Thursday, March 25, 2010

ရင်ခုန်သံစာတမ်း


နိဒါန်း

နွေနေရောင် ခပ်တောက်တောက်ထဲက ရော်ရွက်ဝါတသိုက် သူ့ထက်ငါအလုအယက် ကမ္ဘာမြေပေါ်တိုးဝှေ့ရင်း
နွေဥသြတွန်သံ တခါတခါနားစွင့်ရင်းနဲ့ တရက်ပြီးတရက်ပေါ့...

ကျွန်မ ဘေးဘီကို လှမ်းကြည့်မိတော့ အားလုံးဟာ လဟာပြင်လိုပါပဲလေ။ အထီးကျန်ခြင်းဆိုတဲ့ဝိသေသကို
ကျွန်မသာမက လူအများစု ပိုင်ဆိုင်နေကြရတဲ့ဒီခေတ်ကြီးထဲမှာ ကျွန်မခံစားရသမျှကို ရင်ခုန်သံနဲ့ထပ်တူ
ရင်ထဲမှာရေးဖြစ်နေလေရဲ့။

တချက်ချက် ဝှေ့ဝဲတိုက်ခတ်လာတဲ့ လေခပ်နုနုဟာ သဲမှုန်တွေကို တနေရာကနေတနေရာ မျှဝေပေးနေ
သလိုပဲ။

ရှင်းလိုက် ရှုပ်လိုက်ဖြစ်နေတဲ့ ရင်တွင်းခံစားချက်တစိတ်တဒေသမှာ ပုံဖော်ရခက်မယ့် ရသနည်းနည်း
ပြင်းရှမှုများစွာနဲ့ ဖွဲ့တည်ရာ ဝေဒနာတချို့ကို လူးလှိမ့်ခံစားရင်း တနေ့ပြီးတနေ့ စက္ကန့်အသင်္ချေအောက်
ဖြစ်သင့်ရာ ဘဝတခုအတွက် မာန်အပြည့်နဲ့လှုပ်ရှားနေရသေးတယ်။

တချိန်ချိန်မှာတော့ ချစ်ခြင်းရဲ့အရသာကို စွန့်လွှတ်သွားနိုင်လိမ့်မယ်လို့ တခါမျှတော့ အိပ်မက်တောင်
မမက်ခဲ့တဲ့ကျွန်မမှာ မြတ်နိုးမှုထပ်တူ ဘဝချင်းလက်တွဲကူနေတဲ့ အကြင်နာကလည်း တနေ့တခြားတိုး
ပွားလာတဲ့ ကျွန်မတို့ရဲ့ ပေးဆပ်ရမယ့်ဝတ္တရားတွေတပုံတပင်ရဲ့အောက် ကျွန်မကို ဘေးမှာထားပြီး
ကြိုးပမ်းနေရတာလည်း မြင်ရတိုင်း ပျော်ရွှင်ခြင်းများစွာနဲ့ ရင်ထဲမှာ ကျင်ခနဲ ကျင်ခနဲပါပဲ။

ဒီလို ပုဂ္ဂလိကခံစားချက်တချို့ရဲ့ အပြင်ဘက်က ကဗျာဆန်ဆန် ဘဝအလှကိုတော့ ကျွန်မကော
အကြင်နာပါ အမြဲတမ်း အာဟာရတခွက်လို သုံးဆောင်ဖြစ်ကြတယ်လေ။

စာကိုယ်

သိပ်ချစ်တတ်တဲ့ နှလုံးသားတစ်စုံဟာ ဝေဝါးသွာပြီဖြစ်တဲ့ အတိတ်ကာလခပ်နွေးနွေးလေးထဲမှာ
ဆုံစည်းဖြစ်ခဲ့ကြတယ်။

ကွန်ပျူတာရှေ့မှာ ရှစ်နာရီလောက် ထိုင်ပြီးအလုပ်တွေတောက်လျှောက်လုပ်နေရတဲ့ ကျွန်မရဲ့
အတိတ်ဘဝကာလတိုတိုလေးတုန်းကပေါ့။

နုနုနယ်နယ် စာသင်သားဘဝကိုစွန့်ခါစ ဘဝပင်လယ်အောက် အမောတကော ဖြတ်သန်းနေကြ
တဲ့ အရွယ်ရောက်သူ ဘဝသမားတွေနဲ့ တပါတည်း ပူးပေါင်းရင်း ကိုယ့်ကိုယ်ကို ဘဝအတွက်
အစချီလိုက်ပြီလို့ သဘောထားလိုက်တဲ့အချိန်လေးအတွင်း ခြောက်ကပ်ကပ်နိုင်တဲ့ ကန္တာရတခု
မှာ အလုပ်တခုလုပ်ဖို့ ဖြစ်ခဲ့တယ်လေ။

လွတ်လပ်စွာနေတတ်တဲ့သဘာဝရှိတဲ့ ပျော်တတ်တဲ့ စိတ်ကောက်တတ် စိတ်တိုတတ် ဒေါသကြီး
တတ် တဇွတ်ထိုးဆန်တတ် တဇောက်ကန်းကလေးဆန်ဆန်စရိုက်အပြည့်ရှိတဲ့ ကိုယ်လုပ်ချင်တာ
ကိုသာ အရာအားလုံးမေ့တဲ့အထိ တစိုက်မတ်မတ်လုပ်တတ်တဲ့ ကျွန်မကို အချစ်ဆိုတဲ့မြှားနတ်ရှင်
လေးက မျက်စိကျသွားတဲ့အချိန်မှာ အကြင်နာကို ကျွန်မစတင်သိကျွမ်းခဲ့ရပါတယ်။

တနေ့ပေါ့... မှတ်မှတ်ရရ ဆယ်ရက်ကိုးလနှစ်ထောင့်ခုနစ် နံနက်ဆယ်နာရီမှာ...ကွန်ပျူတာလက်
ကွက်ပေါ် ကျွန်မလက်တွေဆော့ကစားဖြစ်တဲ့ အဲဒီအချိန်... အင်တာနက်ကို အလုပ်လုပ်ရင်းသုံးနေ
တတ်တဲ့ အထက်လူကြီးငြူစူမှုကိုမသိကျိုးကျွံပြုရင်း လူကြီးကိုကျောခိုင်း အလုပ်တာဝန်တွေ မရပ်
မနားလုပ်ရင်း အီးမေးလ်ကိုဖွင့်စစ်တတ်တဲ့ ကျွန်မရဲ့ ဝသီအတိုင်း အဲဒီနေ့ကလည်း အီးမေးလ်စစ်ခဲ့
တယ်လေ။

(အပြီးမသတ်သေးသော ကျွန်မရဲ့ရသစာတမ်းလေးကို နောက်ရက်တွေမှာဆက်လက်ခံစားပေးဖို့
တောင်းပန်ရင်း...)




Wednesday, March 03, 2010

ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ


ခြေလှမ်းတိုင်း
အားအင်အပြည့်ပေါ့...

ဘေးချင်ယှဉ်လျက်
နောက်ထပ်ခြေလှမ်းတစ်စုံ
ရနံ့မပြယ်မယ့် ရောင်စုံပန်းခင်းထဲ
ထပ်တူ ဆက်ကာလှမ်းရင်း...

ချိုမြိန်တဲ့သစ်သီးတွေ အပြည့်နဲ့
စိမ်းစိမ်းအုပ်အုပ်လေးဆီ
ဟန်ပါပါလှမ်းတိုင်း
သူ့နှုတ်ခမ်းဆီက
ပန်းသီးတစ်ကိုက်ချင်း
ကိုယ့်နှုတ်ခမ်းဆီကို
တယုတယမျှဝေတော့
ကိုယ် ယစ်မူးနှစ်လိုစွာ အရသာခံရင်း
တနေ့ပြီး တနေ့
စက္ကန့်တိုင်း စက္ကန့်တိုင်း....

အင်အားခွန်အားသစ်တွေ
အပြည့်နဲ့
လျှောက်လှမ်းတဲ့လမ်းအပေါ်
မိုးသားအုံ့အုံ့တွေ စိုးမိုးစပြုလာတိုင်း
ကိုယ်နဲ့သူ့ နှုတ်ခမ်းတွေက
ချိုမြိန်တဲ့
အချစ်လေပြင်းတွေ မှုတ်ကာ
ကိုယ်တို့ ကောင်းကင်ကို
ကြည်စင်သွားစေ....

နေခြည်ဖြန်းတိုင်း
မိုးစက်လက်ကျန်တွေက
ရောင်စဉ်ခုနစ်သွယ်ဖြစ်တော့
နှစ်ယောက်သားဟာ
ကြည်နူးရိပ်များစွာနဲ့
သက်တံပေါ်
ရောက် ရောက် သွား...


ပန်းသီး
တစ်ကိုက်ချင်း တစ်ကိုက်ချင်း
ခွန်အားတွေ မျှဝေရင်း
ဆက်လျှောက်မယ်
နေ့သစ်တွေဆီ
ချစ်ရနံ့မပြယ်မယ့်
ကိုယ်တို့ရည်မှန်းရာ ကမ္ဘာရဲ့
အဆုံးမဲ့လမ်းပေါ်ပေါ့...

တွဲထားမယ်
သူ့လက်ကို
တပ်တူကျတဲ့
ဘဝတစ်ခုနဲ့လေ....


(အမှတ်တရ သုံးရက်သုံးလ)