Saturday, September 06, 2008

လျှို့ဝှက်မိတဲ့ခံစားချက်များ


ပန်းကလေးတွေဝေဆာနေတယ်။
ရနံ့လေးသင်းသင်းနဲ့သာ နေခွင့်လေးတော့ရနေမယ်။
ဥယျာဉ်ထဲမှာတော့ ပန်းပေါင်းစုံ ရနံ့တွေသင်းထုံနေတာပါ။
ရေကြည်မိုးပေါက် ဖြန်းပက်ချိန်မှာတော့ လှပမှုအပေါင်းသရဖူဆောင်းကုန်ကြတာပေါ့။

ဘဝလေးတွေ အများအပြားနဲ့ဖြစ်တည်ခွင့်ရနေကြတဲ့ လူ့လောကထဲက မိန်းမသားလေးတွေရဲ့ သွင်ဟန်ကို
ပန်းလေးတွေနဲ့ ခိုင်းနှိုင်းနေကြတယ်။

ပန်းကလေးတွေရနံ့ကို သင်းထုံအောင် ရာသီဥတုနဲ့ ပတ်ဝန်းကျင်က ပံ့ပိုးပေးရသလို မိန်းမသားတွေရဲ့ ဘဝလေးတွေ ရနံ့
သင်းထုံဖို့ကို တော့ ရာသီဥတုက တာဝန်မယူပေးနိုင်ပါဘူး။

ခံစားခွင့်များစွာထဲက အချစ်ဆိုတဲ့ခံစားချက်အပေါ် ရင်ခုန်ပျော်ဝင်ခွင့်ရပုံက မိန်းမသားတွေအတွက် အရမ်းအရေးကြီးပါတယ်။
မိန်းမသား တစ်ယောက် ဟာ အချစ်ဆိုတဲ့ခံစားချက်ကို ထိတွေ့ခွင့်စတင်ရရှိချိန်မှာ သူမတွေ့ရှိလိုက်ရတဲ့ အချစ်ပိုင်ရှင် ရဲ့ တုံ့ပြန်မှု ကို ရက်စက်ခါးသီးစွာကြုံဆုံလိုက်ရခဲ့ရင်တော့ သူမဘဝရှေ့ဆက်ရာလမ်းမှာ တွေဝေအလိုမကျမှုများစွာနဲ့ ခံယူချက်တွေပြောင်းလဲသွား
နိုင်ပါတယ်။

ထို့နည်းတူ မိန်းမသားတစ်ယောက်အတွက် သူမခံစားရရှိလိုက်တဲ့ အချစ်ဆိုတဲ့ခံစားချက်ကို ပေးစွမ်းသူရဲ့ ကြင်နာတန်ဖိုးထားယုယမှု
များကို တစိုက်မတ်မတ်ရရှိပိုင်ဆိုင်လိုက်ရတဲ့ အခါ သူမရှေ့ဆက်ရာဘဝလမ်းမှာ ယုံကြည်မှုများနဲ့အတူ အရာခပ်သိမ်းအပေါ်သိမ်မွေ့
စွာနဲ့ ဖြတ်သန်းနိုင်ပါတယ်။

တချို့သောမိန်းကလေးများစွာမှာတော့ အချစ်ဆိုတာကို ငွေကြေးရလိုမှုအားအပေါ်မှာသာ စတေးလိုက်ကြရရှာတဲ့ သူများဖြစ်တာမို့
သူမတို့တတွေ ရှေ့ဆက်ရာဘဝလမ်းမှာ ရမက်ပြင်းပြင်းအင်အားကြီးရာ အတ္တတစ်ခုကိုသာ လက်ခံရရှိခံစားတတ်ကြပါတယ်။

အခြေအနေများစွာတို့ကို ကျော်လွန်လာကြရတဲ့ မိန်းမသားတွေအားလုံးရဲ့ ရင်ထဲမှာတော့ ဖွင့်ဟဝန်ခံခြင်းမရှိတဲ့ နူးညံ့သိမ်မွေ့လှတဲ့
ချစ်ခြင်းတရားကို ပိုင်ဆိုင်ထားကြတာတော့ အသေအချာပါပဲ။

တန်ဖိုးထားရာ၊ ကြင်နာသနားရာ၊ ခံစားချက်တူညီမျှဝေပေးရာ တစ်စုံတစ်ရာသော နယ်ပယ်လေးတစ်ခုခုကိုတော့ မိန်းမသားတိုင်း
ငံ့လင့်နေကြပါတယ်။

ဆိုးရွားလွန်းတဲ့ ဘဝပေးအခြေအနေတွေကြောင့် ဘဝကို တန်ဖိုးဘယ်လိုမှသတ်မှတ်ခွင့်မရှိရှာတဲ့ အနွမ်းပန်းကလေးများစွာရဲ့ရင်ထဲ
အသည်းထဲမှာလဲ လှပတဲ့အချစ်ဆိုတဲ့ မေတ္တာတရားလေးတွေတော့ ခိုအောင်းနေကြမှာပါ။

ပန်းကလေးများနဲ့တူတဲ့ မိန်းမသားလေးတွေရဲ့ ဘဝကို မစာနာနိုင်ရင်တောင် လက်လွတ်စပယ်နင်းခြေခွင့်ရတဲ့အခါမျိုးတွေမှာ လူသားချင်း စာနာထောက်ထားပြီး ပုခက်လွှဲသောလက်ကလေးများကို သွေးခြေဥစေမယ့် အပြုအမူမျိုးကို ရက်စက်ရင့်သီးစွာ
ပြုမူခြင်းမှ ရှောင်ပေးကြပါလို့................။
..

No comments: