
27. ရဲဘော်သုံးကျိပ်

ကျော်ဝင်း
28. တော်ဖလာနှင့်စကားစမြည်

လင်းဝေမြိုင်
29. တော

လွန်းထားထား
30. မာန၏နောက်ဆွဲတွဲများ

ဇင်သန့်
31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး
32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂
33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃

ညီသစ်
34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

ပါရဂူ
35. သူတို.အမြင်သူတို.အတွေး
36. ကလေးပြဿနာ
37. သူ.လိုဘုရင်

ဖေမြင့်
38. လူသုံးကုန်ပစ္စည်းရောင်းသူများ

ဖိုးကျော့
39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး
40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ
41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ

တက္ကသိုလ် ဘုန်းနိုင်
42. ညီမလေးရယ်စိုးရိမ်မိတယ်
43. တန်းခူးလေနှင့်လျော့တော့သည်
44. ၀သန်လေချိန်မှန်ကူး

ဖိုးဝမောင်
45. ခေါင်းနှင့်ပန်း
46. အေးချမ်းစေသော စကားလုံးလေးများ

ဆန်းလွင်
47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ
48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ

စံ-ဇာဏီဘို
49. အချစ် လက္ခဏာ
50. အချစ် ဗေဒင်

ဆောင်းဝင်းလတ်
51. မီးပြတိုက်
52. နံနက် ၃နာရီ
53. ဆူးကလေးစူးတယ် ခူးမယ်

ဝင်းငြိမ်း
54. အမှတ်တရရွှေ ၆၀

ရှား
55. အဖော်

ရွှေဥဒေါင်း
56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ
57. မြတ်သက်မော်
58. ခေါင်းတုံးပေါ်ထိပ်ကွက်
59. ရတနာပုံ
60. ခရီးထွက်ရန်စီစဉ်ကြခြင်း

စိုးမြတ်သူဇာ
61. အနားသတ်သစ္စာ

ဆွေမင်း၊ ဓနုဖြူ
62. ဘ၀တစ်ခုအမှတ်တရ

ဆွေဆွေအောင်
63. လူညာကြီး
64. လွယ်အိပ်ကလေး

တာရာမင်းဝေ
65. အရှေ.မြို.ရိုးမှ မိုးရေစက်များ
66. မှော်ဆရာရဲ.ကျောင်းစာအုပ်
67. ကောင်းကင်အကြွေကောက်တဲ့လက်
68. ရွှေဖိနပ်မှာအစိမ်းရောင်
69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း
70. ကိုးမရှိတဲ့ န၀င်း
71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း
72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ
73. ပြိုင်မြင်းတို.ရဲ့ခွာသံ
74. ကျွန်တော်နှင့်ဧဒင်ကချေသည်
75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်

သန်းဆွေ
77. ချစ်သုံးလီ

သော်တာဆွေ
78. ကျွန်တော့်ဘ၀အကြောင်း
79. ဘရန်ဒီတစ်ပုလင်း
80. ကျောက်ဖြုံးကျော်ကြီး

သိန်းဖေမြင့်
81. အရှေ.ကနေ၀န်းထွက်သည့်ပမာ

သုမောင်
82. မျိုးရိုးထဲမှ ဆိုးပေကြီးများ

သုသုက
83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ

84. သုခ မှတ်စု

ဦးလှဝင်း
85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ
86. ရွှေဘုံသာ လမ်းပေါ်မှာ

ဦးနု
87. အာဇာနည်
88. တာတေ စနေသား

ဦးရွှေအောင်
89. ဘ၀အကျဉ်းသား
90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ

ဒေါက်တာသီဟ
91. HIV မှတ်စုများ ၂၀၀၄

ဒေါက်တာသန်းထွန်း
92. ငါပြောချင်သမျှငါ့ကြောင်း

ဗိုလ်ချုပ်အောင်ဆန်း
93. ကဗျာများ

ဦးဘသန်း
94. ယောနသံ ဇင်ယော်
95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ

မောင်ထင်
96. ကိုဒေါင်း

ကြည်သာ
97. ရေဘုရင်မြေပြင်မှာတော့

ဂျာနယ်ကျော် မမလေး
98. သွေး

မန်းတင်
99. ဂျုလိယက်ဆီဆာ

ဝင်းသိန်းဦး
100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ

ငြိမ်းအေးအိမ်
101. ငှက်တွေ ဆောင်းမခိုမီ

ဦးနု
102. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က
103. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ

သိပ္ပံမောင်ဝ
104. အဟိတ်- - - ၀တ္တုဇာတ်လမ်းများ

နတ်နွယ်
105. ရတနာ လိုဏ်ဂူ
106. အတွေးအမြင်စာစဉ်

ဝင်းဝင်းမြင့်
107. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ

ဇော်ဂျီ
108. ဗေဒါလမ်း

ဇော်ဇော်အောင်
109. ဝေေ၀ရီရီ ၀တ္တု

ဒဂုန်တာရာ
110. မြိုင်

မစန္ဒာ
111. စက်ဝိုင်း
112. ငယ်သူမို.မသိပါ
113. ငြိုးမာန်ဖွဲ့သူရယ်
114. ဂျီဟောသူ
115. အရိပ်
116. ၀တ္တုတိုများ ၆
117. ပုစ္ဆာ

မောင်အံ့
118. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်

မှော်ပီဆရာသိန်းကြီး
119. ပါးစပ်ရာဇ၀င်


မောင်ထင်
120. ကိုဒေါင်း
121. မြန်မာ၁၂လအကြောင်း

မောင်ကောင်းထိုက်
122. ဟာသများလက်ရွေးစင်
123. ဟာသများလက်ရွေးစင် ၂

124. ဟာသများလက်ရွေးစင် ၁၄

မောင်ပေါ်ထွန်း
125. သေပြေးရှင်ပြေး

မောင်စူးစမ်း
126. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး

ဒေါက်တာအောင်ကျော်
127. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ

အီကြာကွေး
128. တွေ.ရကြုံရ ရှတတလေးတွေ

မိုးမိုး အင်းလျား
129. မီးရောင်အောက်ကိုဝင်လျှင်
225. မှ တစ်ဆင့်
226. ဖြူမှောင်ဝေကင်း
227. ပျောက်သောလမ်းမှာ စမ်းတ၀ါး
228. စိန်တစ်ပွင့်
229. သိက္ခာရှိတဲ့ မုန့်ဟင်းခါး
230. ဝေဒနာ ကြာနီပွင့်

မိုးနီလွင်
130. ဖြတ်သန်းသွားလာခွင့်မရှိ

မင်းသိင်္ခ
131. ပေတလူ
132. ၀တ္တုတိုပေါင်းချုပ်
133. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း
134. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း
135. မ" တတ်ပါ့"
136. မအောင်ရင်
137. မနောမယကိုပီတာ

မြင့်သန်း
138. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ

နန္ဒာသိန်းဇံ
139. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ

နေ၀င်းမြင့်
140. အိုင်ဒီယာ အက်ဆေးများ

နီကိုရဲ
141. နှလုံးသားထဲကြွက်ဝင်နေသည်
142. ကျွန်တော်နှင့်လက်တွဲဖေါ်များ
143. ကျွန်တော်နှင့်ဈေးသည်အလွဲများ
144. တစ်သုံးခုနှစ်ရှစ်
145. လှည့်စား
146. သံစုံကြူးတဲ့ည
147. လွယ်အိတ်ထဲကအလွဲများ
148. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ
149. ဇွတ်
150. ဇက်ပေါ်ကဆီးသီး

မြသန်းတင့်
151. ရေပွက်ပမာ
153. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ

နွမ်ဂျာသိုင်း
154. လွမ်းလေကညင်း
155. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ်

မစန္ဒာ
156. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ
232. ကွက်လပ်ကလေးဖြည့်ပေးပါ
233. ပန်းစကား

သိပ္ပံမောင်ဝ
157. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း

ဒေါက်တာဝါလ်ပိုလာ
158. မြတ်ဗုဒ္ဓ ဒေသနာ

ချစ်စံဝင်း
159. အမေနဲ့အမေ့အကြောင်း

မင်းလူ
160. ဖူးစာရှင်

ဂျူး
161. အမှတ်တရ
162. ချစ်သူ၏သမီး
163. ရေမျောသီး
164. လေထဲမှာပျံဝဲသူများ
165. ကမ္ဘာမြေရဲ့ချစ်သူ
166. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
167. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
168. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့
169. လရောင်ကိုကြောက်သူ
170. ချစ်ခြင်း၏အနုပညာ
171. မိန်းမနှစ်ယောက်
172. မြရဲ့လ
173. အက်ဆစ်တစ်ခွက်
174. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
175. ကျွန်မနဲ့ဆေးလိပ်
176. ဆရာဝန်နှစ်ယောက်
177. ကြယ်ကြွေတို့ရဲ့အတောင်ပံ
178. ကမ္ဘာမြေရဲ့ချစ်သူ
184. ပင်လယ်နှင့်တူသောမိန်းမများ
231. လရဲ့အောက်ဘက်မိုင်အဝေးမှာ

ချစ်ဦးညို
179. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း


လူထုစိန်ဝင်း
180. ရှက်စိတ်

ဂျာနယ်ကျော် မမလေး
181. အဖြူ

လွန်ထားထား
182. အတောင်ပံတွေရှိခဲ့ရင်

တာရာမင်းဝေ
183. ရှူး

ကြည်အေး
185. အပြင်ကလူ
186. နွမ်းလျအိမ်ပြန်

ရဝေနွယ်-အင်းမ
187. ကံကိုပြင်လိုက်ပါ

ကံချွန်
188. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း

ဝေမှူးသွင်
189. သစ်ရွက်တို့၏ပေါ့ဆခြင်းများ
190. စက္ကူပန်းတွေရဲ့သီချင်း
191. နဂါးနိုင်ဓါး


မင်းခိုက်စိုးစန်
192. စိုမှာစိုးလို့မိုးမိတယ်
193. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး
194. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည
195. ကလေးအတွေး
196. သုည

အရှင်ဆန္ဒာဓိက
197. နှလုံးသားမိတ္တူ
198. လူပျိုဘုရားလုံးဝမရှိ

တာရာမင်းဝေ
199. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်

နိုင်ဝင်းဆွေ
200. မဟူရာမေတ္တာ

ဂျာနယ်ကျော်မမလေး
201. မုန်း၍မဟူ

ဝင်းဦး
202. မိန်းမလှအမုန်း

ရန်ကုန်ဘဆွေ
203. ရွှေဝါပြည်


ပုညခင်
204. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု

အကြည်တော်
214. စွယ်စုံလက်ဆောင်
215. မိုးတိမ်ပုံပြင်
216. ဘီလူး
218. အိုင်အိုဒင်းကိုကိုကြီးနှင့်
219. ပိုးကောင်များ
220. တောသားကြီး
221. သံသရာအကွေ့တစ်ရာ
222. သဲလှည်း
223. အိပ်မက်အပိုဒ်ခွဲ၉
234. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်
235. နတ်နေကိုင်း
236. နတ်ပြည်၏နံနက်ခင်း

ဦးဘရင်
237. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ

ရဲစတိုင်း
238. ပြုံးပြီးမှရယ်





Monday, May 25, 2009

မေ

ရက်စက်တဲ့စကား
မင်းနှုတ်ဖျားကမထွက်ကျဖူးခဲ့တာတောင်
တစုံတယောက်ကတော့
မင်းကိုမျက်မုန်းကျိုးနေတယ်နော်......

ဥပက္ခာအနန္တနဲ့
မင်းလမ်းကိုယုံကြည်စွာဆက်လျှောက်နေတုန်း
တယောက်သောသူကတော့
မင်းကိုခြေထိုးခံနေသေးတယ်.........

အပြောင်းလဲများစွာနဲ့
သက်တံထက်လှတဲ့အိပ်မက်ကို
မင်းဖန်ဆင်းပေးမယ့်အချိန် ငါငံ့လင့်နေဆဲ.......

အခုတော့
မင်းယုံကြည်ရာကိုလှောင်ချိုင့်ထဲမှာအသက်ဝင်နေစေတုန်း.....
ငါလည်းမင်းကိုမျှော်လင့်နေဆဲမို့
အမြဲတမ်းတော့
ဆုတောင်းပေးနေတာ
ကောင်းရာကောင်းကြောင်းတစုံတရာကိုပေါ့.........

အထူးသဖြင့်
မင်းယုံကြည်ရာ ငါတောင့်တရာ အိပ်မက်ကို
ငါတို့အားလုံး ဖန်တီးအသက်ဝင်စေဖို့
ငါဆန္ဒရှိတယ်
မေ.........



Monday, May 18, 2009

ရပ်လိုက်တော့


လှောင်ရိပ်တခုအောက်
မင်းအပြုံးမျက်နှာက မပီမသနဲ့
ပေးဆပ်မှုတွေက ဗရပွ
ဘယ်အချိန်ထိ ဘယ်လိုအကြောင်းတွေနဲ့
မင်းအမုန်းတွေက ရှင်သန်နေမလဲ
ငါသိချင်တယ်တော့မဟုတ်ပါဘူး........

ဒါပေမယ့်
အခါခါ ရင်နာရအောင်
မင်းရဲ့ အာဃာတတွေအောက် ဝပ်စင်းနေရတာ
ငါ တကယ် ကြေကွဲရတယ်
ငါတယောက်တည်းတင်မဟုတ်ပါဘူး
နင့်အမုန်းအောက် အသက်ပျောက်သူတွေ
ဘဝပျောက်သူတွေ အများအပြားပဲ.....

အခုထိတော့
မင်းစရိုက်တွေနဲ့ မင်းအကျင့်ဆိုးဆိုးအောက်မှာ
ဖြူစင်သူတွေပေးဆပ်နေရတုန်းပဲ.....

မင်းကတော့ မိန့်မိန့်ကြီးပြုံးပြီး
ကောက်ကျစ်တဲ့အမုန်းတွေနဲ့
အားလုံးကို နှောင့်ယှက်ဆဲပဲ...

ငါ့ရင်တွင်းဆန္ဒကို
လှစ်ဟပြရရင်တော့
မင်းအပြုအမူအားလုံးကို
ဖြူစင်ခြင်းမှတ်တိုင်မှာ
အခု
ရပ်လိုက်တော့........




Tuesday, May 12, 2009

ပုံရိပ်တစ်ခုသို့

အတိတ်ပြန်မြင်
ဆွေးရိပ်ထင်သည်
မျှော်လျှင်မောမည့်ချစ်ခြင်းတည်း.........




Saturday, May 09, 2009

ချစ်သူ့နောက်ကွယ်


မပြောပါရစေနဲ့ချစ်သူ
တိမ်တွေသာ
အမှောင်မဖုံးခဲ့ရင်
လမင်းကြီးသာတဲ့
ဟောသလိုလပြည့်ညမှာ
ဒို့မင်းကျောပြင်နောက် ပါးအပ်ကာနေခဲ့မှာပေါ့.......

အခုတော့
တိမ်တွေဖုံးတဲ့
ဒီကဆုန်လပြည့်ညမှာ
မင်းဘယ်မှာလဲဆိုတာ ဒို့မသိချင်တော့ဘူးလေ...

မင်းမလဲ
ဒို့ပါးအပ်ထားတတ်တဲ့
ကျောပြင်လေးကို
ဘယ်သူ့င်္ဆီပုံအပ်ထားပြန်ပြီလဲ ရှိစေတော့ပေါ့.....

ဒို့လေ
မင်းကျောပြင်ရဲ့နောက်ပါး
တိတ်တခိုးနမ်းရှိုက်မိနေဖူးတဲ့
မင်းကိုယ်နံ့သင်းသင်းလေးကို အခုထိအမှတ်တရရှိဆဲပဲ......

တခါတလေမှာတော့
ဒို့ချစ်သူ
မင်းကျောပြင်ရဲ့နောက်ကွယ်က
မင်းမကြားနိုင်တဲ့
ဒို့ရဲ့ရင်ခုန်သံစကားလုံးတွေကို
တိမ်နောက်ကလမင်းကြီးလို
မင်းအငမ်းမရတမ်းတတောင့်တနေမယ်ဆို
အပျော်ဆုံးပုံရိပ်တွေနဲ့ ဒို့မင်းကိုစောင့်နေမှာအသေအချာပဲ......

အဝေးကိုမငေးတော့ဘူး
ဒို့
ပြာမှိုင်းမှိုင်းမည်းမှောင်နေတဲ့
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ကြယ်တစ်လုံး မှမရှိဘူး
ဒို့ရဲ့လမင်းကြီးအတွက်လေ.......



Friday, May 01, 2009

Sunday, April 26, 2009

အထီးကျန်ခံစားမှုများ


အတွေးလိပ်ကာကိုလှစ်တော့
တိမ်ခိုးလိုအတွေးတွေ.....
ဟိုတစုဒီတစုပေါ့..

သေချာစူးစိုက်လိုက်ရင်
တိမ်ခိုးလိုအတွေးကပျောက်သွားတော့
မချိတင်ကဲတွေဝေမိ.......

သေချာတဲ့နိယာမတွေကြား
ငါဗျာမများချင်ဘူး
တနေ့မှာပေါ့
ငါလေလွင့်နေတိမ်ခိုးလို
တနေရာကနေတနေရာကို....

ခပ်ဝေးဝေးအထိပေါ့
စိတ်ကိုရွက်လွှင့်မယ်
အထီးကျန်စွာပဲလေ... ......




Friday, April 24, 2009

အမုန်းစစ်


ဒီလှိုင်းနဲ့တူတဲ့တံပိုး
အဖြူရောင်ခေါင်းတွေနဲ့ပေါ့.....
သေချာကြည့်တော့မျက်ဝန်းတစုံက
ထွက်ကျလာတဲ့တစုံတရာပါလား...

ထာဝရစိုးမိုးသူ
တဒင်္ဂကျေနပ်ရာ ရှုစိမ့်လား
ကျေနပ်လိုက်ပါတယ်
အမုန်းစစ်စစ်ဆိုလဲ
လက်ခံမယ်အမြဲချစ်တဲ့သူမို့
သိပ်ချစ်တဲ့မေတ္တာတွေနဲ့
မင်းအမုန်းကိုမုဒိတာပွားမယ်.....

မှတ်ထားစေချင်တာ
မင်းပေးမှာ
ငါ့အတွက်အမုန်းစစ်ဖြစ်ဖို့သာ....


Tuesday, April 21, 2009

သံလွင်အိပ်မက်က ပိတောက်တစ္ဆေ


သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း၊အတွဲ(၃)၊အမှတ် ၂ ထွက်ရှိပါပြီ....

ဒီနေ့ကျွန်မ အီးမေးလ်စစ်တော့ သံလွင်အဖွဲ့ရဲ့ စာလေး
တစ်စောင်ဖတ်ရအပြီးမှာစာတွေဆက်ရေးဖို့ အင်အားလေးတွေ ပိုရှိလာခဲ့ပါတယ်.....

ဘာလို့လဲဆိုတော့ ကျွန်မပို့ထားတဲ့ ပိတောက်တစ္ဆေ ဆိုတဲ့ဝတ္ထုလေးပါလာလို့ပါ။
သိပ်ပျော်ခဲ့ပါတယ်ရှင်.....

ရသအစုံ ဗဟုသုတများစွာ ပေးစွမ်းနိုင်တဲ့ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း ဧပြီလထုတ်ကိုဖတ်ရှုရင်း ကျွန်မရဲ့ ပိတောက်တစ္ဆေကို ဒီမှာဝင်ပြီး ဖတ်ကြည့်ပါနော်......

စာရေးသူတယောက်အနေနဲ့ ဝါသနာရှင်ဖြစ်တဲ့အားလျော်စွာ လိုအပ်တာတွေကို
ဝေဖန်ခံစားထောက်ပြပေးကြပါလို့ သူငယ်ချင်းများအားလုံးကို ဖိတ်ခေါ်တောင်းဆို
ပါရစေ....




Monday, April 20, 2009

မေလှတဲ့ညလေးတည


ကောင်းကင်မှာကြယ်တွေမစုံဘူး......မီးရှူးပန်းလဲမရှိပါဘူး.....
အပြင်ကမ္ဘာတခုလုံးကိုရင်သပ်ရှုမောဖွယ်ကြည့်တော့ အမှောင်အတိနဲ့
လေညှင်းနုနုလေးတိုက်နေလေရဲ့....

ဒီညပေါ့...
ကျွန်တော့်ချစ်သူမေလေးကိုတွေ့ရမယ့်ညလေ......
နှစ်ဆန်းတစ်ရက်နေ့ရဲ့ညခင်းလေးမှာ ကြည်နူးဖွယ်အတိပြီးတဲ့ခံစားရင်ခုန်ခြင်းတွေနဲ့ အတိတ်ကိုပြန်တွေးရင်း တကိုယ်တည်းပြုံးနေမိတယ်..

သိပ်ချစ်တဲ့ချစ်သူနှစ်ဦးအဖြစ် မေလေးကို ကျွန်တော့်ဘဝထဲဆွဲသွင်းခဲ့တဲ့ မြှားနတ်မောင်ကိုလဲ ကျေးဇူးတင်ရင်းပေါ့..

အတိတ်ကဗျာ....

ကျွန်တော့်ဘဝရှင်းရှင်းလေးထဲမှာ အချစ်အတွက် နေရာက ကွက်လပ်လိုဟာတာပေါ့...
ဘာမှခံစားချက်မရှိသေးတဲ့ အချစ်အတွက် အကန့်ထဲကို တစုံတရာနဲ့တောင်
ပစ်ပေါက်ထိတွေ့ခွင့်မပေးနိုင်လောက်အောင် ကျွန်တော်ကအချစ်ကို
တန်ဖိုးထားခဲ့တာပါ....

အထူးသဖြင့် အရာရာတိုင်းမှာ အမှားနည်းအောင် အပြစ်ပြောမခံရအောင်နေရင်း
ဘဝကိုအောင်မြင်အောင် မနားမနေကြိုးစားရင်း အချိန်တွေကိုကုန်ဆုံးစေခဲ့တဲ့
ကျွန်တော့်ဘဝမှာ အချစ်ဆိုတာ ဖျော်ဖြေရေးတခုအနေနဲ့ သဘောမထားနိုင်ခဲ့တာ
အမှန်ပါ....

အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင်ရောက်လာတဲ့ကျွန်တော့်အတွက်
တည်ငြိမ်တဲ့ဘဝလေးတစ်ခု ထူထောင်ချင်ခဲ့တာလဲ မဆန်းတဲ့ဆန္ဒတစ်ခုပေါ့နော်..
.သိပ်ထူးခြားလှတဲ့ အသိအတွေ့တွေကိုတော့မမျှော်လင့်ပါဘူး...

ရိုးစင်းတဲ့ အေးချမ်းမှုတခုကိုပဲ လိုချင်ခဲ့တာမို့ ကျွန်တော့်အတွက် သေသပ်ငြိမ်း
အေးတဲ့ကဗျာမလေးကို တောင့်တနေမိပေမယ့် တကူးတကမရှာဖြစ်ပါဘူး....

အချစ်ကိုကံကြမ္မာအပေါ် ဝကွက် အပ်ထားတာလဲမဟုတ်ပါဘူး။

ဒီလိုနဲ့ မြှားနတ်မောင်လေးကိုကျေးဇူးတင်ရမယ့်နေ့ကိုရောက်လာပါတော့တယ်.......

အဲဒီတနေ့က သင်္ကြန်အပြီးနှစ်ဆန်းတစ်ရက်နေ့ပေါ့...ကျွန်တော့်အလုပ်ခန်းထဲမှာ
အင်တာနက်နဲ့ အလုပ်ရှုပ်နေတုန်းပေါ့.....

ကျွန်တော်က ဝက်ဘ်ပရိုဂမ်မာတစ်ယောက်ပါ...မန္တလေးမှာနေပါတယ်....တနေ့တနေ့
ကွန်ပျူတာတလုံးနဲ့ စာအုပ်ပုံကြားမှာ အလုပ်ရှုပ်နေတတ်တဲ့လူမသိသူမသိတယောက်
ပေါ့.....

မိဘနှစ်ပါးမရှိတော့တဲ့နောက် ချန်ထားပေးတဲ့ဘဏ်တိုးနဲ့ စည်းကမ်းတကျနေထိုင်နေတဲ့
လူငယ်တယောက်၊ တကောင်ကြွက်လေးပေါ့.....

ကျွန်တော့်သူငယ်ချင်းများစွာဟာ နိုင်ငံရပ်ခြားတွေမှာ ပညာသင်နေသူတွေ၊
အလုပ်လုပ်နေကြသူတွေဖြစ်တာမို့ ကျွန်တော်တယောက်တည်း ပြည်တွင်းမှာ
ကျန်ရစ်ခဲ့တာမို့ သူတို့နဲ့အင်တာနက်အွန်လိုင်းက တဆင့်နေတိုင်း တွေ့ဖြစ်နေတာပါ။

အဲဒီနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့.....သူငယ်ချင်းတွေနဲ့တွေ့ဖို့ ကျွန်တော်တို့
ဆုံးဆည်းရာဆိုဒ်လေးတခုကိုရောက်တုန်းဘော်ဒါတွေမတွေ့သေးတာနဲ့
ဟိုဟိုဒီဒီမိတ်ဆက်ဖို့ကြည့်တော့ အတာမေ ဆိုတဲ့ ကဗျာဆန်ဆန်ပုံရိပ်ပိုင်ရှင်
လေးကို တွေ့လိုက်ရတော့တာပါ.....

သူမလေးရဲ့ မက်ဆေ့ခ်ျကလဲဆန်းတယ်.....ဘာတဲ့။

"I'm searching my final mind, if u can, please!" ဆိုပါလား.......
အဓိပ္ပါယ်ကတမျိုးမို့ စိတ်ဝင်စားသွားတယ်။

သူမပုံစံကလဲ အပြုံးချိုချိုနဲ့ နီစွေးနေတဲ့နှုတ်ခမ်းကလဲ ရေစိုပုဝါစလေးကို
ကိုက်ထားသေးတယ်.....
မျက်မှန်အနက်ကြီးနောက်ကွယ်က သူမမျက်ဝန်းကဘယ်လိုလဲပေါ့.......သိချင်လာတယ်။

သူမကအွန်လိုင်းမှာရှိနေသူဖြစ်နေတာနဲ့ ကျွန်တော်ကလှမ်းပြီးမိတ်ဆက်လိုက်တယ်.....
ခဏလေးပါပဲ.....သူမက ကျွန်တော့်ချက်ဘောက်စ်ထဲဝင်လာတယ်.........

မင်္ဂလာနှစ်သစ်အဖြစ် အပြန်အလှန်ဆုတောင်းဖြစ်တယ်.......မိတ်ဆက်ကြတယ်......
အရွှတ်အနောက်တွေပြောရင်း ကျွန်တော့်အချိန်တွေကို ကုန်ဆုံးမှန်းမသိကုန်ဆုံး
စေခဲ့တယ်.......
ပျော်ခဲ့တယ်ဗျာ... ဒီလိုနဲ့ အတာမေ နဲ့ ကျွန်တော် အီးမေးလ်လိပ်စာချင်းလဲ၊ အသိတွေ
ဖြစ်ပေါ့.....
အွန်လိုင်းမှာလဲ အချိန်တိုင်းလိုလိုဆုံဖြစ်တယ်..........

သူမကပြည်ပနိုင်ငံတနိုင်ငံမှာ ပရိုဂမ်မာအနေနဲ့အလုပ်လုပ်ရင်း ကျောင်းတက်နေသူ
တယောက်တဲ့....
တောင်ကြီးဇာတိဖြစ်တဲ့ သူမက ရှမ်းနဲ့ပအို့ဝ်စပ် တိုင်းရင်းသူလေး........သူမက
အသက်အစိတ်ကျော်ကျော် ကျောင်းသူတဝက် အလုပ်သမားတဝက်။

ချစ်စဖွယ် ရွှတ်နောက်နောက်စကားတွေနဲ့ ခင်မင်ဖွယ်ရာကောင်းတဲ့ အပြုံးလေးက
သူမမျက်ဝန်းလေးနဲ့ လိုက်ဖက်ညီစွာရှိနေတယ်.....

ရင်ခုန်တတ်တဲ့ခံစားချက်တွေက ကျွန်တော့်အတွက် ဘယ်လိုမှလိုက်မမီအောင်
များပြားတဲ့အတွေ့ကြုံရှိသူလေးပေါ့...ရွေးချယ်ခွင့်ရှိသူ မိန်းမပျိုတယောက်အနေနဲ့
သူမရဲ့ ခံစားချက်ရင်ခုန်သံအဟောင်းတွေကို နားလည်ပေးနိုင်ခဲ့တယ်.....
ဘာကြောင့်လဲဆိုတော့ သူမက ကျွန်တော့်ရင်ခုန်သံကိုစည်းချက်ကျကျ
လှိုက်မောပျော်ရွှင်နိုင်အောင် ဖန်တီးပေးနိုင်သူမဟုတ်ပါလား....

သူမမျက်နှာနဲ့ စကားလုံးလှလှလေးတွေဟာလဲ သူမစိတ်သဘောထားရဲ့
အရောင်လေးကို လှစ်ဟပြနေသလိုပါပဲ.....
ကျွန်တော်ယုံကြည်မိသွားတာက သူမဟာ ရိုးသားဖြူစင်သူ သိက္ခာတရားကို
တန်ဖိုးထားတဲ့ မိန်းမပျိုအဖြစ်နဲ့ပေါ့.......

ဒီလိုနဲ့ ကျွန်တော်နဲ့ သူမ ခိုင်မာတဲ့ခင်မင်မှုကြိုးလေးတချောင်းကို အပြန်အလှန်
ကျစ်လျစ်လှပအောင် ကြိုးစားခဲ့မိကြတယ်......
တနေ့မှာ ကျွန်တော့်ရင်တွင်းတောင့်တမှုကို ရင်ဖွင့်မိခဲ့တယ်....အဲဒီစကားလုံး
တွေမှာ အချစ်ကိုနားလည်မှုတွေနဲ့အေးချမ်းစေလိုတဲ့ ဆန္ဒကို တင်ပြခဲ့တယ်......
.သူမကိုပေါ့...

သူမကတော့ထူးခြားစွာ အံ့သြလောက်အောင် တိတ်ဆိတ်ဆွံ့အနေခဲ့တယ်....
သူမလို သွက်လက်ချက်ချာတဲ့မိန်းမပျိုလေးတယောက်အနေနဲ့ ဒီလောက်
တိတ်တဆိတ် ငြိမ်သက်နေလိမ့်မယ်လို့လဲ မထင်ခဲ့မိဘူး....

အဲဒီနေ့က သူမနှုတ်ဖျားက ထင်မှတ်မထားလောက်အောင် လေးနက်တဲ့
သူမလိုချင်တောင့်တတဲ့ အိပ်မက်ထဲက ဘဝပုံစံလေးကို သိခွင့်ရခဲ့တယ်......
နောက်တော့ သူမကပဲ ကျွန်တော့်ကိုပျော်ရွှင်အေးချမ်းစေမယ့် စကားလုံး
လှလှလေးနဲ့ ဖြေသိမ့်ခဲ့တယ်။

သူမက သိပ်ချစ်ပါတယ် တဲ့။ သူမတောင့်တတဲ့ ဘဝပုံစံကို ကျွန်တော်က
ဖြည့်ဆည်းပုံဖော်ပေးနိုင်လိမ့်မယ် လို့လဲ ယုံကြည်မိပါတယ် ဆိုတဲ့အကြောင်း
လေးပြောရင်း ကဗျာလှလှလေးတွေနဲ့ အပြန်အလှန်ရင်ခုန်ရင်း စကားလုံး
လှလှလေးတွေ အပြန်အလှန်မျှဝေရင်း တစ်နှစ်ဆိုတဲ့ အချိန်လေးဟာ
ကုန်မှန်းမသိ ကုန်သွားတော့........

သူမလေးက လာမယ့်သင်္ကြန်ပိတ်ရက်မှာ အလုပ်ကောကျောင်းကောအားတာမို့
ပြန်လာဖြစ်မယ်လို့ပြောတာကြောင့် ကျွန်တော်တွေ့ရမယ့်နေ့လေးကို
ရင်ခုန်မျှော်လင့်နေရင်းပေါ့......

တဖြည်းဖြည်းနဲ့ ဧပြီလလေးကိုရောက်လာတော့ သူမက ခရီးစဉ်ကိုပြောပြတယ်
သူမဇာတိမြေကိုအရင်ဦးဆုံးပြန်မယ်...
သင်္ကြန်တွင်းမှာကုသိုလ်ကောင်းမှုလေးကို မိသားစုနဲ့အတူလုပ်မယ်......
ကျွန်တော့်ကိုတော့ အဝေးကနေသာဓုခေါ်ဖို့.....
နှစ်ဆန်းတစ်ရက်နေ့မှာ ပြင်ဦးလွင်မှာ ဆုံဖို့ ကျွန်တော့်ကို ချိန်းထားတယ်....

ကျွန်တော်က အိုကေ ပေါ့.......ချစ်သူလေးနဲ့ ဆုံဆည်းဖို့ဆို ခါကာဘိုရာဇီမှာချိန်းချိန်း
အိုကေရမှာပေါ့....
မဟုတ်ဘူးလား။


ကဗျာနိဂုံး

ကားမောင်းရင်း ပြင်ဦးလွင်ကို ရောက်မှန်းမသိရောက်လာလေရဲ့....အဲဒီအချိန်မှာ
ဖုန်းလေး မြည်လာခဲ့တယ်...။

သူမနည်းနည်းနောက်ကျမယ်တဲ့....သူမတည်းခိုတဲ့ အိမ်က ကောင်မလေးရုတ်တရက်
နေမကောင်းဖြစ်လို့ ဆေးရုံပို့ထားရတယ်ဆိုပဲ.....မန္တလေးဆေးရုံကြီးမှာ အခု
ရောက်နေတာမို့ လိုက်ခဲ့ပါတဲ့........

ကျွန်တော်လဲ ချက်ချင်း လိုက်ရတော့တာပေါ့.....ဆုံဆည်းဖို့အရေးခက်ခဲလေစွလို့လဲ
တွေးမိသေးတယ်....

ကျွန်တော်ဆေးရုံကိုရောက်တော့ အတော်လေးမှောင်နေပြီ......သူမလေးပြောတဲ့
လူနာဆောင်ကိုလိုက်တော့ အမျိုးသမီးလေးတယောက်ကို တွေ့လိုက်ရတယ်....
သွေးပိုက်တန်းလန်းနဲ့......သွေးနဲ့ပတ်သက်တဲ့လူနာမှန်းရိပ်မိလိုက်တယ်...

ကျွန်တော့်ကိုတွေ့တော့ လူနာဘေးမှာ ထိုင်နေတဲ့ အဒေါ်ကြီးတယောက်က
အတာမေ ရဲ့မိတ်ဆွေထင်တယ် လို့မေးပြောပြောတယ်။ ကျွန်တော်က
ခေါင်းညိတ်ပြတော့ သူမက တနေရာကိုခေါ်သွားတယ်.......

သွေးလှူတဲ့နေရာကိုရောက်သွားတော့ ကုတင်တခုမှာ ပက်လက်ကလေး၊
သွေးထုတ်ပိုက်တန်းလန်း နဲ့ လှဲနေတဲ့ကောင်မလေးတယောက်.......။
သူမလေးခေါင်းမှာဆံပင်မရှိဘူး....ခေါင်းရိတ်ထားခါစ ဦးရေစိမ်းစိမ်းလေးနဲ့
ကျွန်တော့်ကိုမြင်တော့ ပြုံးပြနှုတ်ဆက်နေတယ်..

အဲဒီသူမလေးဟာ ကျွန်တော့်မြင်ချင်နေတွေ့ချင်နေတဲ့ ချစ်ရတဲ့သူ
အတာမေ ပေါ့.......။

"ဆောရီးနော် မောင်.... မေလေးဘက်က ကသိကအောက်ဖြစ်သွားတဲ့အတွက်
ခွင့်လွှတ်ပါ..."

ဆီးပြီးပြောတဲ့ မေလေးစကားကြောင့် ကျွန်တော်က ပြာပြာသလဲ မေလေး
ခေါင်းပြောင်ပြောင်လေးကို သပ်ပေးရင်း အပြုံးလေးနဲ့ နှစ်သိမ့်ပေးရင်း
"ဟာ...အိုကေပါတယ် မေလေးရာ..ဒါလဲ ကုသိုလ်ပြုတာပဲ...မောင်တောင်
သွေးလှူချင်နေတာ..ဒါနဲ့ မေလေးက ဘာလို့ ကတုံးပြောင်ပြောင်လေး
ဖြစ်နေရတာလဲ " လို့မေးတော့ မေလေးက အပြုံးလေးနဲ့ပြန်ပြောပုံက

"မောင့်ကိုမပြောဖြစ်လိုက်ဘူး.....မေလေးက သင်္ကြန်တွင်းမှာ တရားစခန်းဝင်ရင်း
သီလရှင်ဝတ်လိုက်တာ...မနေ့ကမှထွက်တယ်..မောင့်ကိုတွေ့မှ အမျှပေးမလို့...
ပြင်ဦးလွင်ရောက်တော့ မေလေးတည်းတဲ့အိမ်က ကောင်မလေးက သွေးသွင်း
ရမယ့်နေ့နဲ့ကွက်တိဖြစ်နေတာနဲ့ ဆေးရုံပို့ရင်း မေလေးက သွေးအုပ်စုတူနေ
တာနဲ့ လှူဖြစ်လိုက်တာ.......မောင်အဆင်ပြေတယ်မဟုတ်လား" လို့ပြောတယ်။

ကျွန်တော်က ခေါင်းညိမ့်ရင်း အသာလေးစိုက်ကြည့်နေမိတယ်...မေလေးလက်
လေးကိုလဲ ကိုင်ထားမိတယ်လေ......

ကျွန်တော်တွေးနေမိသေးတယ်.....ချစ်သူတွေအဖြစ် အဝေးကသာရင်းနှီးဖြစ်ခဲ့တဲ့
ကျွန်တော်နဲ့မေလေး၊ တွေ့ဆုံချိန်မှာ ကြည်နူးရတဲ့ အနေအထားက တခြား
အခြေအနေတွေနဲ့မတူပဲ ဆန်းနေတာကိုပါ.....

တယောက်နဲ့တယောက် ဆုံဖို့ ချိန်းဆိုပြီး လှလှပပပြင်ဆင်ထားတတ်ကြတဲ့
မိန်းမသားလေးတွေကြားမှာ ကျွန်တော့်ရဲ့ အတာမေက ဒါန၊ သီလ၊ ဘာဝနာ
အားကောင်းပြီး လက်ရှိလဲ ဒါနပါရမီဖြည့်နေတဲ့ ဗုဒ္ဓဘာသာမြန်မာအမျိုး
ကောင်းသမီးလေးအဖြစ်နဲ့ တွေ့ရတဲ့အတွက် မေလေးကို ဘဝလက်တွဲဖော်
အဖြစ် ပိုင်ဆိုင်ခွင့်ရမယ့် ကျွန်တော့်အဖို့ အတော်ဂုဏ်ယူနေမိပါတယ်....

ဂုဏ်ယူကျေနပ်အပြုံးနဲ့ မေလေးကို ကြည့်မိတော့ မေလေးမျက်နှာလေးက
မိတ်ကပ် သနပ်ခါးမပါ သဘာဝအတိုင်း ဝင်းဝင်းပြောင်ပြောင်လေးနဲ့
နီစွေးစွေး နှုတ်ခမ်းထူထူစူစူလေးကလဲ အကြင်နာအပြည့်နဲ့ ပြန်လည်ပြုံးနေ
တာမို့ ကျွန်တော်နှုတ်ဖျားကမေလေးကို ပြောလိုက်မိတာက

"ဒီညလေးကတော့.......မောင့်ရဲ့ မေလေး အလှဆုံးလှတဲ့ ညလေးတညပါပဲ......" လို့ပါ

ကျေနပ်အပြုံးနဲ့ မျက်ဝန်းအစုံကိုအသာမှိတ်ရင်း ကျွန်တော့် လက်ဖျားလေးကို ပြန်လည်
ဆုပ်ကိုင်ရင်း မေလေးနဲ့ကျွန်တော်တို့ နှစ်ယောက်မက်ထားတဲ့ အိပ်မက်ကဗျာလေးကို
နှစ်ဦးသားရင်မှာ အသံတိတ်ရွတ်ရင်းပေါ့.......

အပြုံးတွေအတူတူ
ယုယတဲ့အကြင်နာအတူတူ
ဖြတ်သန်းရမယ့်ဘဝအတူတူ
အချစ်ကိုလဲနားလည်ကြမယ်အတူတူပေါ့........

ငြိမ်းချမ်းတဲ့အေးရိပ်ငြိမ်အချစ်ပန်းခင်းလေးထဲ
စိမ်းလန်းအောင်ထိန်သိမ်းကြမယ်
ခံစား စံစား အတူတူပေါ့.......

အချစ်ပန်းနဲ့ မနွမ်းတဲ့အိပ်မက် အသစ်စက်စက်လဲ
မက်မယ်အတူတူ....
မေရယ်မောင်ရယ် ဘယ်တော့မခွဲ ခိုင်မြဲတဲ့အချစ်အတူတူ.....

ပြီးပါပြီ.......




Saturday, April 11, 2009

ချစ်သူ့ပိတောက်

မခွဲရက်ဘူးရယ်လို့
အမူပိုပိုချွဲကာ
အသည်းတညှာကိုင်လှုပ်ကာမေးပုံက
သိပ်ချစ်ရဲ့လားတဲ့.........

အပြုံးကဗျာဗရပွရယ်နဲ့
အမောဗလာ
အမြဲပြောပြောတာကြောင့်
အကြင်သူပြိုင်ဘက်ကင်းတယ်
ထာဝရတသက်လုံးတဲ့........

အဖြစ်ထွေထွေရယ်
မနှစ်ဒီနွေဦးမှာလ
တန်ခူးအပြိုင်သင်္ကြန်အခါသမယမှာ
ပိတောက်တခက်ဆက်ကာလှမ်းတယ်
ဒို့သစ္စာစကားတဲ့.....

အမုန်းတွေဖယ်ဝေးမယ်
အချစ်တွေသာပေးမယ်လို့
အကြင်ထိုသူပြောစကားရယ်က
ဒီနှစ်အတာကူးမှာ
ပြောင်းနေပြီလားလို့မေးလိုက်ချင်ရဲ့........




Monday, March 30, 2009

တဒင်္ဂ

 

ညင်သာတဲ့လေညှင်း

ဆောင်ကြဉ်းလာတဲ့ဝတ်မှုန်

ဆောင်းအိပ်မက်ကိုအသက်ဝင်စေခဲ့တယ်... ...


သာယာတဲ့လရောင်

ညခင်းမှာသာတဲ့အခါ

ကုမုန္ဒြာကြာပန်း ပွင့်လန်းစေတယ်... ...


ပန်းတကာရဲ့အလယ်

ဘယ်သူသာတယ်လို့ တင့်တယ်စွာအပြိုင်ကြဲ

သန့်စင်ခြင်းကိုဂုဏ်တင်ခဲ့ကြတယ်... ...


သိမ်မွေ့တဲ့လေညှင်းတခါ

စေ့ဆော်လိုက်ပြန်တော့

ထိန်းသိမ်းခဲ့ဒီဝတ်မှုန်တွေ

လေနဲ့အတူ ပျံဝဲခဲ့တယ်... ...


တဒင်္ဂမှာပဲလေ

ပန်းရဲ့ရနံ့ ပပျောက်သွားအောင်

စွဲဆောင်နိုင်တာ လေညှင်းလေးပါ... ...


Sunday, March 22, 2009

စက္ကူအပိုင်းအစများ


တချိန်ကပေါ့
အမြန်နှုန်းတခုနဲ့အတူ
အသက်မပါတဲ့မေးခွန်းတခု
ငါမေးခဲ့တယ်....

အမှတ်မပါတဲ့အဖြေလွှာတခု
ငါရခဲ့တယ်......

အဲဒီနောက်မှာပေါ့
သာယာမှုတွေအမှတ်တမဲ့
ခံစားရင်း
အပြန်အလှန်ငြင်းခုန်ရင်း
ဘဝတခုကိုထိန်းချုပ်ဖို့
ငါကြိုးစားခဲ့တယ်....

စက္ကူဖြူဖြူလိုဘဝတခု
အဲဒီနောက်ပုန်းကွယ်ထားရာ
အနက်ရောင်ပုရွက်ဆိတ်တကောင်
ကိုက်ဖြတ်စားသောက်လိုက်တော့
အပိုင်းအစများစွာပြန့်ကျဲ......

ခုတော့
ငါ့ရင်ဘတ်တခုလုံး
ငုံ့ကြည့်လိုက်တော့
စက္ကူအပိုင်းအစများစွာ.....




Saturday, March 21, 2009

နှစ်ဘက်လွှ

ဆန့်ကျင်ဘက်ဆိုတာ
တောင်နဲ့မြောက်
လက်ဝဲနဲ့လက်ျာ
ဘယ်ဟာဖြစ်ဖြစ်
အားလုံးမှာ အချစ်နဲ့အမုန်းပါတယ်

မေတ္တာတရားကိုကိန်းသေပြု
လိုအင်ကိုညီမျှခြင်းလုပ်
သစ္စာကို ချစ်ခြင်းနဲ့မြှောက်မလား
အဖြေက ချစ်ခြင်းမဟုတ်တဲ့မုန်းခြင်းလား
မသေချာမရေရာရင်
မှန်းဆအဖြေက မေတ္တာကိုနှစ်ထပ်ကိန်းနဲ့ညွှန်းမလား

သေချာသွားတာက
လိုအင်တွေအတောမသတ်တော့
အရာရာကိုရွေးချယ်ချင်နေတာ
အတွင်းစိတ်ကသိုသိုသိပ်သိပ်နဲ့
လော်လီသွားတဲ့သစ္စာတရား
ဖောက်ပြားမှုနယ်ပယ်ကို
အပိုင်းစားရသွားတယ်

ဒါဟာအဖြေဆိုရင်
ရလဒ်ကလိုအင်နဲ့ထပ်တူကျလား
ရေရာတဲ့အဖြေမတွေ့ခင်
ခံစားလိုက်ရတာက
နယ်ပယ်ရဲ့ခံစားခွင့်ထဲကအကျိုးအမြတ်တခုကိုလေ

ဘဝကိုအရင်းတည်
သစ္စာတရားကိုရောင်းစား
အမြတ်ထွက်လာတာက
ရင်တွင်းဖြစ်ရှင်သန်ခြင်းတခုပေါ့…………။။


Friday, March 20, 2009

ဖြေဆိုခွင့်ပြုပါ


အပိုင်း ၁

မနက်ဖြန်များစွာကိုမျှော်လင့်ရင်းငေးမောရင်းနဲ့အလွမ်းသစ်ရွက်တွေဝေနေတဲ့သမုဒယ
သစ်ပင်ကိုမုဒိတာရေစင်သွန်းလောင်းနေမိတယ်........။

အမှတ်တရပေါ့ဆိုပြီးနွယ်သာကီပန်းချုံအောက်မှာ
လိပ်ပြာလေးတစ်ကောင်ကိုအရှင်ဖမ်းပေးခဲ့သေးတဲ့အချိန်လေးကိုပြန်ပြောင်းစိမ်းလန်း
နေရင်းအတွေးကမ္ဘာမှာလေလွင့်ငှက်လိုရင်ခုန်သံတောင်ပံခတ်ရင်းဝေဒနာဝင်္ကပါထဲ
သံသရာလည်နေတယ်။

သွားရတော့မယ်လို့ပြောပြီးချစ်ပန်းပွင့်လေးကိုတယုတယနမ်းရှိုက်ပြီး
ချစ်စဖွယ်လက်ပြထွက်ခွာမသွားခင်မှာဖတ်လိုက်ရတဲ့အချစ်ကဗျာလေးတစ်ပုဒ်ကို
မျက်ဝန်းမှတ်စုထဲကော်ပီဆွဲသိမ်းထားလိုက်မိတယ်။
အင်တာနက်ဆိုတာအရင်းနှီးဆုံးတိုးတိုးဖော်အဖြစ်မဟာမိတ်ဖွဲ့လိုက်မိတာအချစ်ကဗျာ
လေးကိုထာဝရတသသဖတ်နေရချိန်တိုင်းမှာပေါ့။
အစိမ်းလန်းဆုံးအမှတ်အသားတခုကိုအချိန်တိုင်းမှာရင်ခုန်စွာမျှော်လင့်နေမိတာ
သည်းထိတ်ဖိုဒရာမာဇာတ်ကားကိုအခန်းဆက်စောင့်ကြည့်နေရသလိုပါပဲ.........။

မကြားနိုင်မမြင်နိုင်တော့တဲ့အတိတ်ကဆုံဆည်းချိန်လေးဟာငါ့ကဗျာကော်ပီလေးကို
ခံစားတိုင်းခံစားတိုင်းအကြားအတွေ့တွေနွေးထွေးခံစားနိုင်စေတာကိုပျော်မွေ့နေရုံလေး
နဲ့ဘဝရဲ့နာရီပေါင်းများစွာကိုဖြတ်သန်းနေရတာလေ.......။

လွမ်းတဲ့အချိန်တိုင်းမှာကာရံတွေလှလှလေးဖြစ်အောင်စာသားတွေနဲ့တန်ဆာဆင်
လိုက်တိုင်းရင်တွင်းဖြစ်ကဗျာလေးတွေတမ်းချင်းလေးတွေဖန်တီးရင်းအချိန်ကုန်
တတ်လာတယ်။

အတွေးလေးတွေစာစီပြီးကိုယ့်အိပ်မက်တွေကိုပျိုးထောင်တတ်လာတယ်။
အချိန်ရသလိုမျက်ဝန်းတွေကအွန်လိုင်းမှာသူ့ကိုမျှော်တတ်လာတယ်။
သူနဲ့စကားပြောရတဲ့အချိန်တချို့.......
အသံလေးကံကောင်းထောက်မစွာကြားရတဲ့နေများဆိုအပျော်တွေအားလုံးသွေးကြော
တွေထဲရောက်သွားသလိုပါပဲ.....
စိတ်ညစ်နွမ်းစရာတွေအားလုံးဆေးကြောခံလိုက်ရသလိုပျော်ရွှင်မှုခံစားချက်တွေက
စိတ်အတွေးထဲနေရာအပြည့်ယူလိုက်သလို.........

ဒီလိုနဲ့ပဲရွှေယုန်နဲ့ရွှေကျားပုံပြင်လေးထဲမှာနစ်မျောနေတုန်း.......
အဖြူအမည်းအမှားအမှန်အကောင်းအဆိုးဘယ်ဟာဖြစ်မလဲဆိုတာလဲသီအိုရီ
တခုထဲချတွက်နေတုန်း .........
အထင်ကရအဖြစ်အပျက်များစွာလဲလွှမ်းမိုးနေတုန်း..........
ချစ်ခြင်းအခြားတဘက်မှာချစ်ခြင်းတွေပဲဖြစ်နေတုန်း........
သူတိတ်တိတ်လေးကွယ်ပျောက်သွားခဲ့တာ ဖြေဆည်မရနိုင်တဲ့အဖြေမသိတဲ့
ပုစ္ဆာတခုပါပဲ။

သူပြောခဲ့တဲ့သိပ်ချစ်တယ်။မျှော်နေပါ။တနေ့မှာအိပ်မက်တွေအားလုံးကိုလက်တွေ့
ဘဝထဲရောက်အောင်ယူဆောင်လာခဲ့မယ်စတဲ့စတဲ့စကားလုံးလှလှလေးတွေဟာ
ပုံပြောသူမရှိတော့တဲ့ပုဒ်ပြင်တပုဒ်လိုဟောင်းနွမ်းခဲ့ပြီလေ။

တိတ်တိတ်လေးငြိမ်သက်နေရပေမယ့်ရင်မှာဒဏ်ရာတွေဗရပွနဲ့ပေါ့.......
တည်ငြိမ်နေတယ်ထင်ရတဲ့သူအလှကြည့်ခဲ့တဲ့ကိုယ့်မျက်ဝန်းတစုံဟာလဲခုဆို
ခပ်နွေးနွေးအရည်တချို့ရဲ့ထွက်ပေါက်အဖြစ်ပြောင်းလဲနေရပြန်ပြီ ။

မယုံနိုင်မှုများစွာနဲ့ကိုယ်ဟာလေဟာပြင်ထဲလေလွင့်နေတဲ့ငှက်တကောင်ရဲ့တောင်ပံ
ခတ်သံကိုရင်ထဲကကြားနေရတယ်ပျော်ရွှင်စောင့်စားငံ့လင့်နေမိတဲ့သူယူလာမယ့်
အိပ်မက်လက်ဆောင်တွေခုတော့ဘယ်မှာလဲ။
ဘာလို့တဖက်သတ်ရုတ်သိမ်းသွားရတာလဲ ။
မေးခွန်းများစွာနဲ့ ကွန်နက်ရှင်ပြတ်နေတဲ့ကွန်ပျူတာအရှေ့မှာခပ်ငူငူလေးထိုင်ရင်း
The Page cannot be displayဆိုတဲ့စာသားလေးကို
ချစ်သူ့မျက်နှာအလားငေးစိုက်ကြည့်နေမိတာအရူးတယောက်ပုံစံနဲ့ပါ။

ဘာတွေဖြစ်သွားတာလဲချစ်သူရယ် ။

နှစ်ယောက်သားရဲ့အမှတ်တရနေ့တွေမှာကဗျာစာသားတွေသူတကြောင်းကိုယ်
တကြောင်းရေးကြတုန်းကရယ်ရယ်မောမောနဲ့ပါနော်........

ချစ်သူများနေ့မှာ တနေကုန်အမှတ်တရစကားလေးတွေကိုအောက်မေ့ဖွယ်ပြန်
ဖလှယ်ကြတုန်းကရင်ခုန်ရတာတလှပ်လှပ်နဲ့ပေါ့....

ချစ်သူ့အသံမှာလဲတုန်ရီနေတာခံစားလိုက်ရသေးတာပဲ.........

နောက်ဆုံးတွေ့ဖြစ်တဲ့လကုန်ရက်တနင်္ဂနွေနေ့တုန်းကလည်းသာသာယာယာ
ပါပဲ ....။
ပုံမှန်ပြောနေကျနှုတ်ဆက်နေကျစကားလုံးတွေနဲ့ပဲနေသားတကျပြီးဆုံးသွား
ခဲ့တာပဲ.......။

သံသယစကားလုံးတွေအရိပ်အမြွက်တွေမပြဘဲဘာကြောင့်ဘာလို့တိတ်တ
ဆိတ်ပျောက်ကွယ်သွားခဲ့ရတာလဲ။
ညတိုင်းမှာအထူးသဖြင့်တနင်္ဂနွေညတိုင်းမှာကိုယ်ငုတ်တုတ်ထိုင်နေဖြစ်တာ
ချစ်သူပေါ်လာမလားဆိုတဲ့အတွေးနဲ့ပေါ့.........။

ခဲရောင်ဘောလုံးလေးကိုချစ်သူနာမည်နဲ့ယှဉ်တွဲပြီးမမြင်နိုင်တော့တာမို့ကိုယ်
Remove this personလုပ်ခဲ့တယ်..........

မခံစားနိုင်ဘူးချစ်သူရယ်.....

ကိုယ်အချစ်တွေအားလုံးချစ်သူကိုလက်ဆောင်အဖြစ်ပေးခဲ့တာအပြန်အလှန်
အနေနဲ့ချစ်သူရဲ့အချစ်တွေအားလုံးကိုပြန်လိုချင်တဲ့ဆန္ဒနဲ့ပါ.......

လုံးဝသန့်စင်တဲ့ချစ်ခြင်းတွေအားလုံးကိုချစ်သူကမူပိုင်ရခဲ့တာပါ...........
လက်တွဲကြမယ့်တွဲမယ့်လက်တွေဖြူစင်နေချင်တာတခုတည်းနဲ့သာချစ်သူ့
လိုအင်တချို့ကိုကိုယ်ပလပ် ခဲ့ရတာပါလေ........

ချစ်သူကလဲအဲဒါကိုနားလည်ပေးခဲ့တာပဲ.............
ဘာတွေများလွဲချော်ခဲ့လဲချစ်သူရယ်.........
ချစ်သူရဲ့အခက်အခဲတစုံတရာကိုသိခွင့်ပေးပါလား..........

ဒါမှမဟုတ်ချစ်သူ့ရင်ထဲကိုယ့်အတွက်မေးခွန်းတွေများရှိရင်ကိုယ်ဖြေဆို
ချင်ပါတယ်။
ချစ်သူသတ်မှတ်ထားတဲ့အမှတ်ပြည့်100 Percentရအောင်ချစ်သူထုတ်
တဲ့မေးခွန်းကို ကိုယ်ဖြေဆိုချင်ပါတယ်ဖြစ်နိုင်တယ်မဟုတ်လားဟင်........

ကိုယ့်စိတ်စေတသိတ်ဟာချစ်သူ့အကြောင်းတွေပဲလွှမ်းမိုးနေခဲ့တာမို့
ချစ်သူ့အိပ်မက်တချို့တလေမှာကိုယ့်ရင်ထဲကစကားတချို့ကိုကြားသိ
နိုင်မယ်ဆိုရင်ကိုယ့်ဆန္ဒကိုဖြည့်ဆည်းပေးပါလား....

ငေးရင်းတွေးရင်းနဲ့သာအချိန်ကုန်နေရပေမယ့်ဘဝရဲ့အသက်ဝင်မှု
အားလုံးကိုတော့ ကိုယ်ထိန်းသိမ်းထားဆဲပါ.........

ချစ်သူသာတချိန်မှာကိုယ့်ဆီလှမ်းလာခဲ့ရင်ကိုယ်အဆင်သင့်ဖြစ်နေဖို့
ဆိုတဲ့ ဦးတည်ချက်နဲ့ပေါ့.........

တောင့်တချက်တခုအဖြစ်နဲ့ကိုယ်ချစ်သူဆီကမေးခွန်းတွေကိုမျှော်လင့်
နေဆဲပါကွယ်............။။။။။

အပိုင်း၂

မျက်ဝန်းလေးတစုံကိုစတွေ့ဖြစ်တဲ့အချိန်ကနေခုထိမမေ့ဘူးဖြူစင်တဲ့
နူးညံ့တဲ့စိတ်ထားလေးတွေဟာမျက်ဝန်းလေးကနေတွေ့မြင်ခံစား
လိုက်ရတဲ့တနေ့ကပေါ့..........

သိပ်ချစ်သွားခဲ့တယ် သူမလေးကိုပေါ့။

ဆုံဆည်းဖြစ်ခဲ့ကြပုံလေးကလည်းသာမာန်နဲ့မတူဘူး။
ကျွန်တော့်ရဲ့စီးပွားရေးကိစ္စအတွက်ကြေငြာတဲ့အနေနဲ့ဆိုဒ်လေးတခု
ဖန်တီးခဲ့ပြီးမိတ်ရှာတဲ့အနေနဲ့ အွန်လိုင်းကဆိုဒ်တော်တော်များများကို
မွှေဖြစ်ခဲ့တယ်........

သူငယ်ချင်းတွေဆုံဆည်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ထားတဲ့ဆိုဒ်လေး
တခုမှာသူမကိုကျွန်တော်တွေ့ခဲ့တာပါ။

သူမရဲ့ကိုယ်ရေးအချက်အလက်တွေကိုလည်းစုံစုံလင်လင်တွေ့ရတယ်။
သူမပုံလေးကိုလဲမြင်လိုက်ရတယ်လေ။

အဲဒီမှာပဲသူမရဲ့ ဖြူစင်တဲ့မျက်နှာလေးကိုတွေဖြစ်ခဲ့တယ်။သူမကငြိမ်းချမ်း
ပါစေဆိုတဲ့သင်္ကေတလေးကိုလုပ်ထားသေးတယ်။သိပ်ချစ်စရာကောင်းတဲ့
သူမလေးကိုကျွန်တော်ဆက်သွယ်ခဲ့ပါတော့တယ်။
ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ခဲ့တယ်။
နှစ်ကြိမ်လောက်ဇွဲမလျှော့ပဲမိတ်ဆက်ခဲ့တော့သူမရဲ့လက်ခံမှုကိုပြန်လည်
ရရှိခဲ့တယ်ပေါ့ဗျာ။
သူမလေးနဲ့အင်တာနက်ချက်တင်းမှာနေ့တိုင်းလိုလိုတွေ့ကြတယ်။
စကားတွေဖလှယ်တယ်ရင်တွင်းဖြစ်တွေမျှဝေကြတယ်။
ဒီလိုနဲ့ကဗျာဆန်တဲ့အဖြစ်အပျက်တခုကိုကျွန်တော်သူမနဲ့ပတ်သက်ပြီး
ရရှိလာတယ်ပေါ့။
ကျွန်တော်သူမလေးနဲ့စကားပြောတဲ့အချိန်တိုင်းမှာသူမလေးရဲ့ဖြူစင်တဲ့
စိတ်သဘောထားကိုတွေ့လာရတယ်။
အကြင်နာတွေလည်းပေးချင်လာတယ်။သူမလေးဖြစ်ချင်တဲ့ပိုင်ဆိုင်ချင်တဲ့
အိပ်မက်တွေကိုလည်းကျွန်တော်ပေးဆပ်လာချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့သူမလေးဟာကျွန်တော့်ရဲ့ကဗျာဆန်တဲ့ပျော်ရွင်မှုတွေ
အားလုံးကိုခေါ်ဆောင်လာပေးတဲ့နတ်မိမယ်တပါးလေ။

ကျွန်တော့်အနေအထားတခုကိုဖန်တီးဖို့ကြိုးစားမယ်လို့သူမလေးကိုပြောပြ
ဖြစ်ခဲ့တယ်။
အဲဒီနောက်လေးနက်တဲ့အကြင်နာတွေကိုသူမလေးဆီမှာချန်ထားရစ်ခဲ့ပြီး
ကျွန်တော်သူမလေးနေထိုင်ရာဒေသနဲ့နာရီပေါင်း၁၂နာရီလောက်စောတဲ့
ဒေသတခုမှာကျွန်တော်ဘဝအတွက်ထွက်ခွာခဲ့ရတယ်။
ကျွန်တော့်အခက်အခဲတခုကအဲဒီထွက်ခွာရာဒေသကိုအပြီးအပိုင်ထွက်သွား
ရတာပါ။
မျှော်လင့်ချက်တခုအပေါ်ယုံကြည်ထားတဲ့အရာအတွက်ကျွန်တော့်ဘဝတခု
လုံးကိုစောင့်စားကြိုးပမ်းခြင်းတခုနဲ့စတေးလိုက်ရတာကိုသူမလေးကိုဘယ်လို
ပြောရက်ပါ့မလဲဗျာ.........

သိပ်ချစ်ခဲ့တဲ့အချစ်တွေအားလုံးနဲ့သူမလေးကိုချန်ထားရစ်ခဲ့ရတယ်။

ကျွန်တော်တောင့်တတဲ့ယုံကြည်မျှော်လင့်မှုတွေမကြာခင်ဖြစ်လာလိမ့်မယ်လို့
ယုံကြည်ထားတယ်။

အဲဒီအချိန်ကျရင်သူမလေးနဲ့ကျွန်တော်ဘဝတခုကိုပျော်ရွှင်စွာလက်တွဲဖြစ်မှာပါ......

သူမလေးကိုတော့တိတ်တိတ်လေးပဲချန်ထားရစ်ခဲ့ရတာကိုကျွန်တော်ကြေကွဲမိ
ပေမယ့်အချစ်ဆိုတာ ဘယ်နေရာရောက်ရောက်ဘယ်လောက်ဝေးဝေးစိတ်ကလေး
နှစ်ခုနီးနေမယ်ဆိုရင်ရင်ထဲမှာအချစ်တွေက သစ္စာတည်နေမယ်ဆိုလုံလောက်တယ်
လို့ကျွန်တော်ယုံတယ်ဗျာ...........

ကျွန်တော်ရုန်းကန်နေရတဲ့ကြမ်းတမ်းတဲ့အချိန်တွေမှာသူမလေးကိုတိတ်တဆိတ်
ချန်ထားရတော့မှာကိုလည်းကျွန်တော်သိလိုက်ရတယ်.......
ထာဝရချစ်ရသူကိုတဒင်္ဂပစ်ပယ်ထားရတာကိုသူမလေးနားလည်နိုင်ပါ့မလား
ကျွန်တော်မတွေးချင်တော့ဘူး.........
ကျွန်တော့်ယုံကြည်ချက်နဲ့ကျွန်တော်ပြေးလွှားနေရတုန်းရုန်းကန်နေရတုန်းပေါ့......

ယုံကြည်ချက်တွေအောင်မြင်တဲ့တနေ့သူမလေးရဲ့လက်ကလေးကိုကျွန်တော်
တယုတယဆုပ်ကိုင်ဖို့သူမလေးမျက်ဝန်းကိုကြည်နူးတဲ့နှစ်သိမ့်အပြုံးလေးနဲ့ကြည့်ဖို့
သူမကိုတခမ်းတနားလက်ထပ်ဖို့သူမလေးနဲ့နှစ်ယောက်တဘဝထူထောင်ဖို့.........

ရည်ရွယ်ချက်တပုံတပင်နဲ့ကျွန်တော်စိတ်ကူးယဉ်နေမိတယ်.........
အင်တာနက်ကိုကျောခိုင်းထားတာလဲကြာပြီလေ...........

သြော်ပြောရအုံးမယ်.......
ကျွန်တော့်နေတဲ့နေရာမှာအင်တာနက်ကောကွန်ပျူတာကောမရှိဘူးဗျ။

သူမလေးမေးချင်နေတဲ့မေးခွန်းတွေကိုကျွန်တော်ပြန်ဖြေချင်ပါတယ်ဗျာ........
ဒါပေမယ့်သူမလေးလွတ်လွတ်လပ်လပ်နားဆင်ခွင့်မရှိတဲ့အဖြေတွေကို
ကျွန်တော့်ရင်ထဲမှာပဲသိမ်းထားလိုက်ပါ့မယ်....
သူမလေးအတွက်ပါပဲ။

သိပ်ချစ်မိသွားတဲ့ကျွန်တော့်နှလုံးသားကိုမညာချင်ပါဘူး.......
သူမလေးကိုဖြူစင်စွာနဲ့တန်ဖိုးထားပြီးချစ်နေဆဲပါ။

သူမလေးမေးခွန်းတွေကိုကျွန်တော်လွတ်လပ်စွာဖြေဆိုခွင့်လေးတော့
မျှော်လင့်နေမိပါတယ်။
ဖြေဆိုခွင့်လေးရမယ်လို့လည်းယုံကြည်နေတုန်းပါပဲ.........

နိဂုံး

တချိန်တခါချစ်ခဲ့ပေမယ့်ဖြူစင်တဲ့မျက်ဝန်းတစုံကိုအောက်မေ့တသ
နေဆဲပါချစ်သူ........
ချစ်သူမှာအခက်အခဲတစုံတရာရှိနေမယ်ဆိုတာရင်ထဲကအလိုလို
နားလည်ခံစားနေမိပါတယ်
အဲဒီအတွက်ချစ်သူကသိုသိပ်နေတဲ့အချိန်မှာကိုယ်ကလည်းချစ်သူ့
အလိုကျတိတ်ဆိတ်ပေးနေမှာပါ။

ချစ်သူကိုယုံတယ်
ချစ်သူကိုနားလည်တယ်
ချစ်သူကိုပဲချစ်တယ်
ချစ်သူနဲ့ပဲအချစ်ဆိုတဲ့အိပ်မက်ချိုတွေကိုရယူခံစားချင်တဲ့ကိုယ်မို့
ချစ်သူနဲ့အတူတူတည်ဆောက်မယ့်အချစ်ကမ္ဘာလေးကိုမျှော်လင့်
နေမယ်....

နောက်ဆုံးသောထွက်သက်အထိပေါ့ချစ်သူရယ်...........

ချစ်သူသာမေးခွန်းတွေပေးလာခဲ့ရင်ကိုယ်ကအမှတ်ပြည့်ရအောင်
ဖြေဆိုချင်တယ်လေ.....
ချစ်သူအတွက်အစစအရာရာအဆင်ပြေအောင်မြင်ပါစေကြောင်း
ကိုယ်ချစ်သူကိုသတိရတဲ့အချိန်တိုင်းဆုတောင်းပေးနေမိပါတယ်.....

ကိုယ်ကချစ်သူကိုအသက်ရှူချိန်တွေတိုင်းမှာသတိရနေတာလေ..

ချစ်သူလည်းကိုယ့်အချစ်ကိုအမြဲနွေးထွေးစွာခံစားနေရမယ်ဆိုတာ
ကိုယ်ယုံနေမိပါတယ်။
ချစ်သူအတွက်သာကိုယ့်အချစ်တွေဖြစ်တည်နေလို့ပါပဲ........
ဒီအချိန်မှာတော့ကိုယ်တို့တွေအလွမ်းမပါတဲ့အဝေးကချစ်တတ်
သူတွေအဖြစ်ရင်းနှီးနွေးထွေးနေမှာဆိုတာချစ်သူကောကိုယ်ပါ
ယုံနေကြတာပဲလေ.....

ကိုယ်တော့ချစ်သူအလာမှာအောင်မြင်တဲ့ချစ်စဖွယ်အပြုံးလေးပြုံး
နိုင်အောင်ကိုယ့်ဘဝကိုကိုယ်လှပအောင်မြင်အောင်လှုပ်ရှားနေပါ
တယ်ချစ်သူရယ်။

သူမလေးရေ........
သိပ်ချစ်တဲ့အချစ်တွေအားလုံးမင်းဆီမှာချန်ထားရစ်ခဲ့တာမို့ကျွန်တော့်
သစ္စာကိုခံစားရလိမ့်မယ်လို့ယုံကြည်တယ်ကွာ။
သူမလေးရင်ထဲကလာတဲ့မေးခွန်းတွေကိုကျွန်တော်ဖြေဆိုချင်ပါတယ်။

သူမလေးရဲ့အဝေးမှာသူမလေးကိုချစ်တဲ့အချစ်တွေကိုသစ္စာတရားနဲ့ခိုင်မာ
အောင်တည်တံ့နေစေတဲ့အတွက်သူမလေးကကျွန်တော့်အချစ်ကိုအမြဲ
လတ်လတ်ဆတ်ဆတ်ခံစားနေရမယ်....

ထပ်တူညီတဲ့ခံစားချက်တွေအတွက်ကျွန်တော်နဲ့ဆုံဆည်းမယ့်အချိန်ဆီ
ကိုအောင်မြင်တဲ့ခြေလှမ်းတွေနဲ့အရောက်လှမ်းနေမယ်ဆိုတာကျွန်တော်
ခံစားနေရတယ်။

ကျွန်တော်တိတ်တဆိတ်ချန်ထားရစ်ခဲ့တဲ့အဖြစ်ကိုသူမလေးနာမလည်
ပေမယ့်ကျွန်တော့်ကိုတော့အချစ်တွေနဲ့နားလည်ပေးနေမှာကိုခံစားနေရ
သေးတယ်။

သိပ်ချစ်တဲ့အချစ်တွေအားလုံးနဲ့အတူဆုံခဲ့ချိန်တိုင်းမှာတူညီတဲ့ရင်တွင်း
စကားလေးတွေကိုနှစ်ဦးသားဖလှယ်ခဲ့ကြတာမို့သူမလေးဟာကျွန်တော်
နဲ့ထပ်တူအရာရာကိုခံစားနားလည်ပေးနေမှာပါ......

ကျွန်တော်လည်းယုံကြည်ချက်အောင်မြင်အောင်ရုန်းကန်ရင်းသူမလေးနဲ့
ဆုံဆည်းမယ့်နေ့ဆီအရောက်လှမ်းနေအုံးမှာပါ။
နောက်ဆုံးထွက်သက်အထိပေါ့........။


Written by NayNiNi
20th March 2009