Showing posts with label Tag စာ. Show all posts
Showing posts with label Tag စာ. Show all posts

Tuesday, December 30, 2008

စိတ်ကူးယဉ်တယ်


အစိမ်းရောင်မြင်တိုင်း ဒေါ်လာငွေတွေကိုမြင်ယောင်တယ်ဘာလို့လဲဆိုတော့ ဒေါ်လာတွေရတာနဲ့ မြန်မာငွေနဲ့လဲပြိး အကြွေးတွေဆပ်ဖို့အိမ်ကိုပို့လိုက်ရယင် မေမေတို့ပျော်လိုက်မယ့်ဖြစ်ခြင်းဆိုပြီးတော့ပေါ့......။ အစိမ်းရောင်မြင်တိုင်း ဒေါ်လာတွေကိုပိုင်ချင်တယ် (ခပ်များများပေါ့ အနည်းဆုံး ဆွဇ်ဘဏ်ကအကောင့်န်တစ်ခုလောက်ပါပဲ)။ အနီရောင်မြင်တိုင်းပတ္တမြားငမောက်တွေကိုမြင်ယောင်တယ်ဘာလို့လဲဆိုတော့ ပြည်တန်ပတ္တမြားဆိုတာ ပုံပြင်တွေမှာသာကြားဖူးတာပေမယ့် တော်တော်အဖိုးထိုက်ဆိုပဲ............။သိပ်များများမဟုတ်တောင် တစ်ပြည်လောက်ရယင် ကမ္ဘာ့ကျောက်မျက်ဈေးကွက်မှာရောင်း.......။.ရတဲ့ငွေတွေကို မြန်မာငွေနဲ့လဲပြီး မြန်မာပြည်က ဆွေမျိုးညာတိတွေကို မင်္ဂလာတရားတော်နဲ့အညီပေးကမ်းလိုက်ရယင် တော်တော်ဒါနမြောက်ပြီး ပီတိဂွမ်းဆီထိသွားမယ့်ကိစ္စပေပဲမဟုတ်လား.........။ အပြာရောင်မြင်တိုင်း နီလာပြာတွေကို သိပ်စိတ်ကူးယဉ်မိတယ်..........။.နေ့သင့်နံသင့်ကျောက်ဖြစ်လို့ဝမ်းဆက်တစ်ဆင်စာ ကမ္ဘာမှာမပေါ်ဘူးသေးတဲ့ဒီဇိုင်းလှလှလေးနဲ့ ကိုယ်ကိုဆင်ယင်လိုက်ချင်တယ်.......။ ဘေးကင်းရန်ကင်းပေါ့..........။အဖြူရောင်မြင်တိုင်း စိန်ရတီခပ်ကြီးကြီးနဲ့ ဗြိတိန်ဘုရင်မသရဖူလို သရဖူမျိုး ..............ဟောလိဝုဒ်စတားတွေရဲ့မင်္ဂလာလက်စွပ် မင်္ဂလာသတို့သမီးရဲ့စိန်စီတဲ့ဂါဝန် မင်္ဂလာလက်စွပ်တို့လို လှပမက်မောစရာကောင်းတဲ့မင်္ဂလာပွဲလေးတပွဲလောက်တော့ ဆင်နွှဲချင်တယ်လို့ အိပ်မက်တိမ်တိုက်တွေကြားမှာ မက်ခဲ့တာအခုဆိုအတော်ကြာရော့မယ်...........။အခုနေ မှော်ဝင်ကော်ဇောတစ်ချပ်ပိုင်ဆိုင်ခွင့်ရမယ်ဆိုယင် မေမေတို့ရှိတဲ့နေရာကို အခုကိုယ်ရောက်နေတဲ့ နေရာကနေ စိတ်ထဲသတိရတဲ့အချိန်တိုင်း ခဏချင်း ကော်ဇောပျံလေးစီးပြီးအရောက်သွားချင်လိုက်တာ......ဘာဖြစ်လို့လဲဆိုတော့ မေမေတိှု့ရှိတဲ့နေရာက ဂျီတော့လို့အသံမကြား ကော်နက်ကအခါတိုင်းကျမို့လို့ဖုန်းဆက်ဖို့ကလဲဈေးအကြီးဆုံးစံချိန်ဝင်မြို့တော်ဖြစ်နေတာမို့ ကော်ဇောပျံလေးနဲ့သာဆို စိတ်ကတတိုင်း ရောက်နိုင်မယ်ဆိုဘယ်လောက်ကောင်းလိုက်မလဲ.........။ဒီမှာအစားအသောက်အဆင်မပြေတိုင်း မေမေ့လက်ရာလေးတွေကိုဂျီတိုက်စားဖို့အတွက်ရောပေါ့.........။အရာအားလုံးကို ကိုယ်ထင်သလို အပိုင်စားရနိုင်မယ်ဆိုယင်...............ဆွေဝေးမျိုးဝေး မိဝေးဖဝေးဘဝက အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုတွေပျော်ရွှင်ချမ်းသာကျန်းမာစွာနဲ့နေချင်တယ်..........။အမြဲတမ်းစိတ်ကူးယဉ်မိတာကတော့ ကိုယ်ချစ်ရသူတွေနဲ့ ဝမ်းနည်းခြင်းမရှိတဲ့အဆုံးမရှိပျော်ရွှင်မှုကိုပေါ့..။ထာဝရပါ................။
ကျွန်မကို စိတ်ကူးယဉ်ဖို့ပြောတဲ့ ကိုဝင်းဇော် ကို ဒီစာစုလေးနဲ့ခင်မင်မှုသက်သေထူလိုက်ပါပြီနော်.........
ကိုဝင်းဇော်လဲကျေနပ်မယ်ထင်ပါတယ်........။
ထပ်ပြီး ကျွန်မကနေပြီးတော့ ခင်မင်ရသူစာရေးဖော်တွေဖြစ်တဲ့...........

အစိမ်းရောင်မိန်းကလေး
ကဗျာမလေး
ကိုဇောင်း
ပန်းခရေ
မခင်ဦးမေ
ကိုဖေသိန်း
ကိုမော်စီ
တို့ကိုပါ........။
ကျွန်မထက်ပိုပြီးစိတ်ကူးယဉ်တတ်လိမ့်မယ်လို့ယုံကြည်လို့ပါနော်..။
ရေးပေးဖို့လဲတိုက်တွန်းပါတယ်။





----------------

Monday, December 15, 2008

ကိုယ့်ကိုယ်ကို အမုန်းဆုံးဆယ်ချက်

နေရောင်လာတိုင်း နေ့သစ်တစ်ခုအတွက်ရှင်သန်ခြင်းတွေ ကိုယ့်ဆီမှာ အမြဲပေါ့။

ပြောရမယ့် အချစ်လား အမုန်းလား အရာအားလုံးကို ကိုယ်ခပ်တည်တည်ကြည့် နောက်တော့ရင်ဆိုင်လိုက်တိုင်း
အမှားနဲ့မကင်းတာကို ခေါင်းငဲ့ပြန်ပြောင်း တွေဝေတွေးတောမိတိုင်း အားမလိုအားမရ မဖြစ်မိတာ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၁ အချက်ပါပဲ။

တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာပေမယ့် အရာမထင်တဲ့ ရင်တွင်းမျှော်လင့်ချက် တချို့အတွက်လဲ ကိုယ်က
ထာဝရတောင့်တမိသူတစ်ယောက်အဖြစ် အားမလိုအားမရ ကြေကွဲနာကျည်းမိတိုင်း မလောက်လေးမလောက်စား
လောင်းရိပ်မိကိုယ့်ဘဝကို ရုန်းထွက်ဖို့မကြိုးစားနိုင်တဲ့ ကျေးဇူးသိတတ်မှုအချို့အတွက်လဲ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၂ အချက်ပါပဲ။

အေးတိအေးစက်နဲ့ သိတတ်မှုနည်းပါး ပျင်းရိမှုအများအပြားနဲ့ အရေးတကြီး ဘဝစာမေးပွဲများစွာတွေမှာလဲ
အမှတ်ကောင်းကောင်းမရတဲ့ လူတကာအသိမှတ်ပြုတဲ့အောက် မိုင်းနပ်စ်မရတောင် ပိုင်းခြေတစ်ရာအပြည့်
ဖြစ်နေရတဲ့ အခြေအနေတွေကိုလဲ မလိုလားပေမယ့် လက်ခံနေတတ်တဲ့ စိတ်ကလဲ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၃ အချက်ပါပဲ။

မထေမဲ့မြင် ရင်ထဲကခံစားချက်ကို ပြင်းပြစွာပေါက်ကွဲပြဖို့ ဝန်လေး၊ သက်ပြင်းသာအခါခါချ ၊ မှုန်ဝါးတဲ့ဘဝတစ်ခုကို
ဇာတ်ဆရာအလိုကျ စစ်တုရင်ကစားခွက်က နယ်ရုပ်လား ရှင်ဘုရင်လား မြင်းသည်တော်လား တခါတခါ ဖွင့်ဆိုချက်တွေ
မှား မှား သွားရတာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၄ အချက်ပါပဲ။

ပေါ့သေးသေးထားရမယ့် အကျိုးမဖြစ်တဲ့ပတ်ဝန်းကျင်မှာ အများတကာလို စပ်စုတာတွေတောင်ပုံရာပုံရယ်က မနာလို
ဝန်တိုတာတွေကို ကောက်ကျစ်မှုဗရပွနဲ့ ပတ်သက်နှီးနွှယ်မိတတ်တဲ့ အကျင့်ဆိုးကလဲကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၅ အချက်ပါပဲ။

အိပ်ရာထနောက်ကျ အချိန်မတော် ထမင်းထစားပြီး ချစ်သူ့အနား နားပူနားဆာနဲ့ ကကျိုးကဂျောင်ကျရတာကို ဝါသနာထုံ
မိတဲ့ မွေးရာပါအားငယ်စိတ်ကလေးကလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၆ အချက်ပါပဲ။

အများက အာဇာနည်လို့မသတ်မှတ်ပဲ သူရဲကောင်းမဖြစ်တဲ့ ရဲတင်းမှုကို နှလုံးသားကခံစားလက်ခံလိုက်တဲ့ အချစ်ဆိုတဲ့
နူးညံ့မှုတစ်ခုအတွက် ဘဝကြီးတစ်ခုလုံးကို မျက်စိဖွင့်နားစွင့်ပြီး လှောင်ပြုံးတွေသရော်လုံးတွေနဲ့ အမှောင်ဖုံးနေတဲ့
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချ ကိုယ့်ဘဝကို ကိုယ်ပိုင်ကြောင်းပြလိုက်မိတဲ့ အဖြစ်အတွက် နောင်တမရ ပြန်ပြောင်းမရ
တော့တဲ့ ပျိုမျစ်ခြင်းကို နှမြောတသမဖြစ်မိတာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၇ အချက်ပါပဲ။

အစားအသောက်ဂျီးများ၊ အသန့်ကြိုက်သလောက် ရောဂါထူပြောလှတဲ့ ဘဝကို လှလှပပပိုင်ဆိုင်ထားတဲ့ မွေးစကတည်းက
ပတ်ဝန်းကျင်ဆိုတဲ့ ပရောဟိတ်က ရှင်သန်ဖို့အခွင့်အလမ်းနည်းတယ်လို့ မှတ်ချက်ချခံရတဲ့ အားနည်းလှတဲ့ ခုခံအားစနစ်နဲ့
လည်ပတ်နေရတဲ့ ကိုယ့်ခန္ဓာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၈ အချက်ပါပဲ။

အကင်းမပါး၊ နားလည်မှုခေါင်းပါး၊ ကြင်နာမှုများပြားပြီး ကလေးဆိုးလို ပြုမူဆက်ဆံတတ်တဲ့ ကိုယ့်အကျင့်ကလဲ
ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၉ အချက်ပါပဲ။

အပြင်မှာ ပျော်နေသလောက် ရင်ထဲမှာမေတ္တာတရားကလွဲပြီး ငွေအသပြာချမ်းသာခြင်းအလျဉ်းမရှိတဲ့ ဇာတာကို
ပိုင်ဆိုင်ကြောင်း တွက်ချက်ထားတဲ့ ဗေဒင်အဟောကို အခုတိုင်ယုံကြည်နေမိတဲ့ အခြေအနေကနေမရုန်းထွက်နိုင်
သေးတဲ့ ကိုယ့်အရည်အချင်းကလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၁၀ အချက်ပါပဲ။




Saturday, November 15, 2008

တညတာ


ချမ်းတဲ့ည ခိုက်ခိုက်တုန်အောင်စိမ့်စိမ့်လေးအေးတယ်။
နာရီလေးကြည့်တော့ တော်တော်ညဉ့်နက်ပြီလို့ပြောဖို့တောင်မလိုတော့အောင် နေ့သစ်အရုဏ်တောင်တက်နေပြီ။
ခပ်ဝေးဝေးတစ်နေရာက ကြောင်သံလိုလိုတညောင်ညောင်နဲ့ အပြေးလေးဖြတ်သွားတဲ့ စီးတော်ယာဉ်တွေက ကြောင်တောင်တောင်အသံ
သေးသေးတွေ တချက်ချက်ဝေ့လာတယ်။
စောင်ပါးလေးနှစ်ထည်နဲ့ အချမ်းဒဏ်အံတုနေရတာမလွယ်ဘူး။
အပူချိန်ကတက်လာသေးတယ်။
အာခေါင်ခြောက်လာတာနဲ့ ဘေးပတ်ဝန်းကျင်က ရေခဲသေတ္တာမရှိတဲ့အခန်းကျဉ်းလေးထဲက ဖျော်ရည်ဘူးခွံအလွတ်ထဲတည့်ထားတဲ့
ရေအေးအေးကို တကျိုက်မော့သောက်လိုက်တယ်။
အပြင်နဲ့အတွင်း အအေးချိန်မျှသွားတယ် ခပ်စိမ့်စိမ့်လေးပေါ့။
ဟူးခနဲ သက်ပြင်းချပြီး ဟာတာတာဗိုက်ကို ဖြည့်ဖို့စိုင်းပြင်းမိပြန်တော့ စားလက်စ ပေါင်မုန့်အထုပ်နဲ့ နို့ဆီဗူး ကို တွေ့တယ်။
မစားချင်တော့ဘူး။ဒါပေမယ့်စားစရာက ဒါပဲရှိတယ်။
အပြင်မှာ အိုးတစ်လုံးထဲ သောက်စရာ ဟင်းချိုတဲ့။
ကြည့်လိုက်တော့ မယ်ဇလီဖူးနဲ့အရွက်ကို ဆန်ကွဲ တွေ ငါးဖတ်လေးတွေနဲ့ ဟင်းဝါချက်ထားတာတွေ့တာနဲ့ တစ်ခွက်သောက်လိုက်တယ်။
ဟာနေတာ ပိုပြီးဆာလာတယ်။
စောနကတွေ့တဲ့ပေါင်မုန့်ကိုသွားကြည့်လိုက်တော့ မှိုစွဲခါစ ဖြစ်နေပြီ။
နို့ဆီကလဲနည်းနည်းဟောင်းနေပြီ။
မဖြစ်ချေတော့ဘူးဆိုပြီး စားမယ့်အစီစဉ်ကိုနားလိုက်ရတယ်။
ပြန်အိပ်ဖို့လုပ်တော့ နားထဲမှာ တဝီဝီနဲ့ ခြင်ကောင်တွေက ဝဲနေပြန်တယ်လေ။



Monday, October 20, 2008

အချစ်ဆိုသည်မှာ

မိုးသောက်နံနက်ခင်း နေခြည်ရဲ့အလင်းရောင်ကို စတင်ခံစားမိတာနဲ့ အချစ် ဆိုသော သိမ်မွေ့တဲ့စေစားရာနောက် အရာအားလုံးနေသားတကျ လိုက်ပါနေကြမြဲပါလေ။
လေပြည်တွေယိမ်း မိုးပေါက်တွေတိမ်းတိုင်း ခံစားချက်တိုင်း နူးညံ့စေဖို့ အလိုအပ်ဆုံးဟာ အချစ် ဆိုတဲ့ ပျော်ဝင်လွယ်တဲ့
အထင်ကရ နာမ်ဟာ အရေးပါတာ အမှန်ပါပဲ။
ပေါက်ကွဲစေတဲ့ဒေါသ သိမ်ဖျင်းတဲ့အတွေးတွေနဲ့အတူ ရုပ်ပျက်ဆင်းပျက်ကျရှုံး အမုန်း အပေါ်အတုံးအရုံးပြိုလဲအောင်လည်း အသည်းကွဲစေဖို့အကြောင်းအရာကံကြမ္မာကို လက်လွတ်စပယ်အကွက်ကျကျဖန်တီးပေးတတ်တာလည်း အချစ်
ဆိုတဲ့ မလွန်ဆန်နိုင်သော ခံစားချက်ကြောင့်ပါပဲ။
နူးညံ့တဲ့ဒီအတွေး လက်ရေးနဲ့ပုံဖော်နိုင်ဖို့ လောကထဲတွန်းပို့ခဲ့တာလည်း အချစ် ဆိုတဲ့ အရာ ဒို့မိဘနှစ်ပါး နစ်မြောမိခဲ့
လို့ပါပဲ။
အချစ် ဆိုတာ
နူးညံ့ခြင်း သိမ်မွေ့ခြင်း
ပျော့ပျောင်းခြင်း ခက်ထန်ခြင်း
ယုတ်မာကောက်ကျစ်စဉ်းလဲတတ်တဲ့အကျင့်ဖြစ်စေခြင်း
အရာအားလုံးပေါ်အောင်နိုင်စေတတ်ခြင်း
ခပ်သိမ်းသောသူအားလုံးတို့နဲ့ ကင်းကွာရှက်ရွံ့စေတတ်ခြင်း
ဖြူစင်မှုတွေနဲ့အတူ ပျော်ဝင်လွယ်ခြင်း
ရက်စက်မှုတွေနဲ့အတူ ကြမ်းတမ်းမာကျောတတ်ခြင်း
သက်ငြိမ်အရုပ်တစ်ခုပမာ ရှင်လျက်နဲ့သေစေတတ်ခြင်း
ပတ်ဝန်းကျင်အပေါ်ခံစားတတ်မှုကို ပြောင်းလဲစေတတ်ခြင်း
စတဲ့ အံ့သြနဘန်း ဖန်တီးတတ်မှုများစွာနဲ့ ကမ္ဘာလောကကြီးရှင်သန်ဖို့ရာ တည်ရှိနေတာပါ။
ခံစားမိတဲ့ အခြေအနေတွေ မတူတတ်တာကြောင့် အချစ်နဲ့ပတ်သက်တဲ့ ခံစားရချက်တွေအားလုံးဟာ လူအယောက်တိုင်းအတွက်
သံစဉ်ညီတဲ့ ဟန်ချက်ညီတေးသွားလှလှလေးတော့ မဖြစ်နိုင်ပါဘူးလေ။
ဒါပေမယ့် ဂီတတေးသွား အမျိုးအစားပေါင်းများစွာလိုတော့ သူ့အုပ်စုနဲ့သူ ခံစားရပ်တည်နေကြတာမို့ ဒီကမ္ဘာကြီး အခုချိန်ထိ
ကဗျာလှလှလေးတစ်ပုဒ်ပမာ ရောင်စုံပန်းချီကားလှလှလေးတစ်ချပ်ပမာ ရှင်သန်ခစားနေဆဲဖြစ်နေတာပေါ့။
ကျွန်မယုံကြည်မိတဲ့ အချစ် ဆိုတာ
နာမ်ပုဒ်ရဲ့အရှေ့ လှလှပပလေး ဂုဏ်ဖော်ပေးတတ်တဲ့ ပါဝါပြင်းပြင်း နာမဝိသေသန တစ်ခုရယ်လို့ပါ။
ချစ်သူ၊ ချစ်မေမေ၊ ချစ်မိဘ၊ ချစ်ညီမ ၊ ချစ်သူငယ်ချင်း၊ ချစ်သူ့ရင်ခွင်၊ ချစ်ကမ္ဘာမြေ .........................................အိုး
လှလိုက်တဲ့နာမ်တွေ အဖြစ် လူတိုင်းလူတိုင်းရင်ထဲမှာ အစဉ်သုံးစွဲတသနေကြရတာ အမှန်ပဲမဟုတ်လား။
နာမ်ပုဒ်ရဲ့နောက်ကလိုက်ပြီး ယင်းနာမ်ပုဒ်ကို ကြည်နူးဖွယ်ဖြစ်စေတတ်တဲ့အခါလည်း
ကျွန်မချစ်သော၊ မျှော်လင့်ချစ်၊ စွန့်လွှတ်ချစ်၊ ခွင့်လွှတ်သည်းခံအနစ်နာခံချစ်၊ သနားချစ်၊ မြင်မြင်ချင်းချစ်၊ ရိုးသားစွာချစ်...........စုံလို့စုံလို့
အဲဒီ ပုဒ်အစုတွေကို လူတိုင်းလူတိုင်းက ပုံစံအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်ကြ သုံးစွဲကြနဲ့ပဲ လေ။
ညီမျှတဲ့ ခံစားချက်တွေစုစည်းလိုက်နိုင်တဲ့အချိန်ခဏလေးအတွင်း သိမ်မွေ့စွာပျော်ဝင်မိတတ်ကြတဲ့အရာဟာ အချစ်ဆိုတာပါပဲ။

ကျွန်မ ခံစားနားလည်တဲ့အချစ်ဆိုတာကို ခံစားပေးကြပါအုံး။
မဖြစ်မနေရေးဖို့ အမြှောက်အပင့်လေးနဲ့ tag လိုက်တဲ့ ကျွန်မ သူငယ်ချင်း ဖေသိန်းလည်းကျေနပ်မယ်လို့ ယူဆပါတယ်။
ကျွန်မကနေတောင်းဆိုမှုအနေနဲ့ ပြန်တက်ဒ်လိုက်မိတဲ့သူက ပျော်ရွှင်ဖွယ်ရသတွေပေးတတ်တဲ့ ကျွန်မ သူငယ်ချင်း အိမ် ကို အချစ်ဆိုတာ ခေါင်းစဉ်လေးကို ခံစားဖန်တီးပေးပါလို့ ဒီပို့စ်ပေါ်ကနေ tag
လိုက်တာပါ။ အိမ်က တောင်းဆိုချက်ကို လက်ခံမယ်လို့မျှော်လင့်နေမိပါတယ်။