Sunday, October 10, 2010

ဖေဖေမေမေသို့....

၁၉၈၁ခုနှစ် အောက်တိုဘာ ၁၀ ရဲ့ နံနက် ၁၀နာရီခွဲတိတိမှာ မြူနှင်းတွေဝေနေတဲ့ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံနားက မိခင်နှင့်ကလေးဆေးရုံကြီးမှာ ကျွန်မကို မေမေက သဘာဝအတိုင်း မွေးဖွားသန့်စင်ခဲ့တာပါ။

ဖေဖေကတော့ ကျွန်မကိုမွေးပြီး နာရီအနည်းငယ်ကြာမှ မေမေရှိရာ ဆေးရုံကို သူတာဝန်ထမ်းဆောင်နေတဲ့ ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း (ရွှေညောင် တိုင်းအလုပ်ရုံ) ကနေ လုပ်ငန်းခွင်ကနေ ကမန်းကတန်း အရောက်လာခဲ့ရတာပါ။

ကျွန်မကိုမွေးတော့ ဖေဖေက သမီးဦးလေးဖြစ်တဲ့ ကျွန်မကို အရမ်းချစ်ခဲ့ရပါတယ်တဲ့။ သမီးတယောက်ရဲ့ဖခင်ဖြစ်လာတဲ့ သူ့အနေနဲ့ သူ့သမီးဦးလေးဖြစ်တဲ့ ကျွန်မကို ပတ်ဝန်းကျင်က “အရက်သမားသမီး”လို့ ကင်ပွန်းတပ်မှာ မခံရစေအောင် သူ ဆယ်ကျော်သက်ကတည်းက သောက်ခဲ့တဲ့ ယစ်ရွှေရည်ကို ကျွန်မကိုမွေးဖွားသန့်စင်ပြီးတဲ့ ဒီနေ့မှာ အပြီးတိုင်ဖြတ်ခဲ့တယ်တဲ့။

ကျွန်မလူမှန်းသိတတ်စအချိန်မှာ ကျွန်မဟာ ဖေဖေ အရက်သောက်တာ တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဖေဖေ့ရဲ့ သမိုင်းအမွေအနှစ်အဖြစ် ကျွန်မတို့နေထိုင်ရာ အိမ်ရဲ့ မီးဖိုဆောင်မှာ ထင်းရှူးသေတ္တာတွေနဲ့အပြည့် ဟန်နီကင် ဘီယာဗူးခွံတွေ အမြောက်အမြားတွေ့ခဲ့ရတာပါ။

ကျွန်မ လမ်းလျှောက်တတ် ဆော့ကစားတတ်စ အရွယ်ရောက်တော့ အဲဒီဘီယာဗူးခွံတွေနဲ့ ကျွန်မကို ဖေဖေက မီးရထားလေးလုပ်ပေးခဲ့ဖူးပါတယ်။ တွဲဆက်ပေါင်းများစွာပါတဲ့ မီးရထားတစ်စီးဟာ ဖေဖေ့ဖန်တီးမှုနဲ့ ကျွန်မမောင်းနှင်ဆွဲခေါ်ရာကို မမောမပန်း ခရီးနှင်ခဲ့ဖူးပါတယ်။ ဒါ အမှတ်တရပါပဲ....

မေမေဟာ ကျွန်မကို မွေးပြီး ဆယ့်ငါးရက်မြောက်နေ့မှာ တိုက်ဖွိုက်ရောဂါနဲ့ စဝ်စံထွန်းဆေးရုံကြီးကို တက်ရောက်ပြီး ဆေးကုသမှုခံခဲ့ရတာပါ။ အဲဒီမှာ အခါလည်စ သမီးလေးဖြစ်တဲ့ကျွန်မဟာ ဖေဖေ့လက်ပေါ်မှာ တစ်လကျော်ကျော် စောင့်ရှောက်မှုခံယူခဲ့ရတယ်။ ဖေဖေဟာ သူ့အလုပ်တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘော်ဒါ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျွန်မကို ထိန်းကျောင်းခဲ့ရတာပါ။

နေ့ဘက် အလုပ်ဖွင့်ရက်တွေမှာ နို့ဗူးတွေ အနှီးတွေ ဆေးတွေ အပြည့်အစုံနဲ့ ဖေဖေဟာ ကျွန်မကို သူ့လုပ်ငန်းခွင်ရှိရာကို တယုတယဂရုတစိုက် သယ်ပိုးသွားခဲ့ရတာ။ အတော်ပင်ပန်းခဲ့မယ်ဆိုတာ ကျွန်မခံစားလို့ရပါတယ်။

အခုခေတ် အမျိုးသားများစွာဟာ အမျိုးသမီးမီးဖွားချိန်မှာ ယောက္ခမဆီ အရောက်ပို့ထားတတ်ကြတာ.. သားသမီး ရင်ခွင်လွတ်ချိန်မှာမှ အမျိုးသမီးကို အိမ်ပြန်ခေါ်ထားတတ်ကြတာတွေကို မြင်နေရတဲ့အခါမှာ ကျွန်မရဲ့ ဖေဖေကို ကျွန်မ အထူးလေးစားပြီး စံပြဖခင်တစ်ယောက်အဖြစ် ကျွန်မ တခုတ်တရ စာရေးသား ဂုဏ်ပြုချင်ခဲ့တာပါ။

ကျွန်မမေမေဟာလည်း ဆေးရုံကနေဆင်းပြီး အိမ်ပြန်ရောက်တာနဲ့ နှစ်လသမီးလေးကျွန်မကို သူ့ရဲ့နို့ချိုရည်ကို ချက်ချင်းသောက်သုံးခွင့်ပြုခဲ့တာလေ။ ကျွန်မမေမေရဲ့ နလန်ထခါစ အချိန်လေးမှာ သူ ဘယ်လောက်ပင်ပန်းနေမလဲ။ သူ့ရဲ့ ရှိစုမဲ့စုအားအင်တွေကြားက ကျွန်မအပေါ်ထားတဲ့ မေတ္တာတွေကို နို့ချိုရည်အဖြစ် စီးဆင်းသောက်သုံးခွင့်ပြုခဲ့တာလို့ ကျွန်မခံစားနေရပါတယ်။

ငယ်စဉ်က အမြဲချူချာတဲ့ ကျွန်မ ဖေဖေနဲ့မေမေအပေါ် ဒုက္ခတွေအမျိုးမျိုးပေးခဲ့တာပါ။ အဆုတ်အအေးပတ်ပြီး ဖျား၊ ဝမ်းသွား၊ ဝမ်းချုပ်၊ ချောင်းဆိုးရင်ကြပ်၊ မှောက်ကျချော်လဲတဲ့ဒဏ်ရာအမျိုးမျိုး၊ သြဇာစေ့ကို ရှူမိလို့ နှာခေါင်းထဲဝင်တဲ့သြဇာစေ့ကို ပြန်ထုတ်ပေးရတဲ့အဖြစ်တွေ၊ အိမ်ရှေ့မှာ မေမေမြက်နုတ်ပေါင်းသင်နေတာကို ကူချင်လို့ဆိုပြီး နှစ်နှစ်ခွဲသာသာကျွန်မ အိမ်ရှေ့လှေကားသုံးထစ်ကနေအဆင်း ဒလိမ့်ကောက်ကွေး မှောက်ကျလို့ ရတဲ့ဒဏ်ရာတွေကို တစ်ပါတ်တိတိကုရတဲ့အဖြစ်၊ မေမေတို့ သမဝါယမမှာ ဆန်သွားထုတ်နေတုန်း ကျောင်းစောလွှတ်လို့ အိမ်ပြန်ရောက်လာတဲ့ကျွန်မ လှေကားထစ်ပေါ်ထိုင်ရင်း အိမ်ရှေ့တံစက်မြိတ်မှာ စိုက်ထားတဲ့ ပန်းပိန်းပင်က အရွက်ကို ဝါးစားလို့ လည်ချောင်းတွေယားပြီး အော်ငိုနေတာကို ၂၄ပြည် ဆန်အိတ်ကြီးရွက်ပြန်လာတဲ့ မေမေတွေ့တော့ ခရီးရောက်မဆိုက် ကျွန်မကို နနွင်းတွေလိမ်း နနွင်းတွေဖျော်တိုက် ဘာမီတွန်ချေပြီး တိုက်နဲ့ မမောမပန်းအားဘဲ ပြုစုပေးခဲ့ရတဲ့အဖြစ်တွေ......

အရွယ်တစတစရောက်လာတဲ့ကျွန်မ ကျောင်းတက်လို့ရတဲ့အရွယ်ရောက်လို့ ကျောင်းစတက်တော့ ကျောင်းမှာ မေမေမစောင့်ရင် စာမသင်ဘဲ အော်ငိုတာမို့ ဆရာမတွေနဲ့နားလည်မှုယူပြီး စာသင်ခန်းထောင့်တနေရာမှာ ထမင်းချိုင့်နဲ့ ထိုင်စောင့်ပေးရတဲ့အဖြစ်တွေ....

ကျောင်းမှာ ဆုရတော့ ပူဆာသမျှ တောင်ကြီးညဈေးမှာ ဝယ်ပေးရတဲ့အဖြစ်တွေ၊ အထက်တန်းအောင်တဲ့နောက် ချူချာသေးကွေးပြီး အပင်ပန်းမခံနိုင်တဲ့ ကျွန်မကို ကျွန်မသိပ်တက်ချင်တဲ့ နည်းပညာကောလိပ်ကိုလည်း မျှော်လင့်ချက်ဗလာနဲ့ လိုက်လျောပေးခဲ့တဲ့အဖြစ်တွေ၊ ကျောင်းတက်နေတဲ့ကာလတလျှောက် အများနည်းတူ မတောင့်မတ နေထိုင်သုံးစွဲရအောင် ကြိုးစားဖြည့်ဆည်းပေးခဲ့တဲ့ မေမေနဲ့ဖေဖေရဲ့ ပင်းပန်းခဲ့ရတဲ့ အဖြစ်တွေ....

ဘွဲ့ရတော့ အလုပ်လျှောက်ပြီး ရေးဖြေအောင်လို့ ဖောင်ကြီးတက်တော့ ဟင်းတွေ မုန့်တွေ ရန်ကုန်မြို့စွန်ကနေ ဖောင်ကြီးကို ကားအဆင့်ဆင့်စီး မမောမပန်းအရောက်လာပြီး တွေ့ခဲ့တဲ့အဖြစ်တွေ၊ အလုပ်ဝင်တော့ နေပြည်တော်မှာ တာဝန်ကျတာမို့ လိုအပ်သမျှ အစားအသောက်တွေ ငွေကြေးတွေဖြည့်ပေးပြီး စိတ်ခွန်အားတွေပေးခဲ့တဲ့ မေမေနဲ့ဖေဖေ၊ ကျွန်မ လုပ်ငန်းခွင်ထဲကြုံတွေ့ခံစားရသမျှ စိတ်ပင်ပန်းကျဉ်းကြပ်မှုတွေ၊ စိတ်ထဲမကျေမနပ်ဖြစ်ရတာတွေ၊ လူမှုဆက်ဆံရေးရာမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ၊ ပုစ္ဆာတွေကို နေပြည်တော်ကနေ ရန်ကုန်မြို့စွန်ကို လကုန်ရက်နဲ့တိုက်တဲ့ ပိတ်ရက်တွေမှာ အရောက်ပြန်လာပြီး ရင်ဖွင့်သမျှ တင်ပြသမျှတွေကို ရင်နဲ့ရင်းပြီး ဖြေရှင်းပေး အကြံဥာဏ်ပေး စိတ်ခွန်အားပေးခဲ့တဲ့ အဖြစ်တွေ၊ ရန်ကုန်ဘူတာကြီးကို ရန်ကုန်မြို့စွန်ကနေ မနက်လေးနာရီလောက် မှာ အထုပ်အပိုးများစွာနဲ့ မညည်းမညူကြိုပို့ပေးခဲ့တဲ့ ဖေဖေရဲ့ စေတနာတွေ... မျက်ရည်လေးလည်ရွှဲနဲ့ ကျန်ရစ်ခဲ့တတ်တဲ့မေမေ....

ဒီလို အမှတ်တရတွေနဲ့အတူ ဖြတ်မရတဲ့ နှောင်ကြိုးများစွာနဲ့အတူ... ကျွန်မ ခံစားရရှိပိုင်ဆိုင်ခွင့်တွေ ရခဲ့တာပါ။

အချိန်တန်လို့ လက်တွဲဖော်နဲ့ဘဝကို လျှောက်လှမ်းဖို့ ကျွန်မဆုံးဖြတ်ဖြစ်ခဲ့တဲ့အခါမှာလည်း မေမေရဲ့ လိုက်လျောပေးမှုတွေ၊ လက်မခံနိုင်သော်လည်း ကျွန်မရဲ့ “သမီးကို သူသိပ်ချစ်တယ်မေကြီး... သမီးထင်တယ် သူကလွဲလို့ သမီးကို သိပ်ချစ်မယ့်ယောက်ျားမရှိတော့ဘူးလို့... သမီးလည်း သူ့အချစ်ကို ခံစားလို့ရတယ်မေကြီး”
ဆိုတဲ့ ပွင့်လင်းတဲ့ စကားကို မေမေကြားပြီးတဲ့နောက် ကျွန်မကို ရင်နာနာနဲ့လိုက်လျောခဲ့တယ်။

ကျွန်မ ကြိုးစားတည်ထောင်ခဲ့တဲ့ အိပ်မက်တွေအားလုံးထဲက တချို့တဝက်ကို ပိုင်ဆိုင်ခွင့်ရနေတဲ့ အနေအထားတခုကနေ ကျွန်မသိပ်ချစ်မိသွားတဲ့ ကျွန်မကိုသိပ်ချစ်တယ်ဆိုတဲ့ ယောက်ျားတယောက်ကို လက်တွဲဖို့ ဖေဖေ မေမေ ညီမလေးတို့နဲ့ဝေးရာ တနေရာကို အရောက်သွားခဲ့ပြီး ချစ်ရတဲ့သူဖြစ်တဲ့ လက်တွဲဖော်ရဲ့ကမ်းလက်တစ်စုံကို အားပါးတရဆုပ်ကိုင်ဖြစ်ခဲ့တာလည်း မေမေရဲ့ ခွင့်ပြုချက်ကြောင့်ပါပဲ...

အခုချိန်မှာ ကျွန်မ အသက် ၂၉နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီနေ့မှာ ကျွန်မရဲ့အနီးမှာ မောင်ဆိုတဲ့ ကျွန်မလက်တွဲဖော်က ကျွန်မရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေးကို ကျွန်မအိပ်ယာနိုးစမှာ ဆုတောင်းပေးခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။

အဝေးတနေရာမှာ ရှိနေတဲ့ ဖေဖေနဲ့မေမေ လည်း ကျွန်မမွေးနေ့မှာ ဘုရားရှင်ဆီ တစုံတရာသော ဆုမွန်ကောင်းကို တောင်းခြွေနေကြမှာပါ။

ကျွန်မကတော့ အိမ်ရှိ ဘုရားရှင်ထံ သစ်သီးဆွမ်းနဲ့ပန်းရေချမ်းကပ်လှူပြီး အနေကဇာတင်ပါဠိတော် မင်္ဂလသုတ် မေတ္တာသုတ် ခန္ဓသုတ်တော် ဓာရဏပရိတ်တော် ဇယစက္ကော အောင်ဂါထာ နဲ့ အရပ်ဆယ်မျက်နှာ မေတ္တာပို့ ပုဂ္ဂိုလ်၁၂ဦးမေတ္တာပို့ တို့နဲ့ ရွတ်ဆိုပူဇော်ပြီး ဂုဏ်တော်ကိုးပါးပုတီးကိုးပတ်စိပ်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းဖြစ်ခဲ့ပါတယ်။

ဒါတွေအားလုံး လုပ်ဖြစ်နိုင်အောင် မွေးထုတ်ပေးခဲ့တဲ့ မေမေနဲ့ ဖေဖေကိုလည်း ကျွန်မရပ်တည်နိုင်သမျှ အချိန်ကာလတိုင်းမှာ ကိုယ်အား စိတ်အားဖြင့် ကျေးဇူးတရားကို ပြန်လည်ပေးဆပ်နိုင်ဖို့ ကြိုးစားနေဆဲ နေလျှက်ပါပဲ....

ဝေးတနေရာမှ ဖေဖေနဲ့မေမေသို့.....

(၁၀-၁၀-၁၀)


1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေးရဲ့ ဖေဖေ မေမေတို့၊ ညီမလေးရဲ့ ချစ်သူတို့နဲ့ ထပ်တူ ၂၉နှစ်ပြည့်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေ။
ဒီနေ့မှစလို့ နောက်ရက်တွေတိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ခြင်း အောင်မြင်ခြင်း၊ စိတ်ဆန္ဒပြည့်ဝခြင်းများဖြင့် ညီမလေးရဲ့ ချစ်သူခင်သူများနဲ့ မခွဲမခွာ အတူတူနေခွင့်ရပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် အနာဂတ်ကို ဖန်တီးနိုင်ပါစေ။
မိခင်ဖခင် ကျေးဇူးကိုလည်း အထူးသိတတ်စွာ ပေးဆပ်ခွင့်ကြုံပါစေ၊ ပေးဆပ်နိုင်ပါစေလို့ ချစ်ခင်စွာ ဆုတောင်းပေးလိုက်ပါတယ်နော်
Happy Birthday ပါ။