Friday, April 19, 2013
ကုန်သည်များ
Sunday, December 23, 2012
21.12.2012
21 ရက်နေ့တော့ ကျော်သွားပြီ.... လှလှပပ ငြိမ်ငြိမ်သက်သက်လေးပါပဲ.... ဒါပေမယ့် အဲဒီနေ့မတိုင်ခင်ကတော့ လူတွေအများစု နေစရာမရှိအောင်တုန်လှုပ်ခဲ့ကြ... တချို့ကလည်း ဘုရားစာတွေရွတ် တရားတွေထိုင် ပုတီးတွေစိပ်၊ တချို့ကလည်း ချစ်သူရည်းစားဆီ အရောက်သွားပြီး အတူသေပွဲဝင်မယ်ဆိုတဲ့ အထာနဲ့ ကမ္ဘာပျက်မယ့်အချိန်ကို စောင့်စားနေကြ၊ တချို့ကလည်း မိသားစုကို ကိုယ့်နားအပါခေါ်ပြီး ရင်တဒိတ်ဒိတ်နဲ့ ဥစ္စာဓနတွေဖင်ခုထိုင်ပြီး တုန်လှုပ်နေကြ၊ တချို့ကလည်း ကမ္ဘာပျက်တော့ အကုန်သေ အားလုံးအေးရော ကောင်းတာပေါ့ အများပဲဟာ ဘာကြောက်စရာမှတ်လို့ဆိုတဲ့ သေမထူးနေမထူးနဲ့ မျက်နှာလွှဲခဲပစ် ထင်သလို နေကြ၊ တချို့ကလည်း ဟောကိန်းတွေအပေါ် သုံးသပ်ဝေဖန်ရင်း ပျက်ရေးမပျက်ရေး အလုပ်ရှုပ်နေကြ၊ တချို့ကလည်း သွေး`၇ူးသွေးတန်းနဲ့ အရူးဇာတ်ခင်းပြီး ၂၁ ရက်နေ့မတိုင်ခင် ကိုယ့်ကိုယ်ကို သတ်သေကြ၊ တချို့ကလည်း.... လက်ရှိအတ္တတွေအတွက် မာနတွေ လောဘတွေတသီကြီးထားပြီး ကိုယ့်အတ္တအနိုင်ရရေး ကြံဆောင်လုံးပမ်း၇င်း ၂၁ ရက်နေ့ကို ဥပေက္ခာပြုထားကြ၊ တချို့ကလည်း ကောင်းတဲ့စိတ်ကောင်းသောအကြံကောင်းတဲ့အလုပ်တွေလုပ်ရင်း ငြိမ်းချမ်းနေကြ.... ဒီလိုနဲ့ပဲ ၂၁ ရက်နေ့ကြီးမှာ ဘာမှမဖြစ်ဘဲ အခု ၂၃ ရက်နေ့အထိ ကမ္ဘာကြီးဟာ အရင်လို နေ့နဲ့ည လည်ပတ်မြဲပဲ... ကဲဘယ်မလဲ မာယာ... ကဲဘယ်မလဲ ၂၁ ရက်နေ့ဟောကိန်း... အားလုံးဟာ မှားတယ်ဆိုရင် ငါက ကမ္ဘာမပျက်ကြေး လောင်းထားတော့ နိုင်တယ်ပေါ့... ဒါပေမယ့် နိုင်တဲ့အတွက် အလျော်အစားကတော့ တိတ်ဆိတ်စွာ ရှင်သန်နေခွင့်ပါပဲ...
Saturday, December 15, 2012
သတိရပေးပါ
အတိတ်က သိပ်လှခဲ့သလား.... သတိရပေးပါ ချစ်သူ.... ငါ့အနားမင်းရှိနေမယ့် အတိတ်တခု.... အခုပစ္စုပ္ပန်အထိ ငါသယ်ဆောင်ခဲ့တယ်... ဒီတသက်စာအတွက် မင်းဘာပဲလုပ်လုပ် မင်းဘယ်ပဲရောက်နေနေ မင်းဘေးငါရှိနေမယ်ဆိုတာ သတိရပေးပါ... ငါတို့ခရစ္စမတ်မှာ ထင်ရှူးပင်မရှိဘူး... ချောကလက်လည်းမရှိဘူး... ကုတင်တိုင်က ခြေအိတ်လေးလည်း ဘယ်ရောက်နေမှန်းမသိပေမယ့် သတိရပေးပါ... ချစ်သူ မင်းနဲ့ငါ အချစ်တွေနဲ့ နွေးထွေးနေမယ်ဆိုတာကိုပေါ့.... အတိတ်တွေသိပ်လှခဲ့သလား မသေချာပေမယ့် အခုပစ္စုပ္ပန်ကတော့ သိပ်လှနေတာသေချာတယ်... အနာဂတ်လည်း မင်းနဲ့ငါ့အတွက် အချစ်တွေလတ်ဆတ်နေရင် သိပ်လှသွားမှာ အသေချာပါပဲ... ခရစ္စမတ်ရဲ့ ဆောင်းညအေးအေးတွေထဲမှာ မင်းဘေးက ငါ့ကို အမြဲသတိရပေးပါ... ဒါဆို ငါနဲ့မင်း သိပ်နွေးသွားမှာပဲ... ၂၀၁၂ ကုန်ဆုံးမယ့်ရက်တွေကို ရေတွက်ရင်း မင်းသတိရနေပေးပါ... မင်းကို ငါချစ်နေတယ်ဆိုတာကိုပေါ့...
Thursday, November 15, 2012
မျက်ဝန်းအစုံအစုံ
ရင်ခွင်တခုမှာ ငါခိုလှုံနေခဲ့ရတုန်းက
အပြုံးမြမြနဲ့ တတွတ်တွတ်ပြောရင်း
အခါမလပ် ငါ့ကို ဂရုတစိုက်ရှိခဲ့တဲ့
ရင်ခုန်တတ်လာတော့
ငါက တပ်မက်ခဲ့တဲ့
မျက်ဝန်း အစုံအစုံ.....
ငါ့ကို တပ်မက်တဲ့
မျက်ဝန်းအစုံအစုံ......
တခါတခါ
ငါက
တခါတခါ
သူက
အပြန်အလှန် အသံတိတ်စကားတွေဖလှယ်ဖြစ်ခဲ့ကြတဲ
မျက်ဝန်း တစုံ........
အဲဒီမျက်ဝန်းတွေပြီးတော့.....
ငါ့ရင်ကို လှုပ်ခတ်စေခဲ့တဲ့
ငါ့ဘ၀ကို သိမ်းပိုက်စေချင်လောက်အောင်
ညှို့အားပြင်းတဲ့
ရွှန်းစိုတောက်ပပြီး နက်နက်ရှိုင်းရှိုင်း
အသံတိတ်စကားတွေ
ရင်ထဲကခံစားချက်တွေကို
အိတ်သွန်ဖာမှောက်ချပြတတ်တဲ့
မျက်ဝန်းတစုံကို တွေ့တော့........
ငါ အဲဒီမျက်ဝန်းကို စွဲလန်းတပ်မက် ပိုင်ဆိုင်ချင်ခဲ့မိတယ်........
အခုတော့ အဲဒီ မျက်ဝန်းပိုင်ရှင်နဲ့အတူ
မျက်ဝန်းထောင်သောင်းမကတဲ့ ရပ်ဝန်းတွေ ရပ်ဝန်းတွေတိုင်းမှာ
ဘ၀လမ်းကို အတူဖြတ်ရင်း
ငါတို့ မျက်ဝန်းတစုံစီဟာလည်း
အပြုံးမြမြနဲ့
ကြုံရသမျှ မျက်ဝန်းအစုံအစုံတိုင်းကို
အင်အားအပြည့်နဲ့ တုံ့ပြန် ရင်ဆိုင်နေကြတယ်...........
အဲဒီအချိန်မှာ ရင်ခွင်ထဲခိုလှုံခွင့်ပေးခဲ့တဲ့
ငါ စစချင်းတွေ့ဖူးခဲ့တဲ့ မျက်ဝန်းအစုံဟာ
ငါ့ကို ပြုံးစစနဲ့ အမြဲဂရုစိုက်စွာ ကြည့်နေဆဲပေါ့..........
Tuesday, November 29, 2011
ကျောက်ထက်အက္ခရာ
စကားလုံးတွေ
မိုးတိမ်အဖြစ်နဲ့
ငါ့ကောင်းကင်ယံမှာ နေရာယူထားတော့...
အချစ်ဆုံး သူ့ရဲ့ မျက်လုံးအစုံက
သူရိန်နေမင်းအဖြစ်နဲ့ပေါ့...
ဒါတွေထားလိုက်ပါလို့
မင်းပြောမလား ချစ်သူ...
ဘ၀မှာ
အချစ်ထက်အရေးပါတဲ့ စကားလုံးမဲ့ကောင်းကင်တစ်ခုများ
မင်းဖန်ဆင်းချင်သေးလို့လား....
အပြောထက်အလုပ်က အရေးကြီးတာကိုတော့
အလုပ်လုပ်တဲ့သူတိုင်း
သိတာနားလည်တာပေါ့...
ဒါပေမယ့်လေ
စကားလုံးတွေသာ မရှိရင်...
ကမ္ဘာပေါ်မှာ ဒို့ရှင်တော်မြတ်ဘုရားကလည်း
စကားကြီးဆယ်ခွန်းတို့
သုဘာသိတာ တို့လို
စကားအရာမှာ လိမ္မာပါးနပ်ဖွယ်အကြောင်းတရား ညွှန်ကြားထားပါ့မလား ချစ်သူရယ်...
ငါ့အတွက်တော့....
စကားလုံးမိုးတိမ်တွေနဲ့ အေးမြလတ်ဆတ်နေတဲ့
ခပ်ပြာပြာကောင်းကင်ကြီးထဲက
မြတ်နိုးမှုလေညှင်းတွေသာ
ငါခံစားချင်နေတာ...
အဲဒီစကားလုံးတွေဟာ
ကမ္ဘာမဆုံးသေးသရွေ့တော့
ကျောက်ထက်အက္ခရာတင်ဖြစ်သွားတဲ့
ကျောက်ဖြစ်အက္ခရာတွေအဖြစ်
ငါ့ရဲ့နှလုံးသားကျောက်ဆောင်မှာ
မှတ်ကျောက်ထင်ထားချင်ရဲ့....
အဲဒီအတွက်တော့
ချစ်သူရေ....
မင်းနှုတ်ဖျားက
ငါ့အတွက်
စကားလုံးလေးတွေ
တစ်နေ့တစ်ခွန်းကျတော့
ဖွင့်ဟပေးပါလား....
တောင်းဆိုပါရစေ ချစ်သူ....
ကိုယ့်အတွက်
ကျောက်ထက်အက္ခရာအဖြစ်နဲ့ပေါ့....
ချစ်သောဒီဇင်ဘာအတွက်
နီနီ (နိုဝင်ဘာ ၂၉ ၂၀၁၁ ၁း၂၀နာရီ)
Saturday, November 12, 2011
၁၁-၁၁-၁၁

မနေ့ညက ရုတ်တရက်နာရီကို ငုံ့အကြည့်
၁၁နာရီ ၁၁မိနစ် တဲ့....
အဲဒီညက အိပ်ရာဝင်တော့ အမှတ်မထင်နာရီကိုပြန်အကြည့်
၁နာရီ ၁၁မိနစ် တဲ့....
ဒီနေ့မနက် အိပ်ရာက ထတော့ နာရီတစ်ခါပြန်ကြည့်
၁၁နာရီ ၁၁မိနစ် တဲ့...
အခုတစ်ခါ ကဗျာစပ်မိပြန်တော့ နာရီကိုတစ်ခါပြန်အကြည့်
၁နာရီ ၁၁မိနစ်တဲ့....
လည်နေတဲ့ ဒီ ၁ ဘယ်တော့ပြန်ရပ်မလဲ...
မစဉ်းစားချင်တော့ပေမယ့်
ဒီ ၁တွေ ဆုံတဲ့နေ့မှာ
ငါ့နှလုံးသားရဲ့နယ်ပယ်ထဲမှာ
၁ဂဏန်းစိုးမိုးနေတဲ့သူတစ်ယောက် အပြုံးမြမြနဲ့ ငါ့ကိုငုံ့ကြည့်နေပြန်တယ်။
၁ဂဏန်းဆုံတဲ့ ဒီနေ့ ဆေးပေါင်းခမလား
မပြောတတ်ပေမယ့်....
အိမ်ရှေ့မှာတော့ မီးပုံးတွေ ၁၀လုံးကို
ငါ့ထက် ၁၀နှစ်ကြီးတဲ့ ၁ဂဏန်းသမားတစ်ယောက်က
ငါ့အတွက် ဖန်တီးပေးထားပြန်ရဲ့....
အခုတော့ငါဟာ ၁နာရီ ၁၁မိနစ်အချိန်မှာ
လပြည့်ညရဲ့ လသာသာထဲ မီးပုံး၁၀လုံးကို မော်ကြည့်ရင်း
ဆုတောင်းမိတာက....
၁၁မီးငြိမ်းပါစေသား လို့....
သတ္တ၀ါခပ်သိမ်းအတွက်လေ.....
(၁၁-၁၁-၁၁ အမှတ်တရ)
Wednesday, October 26, 2011
နိုဝင်ဘာမိုး
အဲဒီနိုဝင်ဘာမှာ သူနဲ့ကိုယ် ဆုံမှတ်တစ်ခုရဲ့ အမှတ်တရလမ်းကလေးမှာ လက်တစ်ဖက်စီဆုပ်ကိုင်ရင်း အပြုံးကိုယ်စီနဲ့ ဘဝတွေကို ဖလှယ်ဖို့ ဒူးတိုက်ဆွေးနွေးခဲ့ကြတယ်.... နိုဝင်ဘာမှာပေါ့... အဲဒီနိုဝင်ဘာ... အခုလည်း နိုဝင်ဘာပါပဲ... နိုဝင်ဘာဟာ အပြောင်းအလဲမရှိ ရောက်ရှိလာတော့မယ်.... တခုပဲ.... သဘာဝတရားက အခု နိုဝင်ဘာကို ဗွက်တွေနွံတွေ ထူထဲသိပ်သည်းစွာ လက်ဆောင်အဖြစ်ပေးထားတယ်... ဒါပေမယ့် သူနဲ့ကိုယ် သစ္စာထူတဲ့ မေတ္တာနွံထဲမှာ အချစ်သန့်သန့် ၁၅၀၀က သိပ်သည်းဆအများဆုံးနဲ့ ထပ်တူညီနေဆဲ... ဒါကြောင့် နိုဝင်ဘာဟာ ကိုယ်နဲ့သူ့အတွက် အပြောင်းအလဲမရှိသလို.... အရာအားလုံးအတွက်လည်း ထပ်တူညီတြိဂံတစ်ခုအဖြစ် ဆက်တည်ဆောက်ကြမယ်လို့... သန္နိဌာန်ပြုထားမယ်ဆို.... အားလုံးရဲ့နိုဝင်ဘာဟာ သစ္စာတရားတွေကြောင့် လှပသာယာလာလိမ့်မယ်လို့ စိတ်ကူးတွေလတ်ဆတ်နေဆဲ.... ဟုတ်တယ်.... အရာအားလုံးဟာ မျှော်လင့်နေစရာ ဆုတောင်းနေစရာမလိုလောက်အောင် တူညီတဲ့ ဟန်ချက်ညီမှုတွေ ဟာမိုနီဖြစ်နေမယ်ဆိုရင် အားလုံးဟာ ကမ္ဘာပေါ်မှာ တသွေးတည်းတသားတည်း လှပလတ်ဆတ်နေမှာ အသေအချာ....
သူ..... ကိုယ့်အတွက် နိုဝင်ဘာမှာရွာမယ့်မိုးစိုစိုလို မေတ္တာအပြည့်ခင်းထားတဲ့ တစ်ဖက်ပိတ်လမ်းကလေးထဲမှာ သစ္စာတရားကို ရင်မှာတပ်ရင်းနဲ့ အမှန်တရားကို ဖက်တွယ်ရင်း အမုန်းကို ဟိုးဝေးဝေးမှာ ပိတ်ထားလိုက်တယ်... အမုန်းမရှိတာမဟုတ်ဘူး.... သူနဲ့ကိုယ့်အတွက် အမုန်းမဲ့ဇုန်ထဲမှာ တွေ့ကြရတဲ့ ဟောဒီနိုဝင်ဘာ....
“ချစ်သူသက်တမ်း လေးနှစ်ပြည့် အမှတ်တရ”
Wednesday, July 27, 2011
စေ
“စေ”
မဟုတ်ဘူးလို့
ငြင်းကန်ခြင်းတစုံတရာအောက်
ခေါင်းညိတ်လိုက်တဲ့
အမူအရာက
တထပ်တည်းဖြစ်အောင်.................... စေ။
ပေါက်ကွဲခါနီးဒေါသ
အဖာတစ္ရာမကတဲ့ အက်ႌေအာက္က
ရင္ဘတ္ကလဲ
ဟာမိုနီမပျက် စုတ်ပြတ်ကာသိမ်းဆည်း
အေးချမ်းတဲ့အမူကျင့်နဲ့ တည်ငြိမ်အောင်............စေ။
ဘာမှန်းမသိတဲ့
လူးလွန့်နေစိတ်တွေရဲ့နောက်
မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့
အားလုံးတိကျသေသပ်လှပအောင်...............စေ။
ပုပ်အဲ့အဲ့အညှီအဟောက်
စွန်းထင်းတဲ့အပိုင်းစများက သွေးအဖြစ်စုစည်း
ချစ်ခြင်းကိုခေါင်းပေါ်ရွက်
အနီရောင်သဘောတရားပျောက်ကွယ်အောင်..............စေ။
အခု ဒီနေ့ ဒီအချိန် ဒီနေရာ
အပြောင်းအလဲမရှိ
ယုတ်ညံ့တဲ့လက်စောင်း မပြောင်းဘဲဆက်ကာနေတဲ့
နှုတ်ခမ်းတွေနဲ့
ကိုယ်သေမယ့်နေ့ကိုကိုယ်တိုင်.................စေ။
သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း။
အတွဲ (၃)၊ အမှတ် (၁)၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ။
ကဗျာလေးတပုဒ်ပါဝင်ခွင့်ရခဲ့တဲ့အတွက်အတိုင်းမသိကျေနပ်မိပါတယ်.........။
Tuesday, July 19, 2011
ကဗျာဂါရဝ
အမှတ်တရပါပဲ...
အခက်ခဲပေါင်းများစွာကြားက
ငါတို့မြန်မာဆိုတာ ဒီလိုပါလို့
ကြွေးကြော်နိုင်အောင်
မြန်မာပြည်ကြီး လှလှပပ ကပြနိုင်အောင်
မြေပုံလှလှနဲ့
အက်ဒမမ်ဆီးနဲ့ ဘေးအော့ဖ်ဘင်းဂါးကြားမှာ
ထည်ဝါစွာ ငွားငွားစွင့်စွင့်ပေါ့...
သွေးတွေ တဆက်ပြီးတဆက်
အသက်တွေ တသက်ပြီးတသက်
တယောက်ပြီးတယောက်
အဆုံးသတ်မရတဲ့ ချစ်စိတ်တွေနဲ့
သူတို့အလှကို ဖော်ကျူးရင်း
ငါတို့ချစ်မြေကို
ထိန်းသိမ်းနိုင်ကြဖို့
သူတို့တွေ ကိုးဦး တချိန်တည်းတပြိုင်တည်း စတေးခဲ့ကြရ...
အတ္တလောဘ အမှောင်ဖုံးသူတွေကြား
သူတို့ကျဆုံးပြီးနောက်
တဖြည်းဖြည်းပြိုကျခဲ့ရတဲ့
ငါတို့ ပြည်မြန်မာ
သာစွဆိုတာ ဟုတ်ရဲ့လား။
နောင်လာနောက်သား
ငါတို့တတွေလည်း
အဖြစ်ကတော့ ဒါပါပဲလို့
တဖွဖွညည်းတွားရင်း
အတွေးပင်လယ်မှာချာချာလည်ရင်း
မာယာတောမှာ မောဟအမှောင်ကြားက
အတ္တဟိတကိုပဲ ဗဟိုပြုရင်း
ကကြ ခုန်ကြ ကစားကြနဲ့
တဖြည်းဖြည်းကြီးပြင်းလာကြ
သို့ပေမယ့်
ဒီနေ့ ဇူလိုင် ၁၉ရက်ရောက်လာရင်တော့
အားလုံးရင်ထဲ
အဖြစ်ဟောင်းကို သမိုင်းကြောင်းပေါ်က
ဖုန်ထူထူစာရွက်ကြားထဲ
ဂါရဝပြုရင်းအဆုံးသတ်ရုံနဲ့
ပြီးရမလား...
သူတို့ဖြစ်စေချင်ကြတာ ဒါပဲလို့
မထင်ဘူး။
အားလုံးဟာ ကိုယ့်အာယုကို ကိုယ်ချစ်ပေမယ့်
သူတို့လို စတေးဖြစ်ခဲ့ကြရင်
အခုအချိန်ဆို ငါတို့
ငါတို့မြေပေါ်မှာ
လှလှပပ ဂါရဝပြုနိုင်ကြမှာ
အသေအချာ....
Sunday, May 08, 2011
သွေးထဲက သွေး

သြကာသလောက တခွင်
ဘယ်ပင် သွားသွား
ဘာပင် ကြားကြား
အားလုံးဟာ တသားတည်းကျနေတတ်တာက
မျိုးဆက်ဆိုတဲ့ စကား...
အသင်လူသား
အာဒံနဲ့ဧဝ
ဗြဟ္မာကြီးနှစ်ဦး
ဘာနဲ့ပဲစစ
ဧဝဆိုတဲ့ မိန်းမ
သူ့သန္ဓေကမှ လောကမှာခြေချ
လူဆိုတဲ့ မျိုးဆက်စခဲ့တာ
အသေချာပဲ မဟုတ်လား???...
အဆက်ဆက် ဖြစ်တည်ခဲ့
အဆက်ဆက် စီးဆင်းဆဲ
သူတို့ သူတို့သွေးတွေနဲ့
မျိုးဆက်တွေ တဆက်ပြီးတဆက်
ခက်ခဲတဲ့ စွန့်စားမှုတွေကြား
အသက်နဲ့ အလောင်းအစားထား
သူတို့ရဲ့သွေးတွေထဲက
သွေးသစ်တွေ စီးဆင်းသွား
တယောက်ပြီးတယောက်
တယောက်ပြီး တယောက်ပေါ့...
ဒီနှစ် ၂၀၁၁ မှာတော့
သန်းခြောက်ထောင်ကျော်တဲ့ လူသားတွေကြား
ရေပန်းအစားဆုံးနဲ့ ကိုးစားမှုအားလုံးဆုံတဲ့အရာဟာ
“အမေ” ဆိုတဲ့ မာတာမိခင်ကလွဲရင်
ဘာဖြစ်အုံးမလဲ???
ငါ့မှာလည်း သွေးတွေရှိတယ်ဆိုရင်
မင်းမှာလည်း သွေးတွေရှိမယ်
ငါတို့အားလုံးမှာ သွေးတွေ သွေးတွေ
သူတို့ သူတို့ ရဲ့ သွေးတွေနဲ့သာ
အသက်ရှူသံတွေ ကဗျာဆန်ခွင့် ရနေကြတာ....
အားလုံးအတွက် “မေမေ”
ငါချစ်ရတဲ့ ငါ့အမေနဲ့အတူ
မင်းတို့ အားလုံး....
လူသားအားလုံးလည်း
“မေမေ”ဆိုတဲ့ ခေါ်သံတွေ တမ်းတမှုတွေနဲ့
အရိုအသေပေးမှု အောက်မေ့တသ သတိရစွာ
ချစ်ခြင်းတွေနဲ့ အလှဆင်ကြတော့မှာ
အသေအချာ....
(အမေနေ့အား ဤစာသားဖြင့် ဂုဏ်ပြုအပ်ပါသည်)
Saturday, November 27, 2010
အလွမ်း
တိတ်ဆိတ်လှသော ချစ်ကြမ္မာရဲ့အောက်
ငါ အသံတိတ် ငိုကြွေးနေဆဲ
အတ္တပွင့်ဖတ်တွေထဲက
ဟန်ဆောင်မှု ဝတ်မှုံတွေလည်း
အလွမ်းဝေဟင်ထဲ တသိမ့်သိမ့်ဝဲလွင့်ဆဲပါ...
သိမ်မွေ့လှသော အနမ်းကမ္ဘာထဲ
ငါ အသက်မဲ့မသွားအောင်
မာယာစင်မြင့်ထက်က အာဃာတလိပ်ကားရှေ့မှာ
အမူအရာ အဖုံဖုံနဲ့
သွဲ့သွဲ့လေး ကဆဲပါ...
အမုန်းဝင်္ကာပါတောထဲက
ကြွရောက်အားပေးလာကြတဲ့
သစ္စာမဲ့ ပြယုဂ်ပိုင်ရှင်များစွာကိုလည်း
ငါ လှလှပပ ပြုံးပြဆဲပါပဲ...
အတွင်းသဘောအမှန်ကို
ဖွင့်ပြောရန်မလိုသလို
အကြင်နာတောကိုလည်း သမင်လည်ပြန်စောင်းငဲ့ပြီး
တသသ မလွမ်းချင်တော့ဘူးလေ...
ဥယျာဉ်တခုကိုသာ
ငါ...
ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တော့
မြတ်နိုးမှုတွေစီခြယ်
သိမ်မွေ့တဲ့ နူးညံ့ခြင်းပွင့်ဖတ်တွေကို
ယုယမယ့် လက်တစ်စုံတော့
တမ်းတဆဲပါ....
Wednesday, September 15, 2010
တိုက်ဆိုင်ခြင်း
သူငယ်ချင်း...
မင်းရင်ထဲဘယ်လိုရှိမလဲ?
ငါမသိချင်ပါဘူး..
ဒါပေမယ့်ပေါ့လေ
တရံတခါ
တိုက်ဆိုင်မှုတွေကြား
ဗျာပါဒများစွာနဲ့
ဖြူစင်မှုကို
ဆက်ပြီးအရောင်ဆိုးမယ်ဆိုရင်
ဗန်ဂိုးရဲ့ နေကြာတွေလို
လှပစွာရေးခြယ်လိုက်...
ဒီလိုမှမဟုတ်ရင်လည်း
မင်းရင်ထဲကအမုန်းတရားကို
အေ့ဒ်စ်ရောဂါဗိုင်းရပ်စ်လိုပဲ
ဆက်အမြစ်တွယ်စေလိုက်....
တခုတော့ရှိတယ် သူငယ်ချင်းရေ...
မင်းရွေးချယ်တဲ့အပြောင်းအလဲက
ခိုင်မာတဲ့ဆုံးဖြတ်ချက်အတိုင်း
မင်း...
ရလာဒ်တွေရင်ဆိုင်ခံစားရချိန်မှာ...
အနားမှာ...
ငါလည်း ရှိမနေပါဘူး..
ထို့အတူ မင်းချစ်သူလည်း
မင်းအဝေးမှာ...
ခံစားမှုတွေထပ်တူကျခဲ့မယ်ဆိုရင်တောင်
မင်းခံစားရသလောက်
ပြင်းထန်လိမ့်မှာမဟုတ်ဘူး...
သူငယ်ချင်းရေ...
ငါ့ရဲ့ ဗျာပါဒတခုဟာ
မင်းဘဝထဲကို
သံမှိုတချောင်းအဖြစ်
စိုက်ဝင်သွားခဲ့တယ်ဆိုရင်လည်း
ငါနှုတ်ယူပေးဖို့
မကြိုးစားတော့ပါဘူး...
ဒီအတိုင်းပဲငါ
ငါ့ခရီးကိုဆက်လျှောက်ရင်း
မင်း အက်ရှင်ကို
လျစ်လျူရှုလိုက်တော့မယ်...
အဝေးတနေရာဆီမှာ
အတ္တအတွေးတွေ
တူနေမယ်ဆိုရင်တော့
အဲဒီအတ္တထဲမှာ
ငါကြာကြာပျော်မွေ့လိမ့်မယ်မထင်ဘူး
သူငယ်ချင်းရေ...
ပန်းလား လိပ်ပြာလား ပန်းချီကားတချပ်လား
ငါ မဝေခွဲချင်ပေမယ့်
မင်းကတော့ ငါ့ကို
ခွဲဝေပေးခဲ့တယ်...
သတ်မှတ်ချက်တခုနဲ့
ငါ့ကို
နာမ်စားများစွာ
မင်း သုံးခဲ့တယ်...
ထားပါလေ ....
သူငယ်ချင်း
မင်းရဲ့ စွယ်တော်ရွက်မှာ
ငါဟာ
ဘောက်ဖတ်ပိုးတကောင်ဆိုရင်လည်း
ခပ်စိမ်းစိမ်းဘောက်ဖတ်ပဲ
ဖြစ်လိမ့်မယ်လေ...
ရှိစေတော့ပေါ့...
ဒါပေမယ့်
အသက်ရှူသံတွေကြားထဲမှာ
ငါတို့နင်းတဲ့မြေကြီးတွေကို
အားနာဖို့လိုတယ်လို့
ငါမင်းကို
တရားချပါရစေလား...
သူငယ်ချင်းရေ...
မင်းနဲ့ငါ
Decadeတခုလောက်ကွာပေမယ့်
မင်းဟာ ငါ့အတွက်
ကလေးတယောက်အလား...
ငါဟာ မင်းအတွက်
လူအိုတယောက်အလားလား?
မင်းအတွက်
ငါ့မှတ်နိုင်စွမ်းအားတွေ
အိုင်ကျူအဆင့်တွေ
သတ်မှတ်ချက်များစွာတွေ
အသုံးချခံ Object တွေ အဖြစ်နဲ့
မရပ်တည်ပါရစေနဲ့...
ငါမင်းကို အနူးအညွတ် တောင်းဆိုပါရစေ...
သူငယ်ချင်း
မင်းနဲ့ငါဟာ
ရှေးရေစက်အရ
ဆုံတဲ့သူတွေမဟုတ်ကြသလို
လက်တွဲဖို့လည်း
အကြောင်းမဖန်လေတော့
့ရှေ့ဆက်ကြမယ့်
ငါတို့ခရီးတွေဟာ
တိဗက်လွင်ပြင်နဲ့လပ်စ်ဗီးကပ်စ်လိုပဲ
တခြားစီ
အဝေးကြီးပါ...
ကမ္ဘာပြားသွားတယ်ဆိုရင်လည်း
အိုင်တီနယ်မှာ
ငါတို့ဆုံချင်ဆုံကြလိမ့်မယ်
ဒါပေမယ့် သူငယ်ချင်း
ငါ မင်းကိုမြင်ရင်တောင်
ငါ့ လက်ချောင်းတွေက
မင်းဆီ အရောက်လှမ်းတော့မှာမဟုတ်ပါဘူး....
သူငယ်ချင်း
မင်း စိတ်ထဲက အာရုံခံစားမှုတခုရဲ့
စေ့ဆော်ချက်တွေကြောင့်
ငါ့ကိုအမုန်းထွားနေခဲ့ရင်လည်း
လီယိုနာဒိုဒါဗင်ချီလိုပဲ
မင်းထင်ရာမင်းအနုပညာပေါ့...
ငါ
ဘာမှ တတ်နိုင်တဲ့သူမဟုတ်ပါဘူး
အဝေးမှာပဲ
ကျောခိုင်းထားရင်း
ဗြဟ္မစိုရ်တရားလေးပါးထဲက
တခုခုကို
လက်ကိုင်ပြုနေရင်းပေါ့...
မင်းကိုငါ...
တိုက်ဆိုင်မှုများစွာအောက်မှာ
လျစ်လျူရှုထားလိုက်ပါ့မယ်...
ဟုတ်ပြီလား သူငယ်ချင်း?
မင်းဘဝတလျှောက်
မင်းထင်ရာစိုင်းဖို့
ဘောင်ကွပ်မထားတဲ့
ပိတ်ကားဖြူဖြူတချပ်နဲ့
အရောင်စုံတဲ့
ဆေးတွေလည်းအပြည့်ပါ...
ခပ်ဆန်းဆန်းစုပ်တံနဲ့
အခရစ်လစ်လား... ဝါတာကာလာလား ... ဆီဆေးလား... ဘာလဲ?
မင်းကြိုက်တာနဲ့
ရေးခြယ်ခွင့်ရှိပါတယ်ဟာ....
{တဒင်္ဂခံစားမှုဖြင့် ဒီကဗျာကို ရေးဖွဲ့မိပါတယ်...}
Sunday, August 15, 2010
လေညှင်း
စေစားရာအရပ်က
ဖုန်ထူထူကန္တာရထဲ
အပြုံးချင်းဖလှယ်ရင်း
နင်နဲ့ငါအတူသွားတော့....
အို!
တနေ့ထက်တနေ့
ပိုပိုပူလာ
တေးသွားတွေတစ်ပုဒ်ပြီးတစ်ပုဒ်
ပြိုင်တူရွတ်ဆိုကြ
နေပြင်းပြင်းထဲ
လေညှင်းလေးတစ်ချက်ဝှေ့တော့....
နင်နဲ့ငါပြိုင်တူပြုံးမိကြတယ်
ဟိုး အတိတ်က အကြွေး.....
Wednesday, August 04, 2010
သစ်ရွက်ခြောက်လား
စိမ်းလန်းခဲ့ဖူးတဲ့ နေ့ရက်တွေရဲ့နောက်ကွယ်က
ဆူးငြှောင့်ခလုတ်များစွာ
ခရာဆူးခြုံတွေထဲက ကန္တာရ အရွက်စိမ်းလေးတစ်ရွက်
ခပ်ပြင်းပြင်းလေကြမ်းတစ်ကြိမ်ရဲ့နောက်
အားမတန်လို့ လိုက်ခဲ့ရတဲ့အဖြစ်လည်း
မကြုံစေချင်ဘူး.....
တစ်ခါတစ်ရံ
ညှိုးနွမ်းခဲ့ဖူးတဲ့ စိတ်ကော်ဇောရဲ့တောက်ပမှုဟာ
ဟန်ဆောင်မာယာများစွာနောက်
သံသယတချို့ထဲက အတ္တစိမ်းစိမ်းလေးအဖြစ်
အာဃာတနွံမှာ နှစ်မြှုပ်လိုက်တဲ့အချိန်
အပြုံးပျောက်လို့ အမုန်းတောက်ရတဲ့အဖြစ်လည်း
မကြုံစေချင်ဘူး....
တစ်ခဏများစွာမှာ
ဥပေက္ခာမျက်လုံးများနဲ့
အဆာမပြေ နှလုံးသားအာဟာရကို
ဆန္ဒများက ဖြည့်ဆည်း
ဝေဝါးသွားတဲ့ဆင်ခြင်တုံအောက်က
သစ်ရွက်ခြောက်တစ်ရွက်အဖြစ်
မြေပေါ်ကြွေမှာလား
လေပေါ် ဝဲရင်း ကြေမွသွားမှာလား?
ကဲ....အသင်
ကိုယ်စောင့်ကြည့်နေမယ်...
Wednesday, March 03, 2010
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ

ခြေလှမ်းတိုင်း
အားအင်အပြည့်ပေါ့...
ဘေးချင်ယှဉ်လျက်
နောက်ထပ်ခြေလှမ်းတစ်စုံ
ရနံ့မပြယ်မယ့် ရောင်စုံပန်းခင်းထဲ
ထပ်တူ ဆက်ကာလှမ်းရင်း...
ချိုမြိန်တဲ့သစ်သီးတွေ အပြည့်နဲ့
စိမ်းစိမ်းအုပ်အုပ်လေးဆီ
ဟန်ပါပါလှမ်းတိုင်း
သူ့နှုတ်ခမ်းဆီက
ပန်းသီးတစ်ကိုက်ချင်း
ကိုယ့်နှုတ်ခမ်းဆီကို
တယုတယမျှဝေတော့
ကိုယ် ယစ်မူးနှစ်လိုစွာ အရသာခံရင်း
တနေ့ပြီး တနေ့
စက္ကန့်တိုင်း စက္ကန့်တိုင်း....
အင်အားခွန်အားသစ်တွေ
အပြည့်နဲ့
လျှောက်လှမ်းတဲ့လမ်းအပေါ်
မိုးသားအုံ့အုံ့တွေ စိုးမိုးစပြုလာတိုင်း
ကိုယ်နဲ့သူ့ နှုတ်ခမ်းတွေက
ချိုမြိန်တဲ့
အချစ်လေပြင်းတွေ မှုတ်ကာ
ကိုယ်တို့ ကောင်းကင်ကို
ကြည်စင်သွားစေ....
နေခြည်ဖြန်းတိုင်း
မိုးစက်လက်ကျန်တွေက
ရောင်စဉ်ခုနစ်သွယ်ဖြစ်တော့
နှစ်ယောက်သားဟာ
ကြည်နူးရိပ်များစွာနဲ့
သက်တံပေါ်
ရောက် ရောက် သွား...
ပန်းသီး
တစ်ကိုက်ချင်း တစ်ကိုက်ချင်း
ခွန်အားတွေ မျှဝေရင်း
ဆက်လျှောက်မယ်
နေ့သစ်တွေဆီ
ချစ်ရနံ့မပြယ်မယ့်
ကိုယ်တို့ရည်မှန်းရာ ကမ္ဘာရဲ့
အဆုံးမဲ့လမ်းပေါ်ပေါ့...
တွဲထားမယ်
သူ့လက်ကို
တပ်တူကျတဲ့
ဘဝတစ်ခုနဲ့လေ....
(အမှတ်တရ သုံးရက်သုံးလ)
Sunday, February 28, 2010
လမှတ်တမ်း
တိမ်တောက်တဲ့ညနေခင်း
မြူဖုံးတဲ့ နံနက်နဲ့
တောက်ပတဲ့ နေ့လည်
ပြောင်းလဲခြင်း သုံးခုထဲနဲ့
ဒီလကို ငါစီးနင်းခဲ့....
အမှောင်မဲ့ နက်ရှိုင်းတဲ့အာရုံမှာ
ဟန်ပါပါစီးမျော
အပြာရောင်လွင်ပြင်တခုဆီပေါ့....
တင်းကျပ်တဲ့ ခိုင်မြဲမှုတစုံအောက်
နွေးထွေးယုယ တိမ်ဆိုင်များကြားမှာ
နှစ်လိုစွာ ပျံသန်းခဲ့....
လရဲ့ဆယ်စုတစ်ခုကျော်ကျော်မှာ
အမှတ်တရများစွာနဲ့
ကြည်နူးခဲ့ရတဲ့ လတ်ဆတ်တဲ့အတိတ်အဖြစ်ထားခဲ့....
ဖန်တီးမှုတိုင်း ရိုးသားစွာ
စီးနင်းခဲ့ ဒီလအပေါ်
သစ္စာရှိတဲ့ အကြင်နာတစုံနဲ့
ငြိမ်းချမ်းမှုကိုရှာရင်း ဖန်တီးရင်းပေါ့
အမှတ်တရတွေများစွာ
ကဗျာဆန်ဆန်ပဲ
ဒီလ.... ဖေဖော်ဝါရီလ...
ငါ့တိမ်ဆိုင်မဲ့ကောင်းကင်ရဲ့ လပေါ့.....
ဒီနေ့
အဲဒီလကို ငါထားခဲ့တော့မယ်
ဒါပေမယ့်
ဒီလထဲက အမှတ်တရနေ့စွဲတခုရဲ့အောက်မှာ
ရှင်သန်နေတဲ့ သက်ရှိကို
ငါ့ရင်ခွင်ထဲ ဆွဲသိမ်းထားရင်း
နောက်ထပ် လတွေဆီ
ငါ ပျော်ရွှင်စွာ ဖြတ်သန်းဖို့
သူ့ဆီက အားအင်တွေ အကြင်နာတွေ
ကြည်နူးစွာရယူရင်းပေါ့........
ဒါ
ငါရဲ့ လမှတ်တမ်းပဲ........
Sunday, February 07, 2010
ချစ်သူများနေ့တဲ့လား
ဒီနေ့ . . .
ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊ . . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ
အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ
ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ
ကသုတ်ကရက်
လူတတ်တွေလဲ
ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို
လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .
နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။
'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .
ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများဘလော့ မှ ကူးယူဖော်ပြသည်။
Monday, December 14, 2009
စေစားစိတ်
ရေညှိနဲ့ချောနေတဲ့
လမ်း
ယိုင်နဲ့နဲ့ခြေလှမ်းနဲ့
လှမ်းနေတုန်း
ဗြုန်းဆို
မိုးချုန်းတော့
လန့်တကြား
တအားပြေးတော့
အင်အားက
နုံးချိချိပေါ့..........
မျက်စိကိုမှိတ်
ရင်တထိတ်ထိတ်
ဆက်ကာလျှောက်လှမ်း
လိုရာလမ်းကို
မှတ်ထားတဲ့မျက်နှာ
သူ့ရုပ်လွှာကို
ရော်ရမ်းမှန်းဆ
တမ်းတမိကာ
လက်တံကိုဆန့်
ခြေကိုတန့်လျက်
ခပ်မတ်မတ်ပြန်ရပ်
မိုးကိုအံတုတော့
ငါ့မျက်နှာပေါ်မှာ
အပြုံးတခု
နှုတ်ခမ်းထက်နွေးထွေးစွာ........
လျပ်တပြက်ခံစားလိုက်ရတာ
စိုးမိုးထားတဲ့ သစ္စာတွေနဲ့
လွှမ်းမိုးသူ မင်းရယ်ပေါ့.......
အချစ်ဆိုတဲ့စကားတွေက
မင်းမပြောတော့ပေမယ့်
ငါ့နားထဲအမြဲကြားနေသလို.....
လုံခြုံမှုတွေပေးတတ်တဲ့
မင်းရင်အုံနွေးနွေးကလည်း
ငါမှန်းဆတမ်းတလိုက်တိုင်း
မင်းရင်အုံထဲငါရောက်ရောက်သွားတတ်တာမို့.....
အခုတော့
မိုးစိုမှာ လျှပ်ပြက်တာတွေ
ငါ့အတွက်
စိုးထိတ်စရာမဟုတ်တော့ဘူးပေါ့
ချစ်သူ မင်းသိပါလေစ.........
ငါ့စိတ်ရဲ့စေစားရာ
အင်အားတခုနဲ့ထပ်တူ
မင်းဟာ ငါ့အသည်းမှာ တထပ်တည်းပါလို့
သိစေချင်စမ်းပါဘိ...........
Thursday, December 10, 2009
ချစ်တယ်
မျက်ဝန်းချင်း
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........
အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......
Sunday, September 27, 2009
ချစ်ခြင်းနံရံ

ပန်းသီးတစ်လုံးလို့တင်စား
တယောက်ကခွံ့ရင် တယောက်ကစား
မအောင့်အီးနိုင်တဲ့အခါ
နှစ်ယောက်အတူစား။
နံရံများစွာ ပိတ်လှောင်ကာထား
ချစ်ခြင်းခွန်းတုံ့ရင်း
လက်တွဲရုန်းထွက်တော့
နံရံများစွာဟာ
အတိတ်မှာကျန်ခဲ့ပြီ။
အမုန်းလွင်ပြင်မှာ
အာဃာတမြက်ပင်တွေပြည့်နှက်နေပေမယ့်
ချစ်ခြင်းနံရံနဲ့
ပိတ်ကာထားရင်
ပုံရိပ်ယောင် အလှတရားတွေကို
မြင်ရမတဲ့လား။
ခိုင်မြဲတဲ့ဒီနံရံမှာ
တယောက်ကအင်္ဂတေဆို
တယောက်ကအုတ်ပေါ့
ဒါပေမယ့်ထူးခြားတာက
ချစ်ခြင်းနံရံဟာ
အချစ်တွေနဲ့သာတည်ဆောက်ထားသတဲ့။
သိပ်လှတဲ့ဒီနံရံကို
နှစ်ယောက်ရဲ့အချစ်တွေနဲ့
အမြဲမွမ်းမံနေတော့
အမုန်းလွင်ပြင်က အာဃာတမြက်ပင်တွေကို
မမြင်ရတော့ဘူးပေါ့။

