ရောင်ခြည်နုနုလေးက ကျွန်မမျက်နှာပေါ်ဖြာကျနေတယ်။မော့ကြည့်လိုက်တော့ နေရောင်ခြည်မဟုတ်ဘူး။ နီယွန်မီးချောင်းရဲ့ ဖျော့တော့တဲ့အလင်းလေးဖြစ်နေတယ်။လူးလွန့်မိပြန်တဲ့အခါ ကျွန်မ ယာဘက်ပါးပြင်နံဘေးမှာ တိုးညှင်းလွန်းတဲ့ ရှူရှိုက်သံလေညှင်းလေးတစ်ခုကလဲ ကလူကျီစယ်နေပြန်တယ်။ အိုး........... စူးရှရှခံစားမိပြန်တော့ မျက်ခွံလေးလှန်ပြီးမော်အကြည့်မှာ တိုးတိတ်ညှင်သာတဲ့အနမ်းတစ်ခုနဲ့ ကျွန်မကိုလေးနက်တဲ့အချစ်တွေခံစားစေချင်တဲ့ တယုတယ ယုယမှုလေးကို ဖန်တီးပေးနေသူ ကျွန်မဘဝရဲ့ချစ်သူ ကို လွှမ်းမိုးဖမ်းစားထားတဲ့အပြုံးလေးတစ်ပွင့်နဲ့အတူ ခယနေတာမြင်ရတော့ ဘဝင်ခွေ့မိပြန်တယ်။
စိတ်ကူးယဉ်ကဗျာဆန်မှုတွေကို လက်တွေ့ဘဝထဲဆောင်ကြဉ်းလာတဲ့ ကျွန်မဘဝရဲ့ချစ်သူ ဟာ ကျွန်မကို နူးညံ့တဲ့ပန်းလေးတစ်ပွင့်အလား စောင့်ရှောက်နေတတ်တာကလဲ ကြည်နူးမိစရာအကောင်းဆုံးထဲက တစ်ခုပါ။နွေးထွေးတဲ့အကြင်နာတွေကို မိန်းမသားတစ်ယောက်ဖြစ်တဲ့ကျွန်မဟာ ချစ်ရသူဆီက ထာဝစဉ် ရနေချင်တာလဲ မဆန်းတဲ့သဘာဝတရားပဲမဟုတ်လား။ ချစ်သူရဲ့ မေးစေ့ချွန်ချွန်လေးပေါ်က ရှတတခံစားချက်ကို ကျွန်မနှစ်သက်စွာခံစားရင်း ဟိုးအတိတ်မဝေးလွန်းတဲ့ ကာလတစ်ခုကို ပြန်ပြီးသတိတရရှိနေမိတယ်။လွတ်လပ်ပျော်ရွှင်နေတဲ့ ကျွန်မဘဝရဲ့ အချိန်ပိုင်းတစ်ခုမှာ စတင်ဝင်ရောက်လာတဲ့ သူ့ကို မြင်မြင်ချင်း ရင်းနှီးတွယ်တာခဲ့တယ်။ အပြန်အလှန်စာနာနားလည်ပေးချင်ခဲ့တယ်။ ကဗျာဆန်ဆန်အမြဲခံစားတတ်သူ ကျွန်မရင်ထဲမှာ သူ့အတွက်နေရာက အပြည့်ပါပဲ။အချိန်မှန်ဆုံဆည်းခွင့်ကိုလဲ ကျွန်မတောင့်တမိတဲ့အတိုင်း သူကလဲ မျှော်လင့်ဖန်တီးပေးခဲ့ပြန်တယ်။ တိုးတိတ်ညှင်သာတဲ့ နှလုံးသားခံစားချက်များစွာကို အီလက်ထရောနစ်မြည်သံလေးကြားတဲ့အခါတိုင်း ရင်ခုန်ခံစားခဲ့ကြတာကလဲ မှတ်မှတ်ရရပါပဲ။ အများသူငါ သြချလောက်အောင်ကို သူနဲ့ကျွန်မ မိုးမမြင်လေမမြင် ပျော်ရွှင်ခဲ့ကြတာ ဆုံဆည်းချိန်တိုင်းမှာပေါ့။ သူ့အသံကို ကြားလိုက်ရတဲ့ခဏ ကျွန်မရင်ထဲခံစားချက်အားလုံးတည်ငြိမ်လေးနက်လာခဲ့တယ်။ သူနဲ့ပတ်သက်တဲ့ မတင်မကျခံစားချက်တွေကိုလဲ ရင်ဖွင့်ချင်မိတယ်။ သူ့ဆီက လေးနက်တဲ့ တုံ့ပြန်မှုတွေကို ဖြေရှင်းချက်အဖြစ် လက်ခံပြီး ကျွန်မရင်ထဲ စနစ်တကျသိုသိမ်းထားချင်တယ်။ ဒီဆန္ဒတွေအားလုံးကို သူနဲ့ဆုံတဲ့အချိန်တိုင်းမှာ ဖန်တီးပုံဖော်ရယူခဲ့မိတယ်။ အဲဒီလိုလုပ်ရပ်တွေကြောင့် သူ စိတ်ပျက်သွားလေမလားရယ်လို့ ကျွန်မ လုံးဝမတွေးထင်မိတာကလဲ ဆန်းတဲ့ တစ်ချက်ပေါ့။ သူ့ကိုယုံကြည်နေမိတယ်။ ကျွန်မရဲ့ လက်တွဲဖော်အဖြစ်၊ ကျွန်မရဲ့ ချစ်ခြင်းတရားတွေကိုဖွဲ့သီပေးရာ နှလုံးသားနယ်မြေအဖြစ်၊ ကျွန်မရဲ့ ဘဝပိုင်ရှင်အဖြစ်နဲ့ပေါ့။တုန်လှုပ်မှုကင်းကင်းနဲ့ သူ့ကို ကျွန်မလက်ခံနေမိခဲ့တယ်။ စေစားရာ လမ်းကြောင်းလေးတစ်ခုပေါ်မှာ ကျွန်မတို့ နှစ်ယောက် သံသယကင်းကင်းနဲ့ ဖြူစင်စွာ ခံစားပျော်ဝင်လာခဲ့ပြီးတဲ့နောက် တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အချိုးကွေ့လေးတစ်ခုကို သူက ရှာဖွေလျှောက်လှမ်းသွားခဲ့တာ ကျွန်မ မသိလိုက်ဘူး။ သူကလဲ ချိုးကွေ့သွားချိန်အထိ ကျွန်မကို သံသယကင်းကင်းနဲ့ ချစ်ခြင်းတရားတွေအပေါ်ပျော်ဝင်နေအောင် စွမ်းဆောင်သွားခဲ့သေးတယ်။ ကျွန်မ လိုက်မမီလိုက်ဘူးပေါ့။ ဟုတ်တယ် ကျွန်မ လုံးဝလိုက်မမီလိုက်တဲ့ သူလျှောက်သွားတဲ့ အချိုးကွေ့လေးကို သူက ကြေညာမှ သိခွင့်ရခဲ့သူပါလေ။ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက် ဘာဖြစ်ဖြစ်သစ္စာမပျက်ခဲ့တာက ဆုံဆည်းဖို့ရာ လမ်းစကို မပျောက်ပျက်စေခဲ့တာပေါ့။ သူကတော့ သစ္စာတရားကို တွင်တွင်ကိုင်စွဲပြီး ကျွန်မရှေ့ ခယနေဆဲပဲ။ ကျွန်မကတော့ လုံးဝမျှော်လင့်မထားပေမယ့် တုန်လှုပ်မှုကင်းကင်းနဲ့ သူ့ရဲ့သစ္စာကို လက်တွေ့ပိုင်ဆိုင်ဆုံဆည်းနိုင်ဖို့အရေး တွေးတောခဲ့ရတော့တာပေါ့။ သူကလဲ ကျွန်မကို သံသယကင်းကင်းနဲ့ ယုံကြည်နေတယ်ဆိုတာကို ကျွန်မနှလုံးသားနဲ့ထပ်တူ ခံစားနားလည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိန်းမသားသဘာဝ ချစ်သူရဲ့ယုယမှုတွေကို အချိန်တိုင်းမှာ ခံစားချင်ခဲ့၊ ချစ်သူရဲ့ နှလုံးသားကလာတဲ့ သံစဉ်လှလှတွေကို အချိန်တိုင်း ပျော်ဝင်နေချင်ခဲ့ တာပေါ့။ မရနိုင်သေးတဲ့ ကာလအပိုင်းအခြားတစ်ခုကို သူက ဖန်တီးထားခဲ့တော့ ကျွန်မအတွက် ခွန်အားတွေကို ကျွန်မကိုယ်တိုင် သူ့အပေါ်ယုံကြည်တဲ့စိတ်၊ သူ့ရဲ့သစ္စာကို ကိုယ်စားပြုတဲ့ ချစ်စကားလုံးတွေနဲ့ ဖွဲ့သီပေးတဲ့ ရံဖန်ရံခါ သဝဏ်လွှာတွေကိုသာ ကျွန်မအချစ်ခွန်အားတွေအဖြစ် အားအင်ရယူခဲ့ရတာပါလေ။ အဲဒီအချိန်ပိုင်းတွေမှာ ကျွန်မတစ်ယောက်တည်း သူ့အတွက်ဆိုတဲ့ သစ္စာနဲ့သာ အရာရာကိုရင်ဆိုင်ခဲ့ရတာပါ။ ဖြူစင်မှုအပြည့်နဲ့ ပုံဖော်ခဲ့ကြတဲ့ ကျွန်မတို့ချစ်ခြင်းကို ကျွန်မလုံးဝမစွန့်လွှတ်နိုင်ဘူး ဆိုတာ သေချာစေတဲ့ တွန်းအား၊ ဖိအား တွေကို သစ္စာတရားနဲ့ ရင်ဆိုင်ခဲ့ရတာပေါ့။ ကျွန်မရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ ကျွန်မဘေးမှာ သူမရှိခဲ့ပေမယ့် ကျွန်မနှလုံးသားနဲ့ထပ်တူ သူလဲ ခံစားပေးနေခဲ့တယ်။ သူကိုယ်တိုင်လဲ ကျွန်မစိတ်ချမ်းမြေ့စေကြောင်း ဘေးနားမဟုတ်တဲ့ အဝေးတနေရာကနေတော့ စွမ်းဆောင်ဖြေရှင်းပေးနေတာပေါ့။ ကျွန်မအတွက် စိုးရိမ်မှုအပြည့်နဲ့ အချိန်တိုင်းမှာ ခံစားချက်တွေအားလုံးကို အပိုင်စားပေးခဲ့တာပါ။ ဘယ်လိုအကြောင်းပြချက်တွေရှိရှိ၊ ဘယ်လိုအခက်အခဲတွေကြုံကြုံ၊ ဘာအတိုက်အခံတွေနဲ့ပဲ တွေ့တွေ့ ကျွန်မရင်ထဲမှာ သူရဲ့သစ္စာက ချစ်ခြင်းတရားကိုခိုင်မြဲ နေစေခဲ့တယ်။ အချိန်တိုင်းမှာ ကျွန်မတွေးမိတာက သူ့ရဲ့စကားလုံးတွေ၊ အနှစ်သာရအပြည့်နဲ့ဟန်ဆောင်မှုကင်းတဲ့ သူ့ရဲ့ ကျွန်မအတွက်အချစ်ပေါ်မှာ ပေါက်ကွဲမှုတွေ၊ ကျွန်မကို အဆုံးမရှိအစွန်းရောက်တဲ့ ချစ်ခြင်းတွေ၊ ကျွန်မဦးနှောက်ထဲမှာ မြင်ယောင်နေတာက သူ့ရဲ့ တည်ကြည်တဲ့အကြည့်ရဲ့နောက်ကွယ် က ချစ်ခြင်းတရားတွေနဲ့ ပြည့်လျှမ်းနေတဲ့ ခိုင်မာတဲ့မျက်ဝန်းတစ်စုံ၊ နှစ်လိုဖွယ်ကောင်းတဲ့အရာလေးကို ချိုမြိန်စွာပိုင်ဆိုင်ချင်တဲ့ဆန္ဒနဲ့အတူ ရင်းနှီးစွာဖွင့်ဟ ချင်တဲ့ နူးညံ့တဲ့အပြုံး၊ ပွင့်အန်မကျတကျ ချစ်ခြင်းဖွဲ့အမူအရာများစွာနဲ့ ကျွန်မအတွက်အချစ်ဆိုတဲ့အရာကို ပုံဖော်ပေးနေတဲ့ သူ့ရဲ့ ပုံရိပ်များ။ ကဗျာမဆန်လွန်းတဲ့ သူ့ကို ကျွန်မအားမလိုအားမရပြောမိတဲ့အခါတိုင်း ဟက်ဟက်ပက်ပက် ရယ်မောတတ်တဲ့သူ့ရဲ့ တည်တံ့တဲ့ဟန်ပန်အပြည့်ရှိတဲ့ ရယ်သံ၊ ကျွန်မစိတ်ငြိုငြင်တဲ့စကားများကြားတဲ့အခါတိုင်း အစွန်းရောက်နေတဲ့သူ့ရဲ့အတ္တနဲ့ ပူလောင်ပြင်းပြစိုးရိမ်စွာ ဖြေရှင်းပေးတတ်တဲ့ သူ့ရဲ့ တုန်ရီတည်ကြည်တဲ့ မာန်အပြည့်ပါတဲ့ စကားသံ၊ ကလေးတစ်ယောက်လိုအချိန်ပြည့်ဆိုးသွမ်းနေတတ်တဲ့ ကျွန်မကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်တဲ့ သူ့ကို ကျွန်မလုံးဝ ပိုင်ဆိုင်ချင်ခဲ့တာ။ အချိန်အပိုင်းအခြားလေးတစ်ခုကိုကျော်လွန်ပြီးတဲ့နောက် ကျွန်မဟာ ကျွန်မချစ်ရတဲ့ ကျွန်မကိုချစ်တဲ့သူဆီ ချစ်ခြင်းသစ္စာတရားများကိုခွန်အားအဖြစ် ရယူပြီး ဆုံဆည်းဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် တစ်နေ့မှာတော့ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ သူ့ရဲ့ရင်ခွင်ထဲ ထာဝရအတွက် ကနဦးအစ အဖြစ် ရောက်ရှိပိုင်ဆိုင် နေရာယူခဲ့ရပြီပေါ့။ အဲဒီနေ့က မိုးလဲမရွာဘူး၊ နေလဲမသာဘူး၊ လေလဲမလာဘူး၊ တည်ငြိမ်နေတဲ့ရာသီဥတုက သူကျွန်မကိုချစ်တဲ့သစ္စာတရားကို ကိုယ်စားပြုနေတဲ့အလား၊ ဖြောင့်ဖြူးလွန်းလှတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကလေးကလဲ ကျွန်မတို့နှစ်ဦးရဲ့ အချစ်ကံကြမ္မာကို ကိုယ်စားပြုပေးနေသလို၊ ......................။ အို.......... ဘာဖြစ်ဖြစ်ပါ၊ ကျွန်မဖြစ်တည်ချင်ခဲ့တဲ့ ကျွန်မချစ်တဲ့ မောင့်ရဲ့ရင်ခွင်မှာ အခုတော့မှေးစက်ပျော်ရွှင်ခွင့်ရခဲ့ပြီလေ။ ပျော်တယ်ဆိုတာထက် တည်ငြိမ်တဲ့ အချစ်တွေကိုဘေးနားထားခွင့်ရတဲ့အခါ မိန်းမသားဖြစ်တဲ့ကျွန်မစိတ်ထဲ လုံခြုံမှုအပြည့်နဲ့ပါ။ ကံကြမ္မာကို မယုံရဘူးဆိုပြီး ယိုးမယ်ဖွဲ့စရာ ကျွန်မတို့ချစ်ခြင်းတရားမှာ မရှိဘူးဆိုတာကို ကျွန်မသက်သေပြနိုင်ပြီ။ ဝမ်းသာဂုဏ်ယူမိတယ်။ ကဗျာဆန်ဆန်ခံစားချက်တွေနဲ့ ကဗျာမဆန်တဲ့ ဘဝကို လက်တွဲဖြတ်သန်းခွင့်ရတဲ့အချိန်လောက် ကဗျာဆန်တာမရှိတော့ဘူးထင်ပါရဲ့။ကျွန်မကြည်နူးစွာအတွေးလေးနဲ့ထပ်တူ ဘဝင်ကျတဲ့အပြုံးလေးတစ်ပွင့်ကို မောင့်ရင်ခွင်ထဲခေါင်းဝှေ့ပြီး ဖန်တီးလိုက်မိတယ်။ လက်ချောင်းကလေးတွေကလဲ မောင်ရင်အုပ်ကို ပွတ်ကာသီကာ ကစားနေမိသေးတယ်။ မောင်ကလဲခိုင်မာအားကောင်းတဲ့ သူ့လက်တွေနဲ့ ကျွန်မကိုပွေ့ဖက်ထားသေးတယ်။ ရုတ်တရက် မောင်က ကျွန်မခေါင်းကို ပွတ်သပ်ပေးနေပြန်တော့ မော့်ကြည့်လိုက်တဲ့အခါ ကြည်နူးနှစ်သိမ့်တဲ့ ချစ်ရည်ရွှမ်းတဲ့ မောင့်ရဲ့တည်ကြည်တဲ့ မျက်ဝန်းတစ်စုံကို လက်ခံရရှိလိုက်ပြန်တယ်။ နောက်တော့ မောင်က ကျွန်မ မျက်နှာပြင်လေးတစ်ခုလုံးကို သိမ်မွေ့တဲ့အနမ်းများစွာနဲ့ မိတ်ဆက်ပေးပြန်တယ်။ ကျွန်မအတွက်မနက်ခင်းတိုင်းမှာ ရရှိမြဲဖြစ်တဲ့မောင့်ရဲ့ လက်ဆောင်အနမ်းလေးတွေပေါ့။ ဒါပြီးရင် မောင်က တစ်ခါတစ်လေ သူ့ဖြေဖမိုးပေါ် ကျွန်မခြေဖဝါးလေးကို ပေးတင်ပြီး လမ်းလျှောက်တဲ့အခါ ကျွန်မအရမ်းပျော်ရွှင်ရတာပေါ့။ မိန်းမသားပီပီ မွေးရာပါဗီဇ ဆိုးဆိုးလေးတွေပိုင်ဆိုင်တဲ့ ကလေးဆန်တဲ့ ကျွန်မကို မောင်ကခွင့်လွှတ်ချစ်တဲ့အတွက်လဲ အရမ်းကျေနပ်နေရတာပေါ့။ မောင့်လက်ဖဝါးလေးကို ကျွန်မလက်ချောင်းလေးတွေနဲ့ တွန်းထိုးဆော့ကစားနေရင်း အနာဂါတ်ဆီကို မျှော်ကြည့်မိတဲ့အခါ ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့ ချစ်ခြင်းသစ္စာခွန်အားတွေကို ကျွန်မတွေ့လိုက်ရတယ်။အဝေးကိုမျှော်ငေးမလားမိုးပေါ်ကိုငေးမျှော်မလား မြေပြင်ကိုငုံ့ကြည့်မလားအရာတိုင်းမှာ ကံကြမ္မာတွေရှိတယ်ဆိုတောကျွန်မနဲ့ ချစ်သူအတွက် ကံကြမ္မာတွေကိုရင်ဆိုင်ဖို့အပြန်အလှန် ခယခံစားစေတဲ့ နှလုံးသားတစ်စုံနဲ့အတူချစ်ခြင်းတရားကိုသာ ခွန်အားအဖြစ်အသုံးချဖို့တွဲလက်တစ်စုံကိုဖျစ်ညှစ်ကြည့်လိုက်တော့ သေချာတဲ့ခိုင်မာသော သဘောတူညီမှုအဖြစသစ္စာတရားကိုရရှိအသုံးချကြမယ်ရယ်လို့.................................။ ..
1 comment:
ဘယ်လိုပြောရမလဲဟင်... အရမ်းကို နူးညံ့သိမ်မွေ့လွန်းလို့ ဖတ်ရင်းနဲ့တောင် ရင်ခုန်ရပါတယ် နီနီရယ်။ နောက်လည်း ဆက်ရေးပါဦးနော် :)
Post a Comment