Monday, July 28, 2008

အို.........မာတာ

နေ့ခင်းလေးက အသစ်။
နေရောင်ကလည်းခပ်လွင့်လွင့်။
ဒီအချိန်လေးရောက်တိုင်း အတွေးအစဉ်က ဟိုးအရင်အချိန်တချို့ ကို ပြန်ပြောင်းတမ်းတမိပါရဲ့.....
အချိန်ရာသီကလည်းသာယာနေတယ်ပေါ့။ မသာမယာနိုင်တာက ရင်ထဲကရာသီဥတု။ တော်တော်ပူပြင်းနေတာ။
စံချိန်တင်ကန္တာရအပူချိန်တောင်လိုက်မီမယ်မထင်ဘူး။
ကျောင်းဖွင့်စအချိန်ဒီလိုအခိုက်အတန့်မှာ ရတနာများအတွက် ပူရပင်ရဓမ္မတာအချိန်ကိုး နော့။
အစစအရာရာက အသစ်ကပြန်ပြန်စနေရတဲ့ ဒီအချိန်အခါသမယမှာ လိုအပ်တဲ့အ၇ာအားလုံးကို အပူပင်ကင်းကင်းလူတန်းစေ့သူတို့သုံးနိုင်ဖို့အရေး မာတာလေးက တာဝန်ယူပေးရတာကလည်း
ဖတ်ဖတ်မော ကြိမ်ဖန်များစွာပါလေ။ ငရဲပန်းကိုအလှပန်းထင်သကိုး လို့နှိုင်းကြယင်လည်း ရှိစေတော့ပေါ့။
ဘာလို့လည်းဆိုတော့...

ရထားတဲ့ရတနာလေးကလည်းကိုယ်လိုသလိုပုံသွင်းကြည့်တာ ဟိုဆောင်ပုဒ်ကို သက်သေပြနေတဲ့အတိုင်းပဲ။
ဘာတဲ့... ပုခက်လွှဲသောမိခင်၏လက်သည်ကမ္ဘာကိုလွှမ်းနိုင်သည် ဆိုတဲ့ ဆောင်ပုဒ်လေ။ ပြောပြရအုံးမယ်။
ကျုပ်ကလေးကသူများတွေထက်ထူးတယ်။ သားလိုချင်ပေမယ့် မွေးတော့သမီးလေးဖြစ်နေတာကို
စိတ်ကတော်တော်ကျသွားခဲ့ရပေမယ့်ကျုပ်စိတ်ကူးတွေအားလုံးကို သူ့ကိုပြောပြတဲ့အခါ
မျက်လုံးအ၀ိုင်းသားနဲ့နားထောင်တတ်ပြီးကျုပ်ဆန္ဒတွေကိုတင်ပြတဲ့အခါမျက်လုံးလေး
စူးစူးစိုက်စိုက်နဲ့ကြည့်ပြီးခေါင်းညိတ်လက်ခံတတ်တဲ့ရတနာလေး။
ကျောင်းစတက်ရမယ့်အရွယ်ရောက်တော့ပညာသင်ချင်တာလည်းသူ့အပြင်
နှစ်ယောက်မရှိခဲ့ဘူးလေ။
ကျုပ်မရခဲ့တဲ့အောင်မြင်မှုတွေကို သူကရအောင်ကိုကြိုးစားပြနိုင်ခဲ့တာ။
ဒါပေမယ့် ကျုပ်ကနည်းဗျူဟာလေးတစ်ခုတော့သုံးခဲ့ရတာပေါ့။
သူ့စိတ်ကိုနှိုးဆွပေးနိုင်မယ့် မက်လုံး လေးပေါ့။
လောကမှာအပေးရှိမှအယူရှိသတဲ့ဆိုတဲ့အတိုင်းပေါ့ သူကလည်းအောင်မြင်မှုတွေရအောင်
စွမ်းဆောင်ပေးနိုင်သလို
သူ့ကိုလည်း ကျုပ်က ဂုဏ်ပြုတဲ့အနေနဲ့တော့ တစ်ခုခု တော့ပြန်ဖန်တီးပေးရတယ်ပေါ့လေ။
ဒီလိုနဲ့ တစ်နှစ်တစ်တန်းတက်လာလိုက်တာ ခုဆိုအတန်းတော်တော်ရလာပြီလေ။
အတန်းကြီးလာတာနဲ့အမျှစရိတ်စက ကလည်းမြင့်တက်လာလိုက်တာ အခုဆို ကျုပ်လည်ပင်းက
အရာလေးကိုတောင်စိန်ခေါ်လာပြီ။ ဘယ့်နှယ်လုပ်ရပါ့မလဲ။
ဟုတ်။
ကိုယ်ကစထားတဲ့ဇာတ်ကိုး။
ကျုပ်ကလည်း သူ့အတွက်ဆိုအရာရာဖန်တီးဖြည့်ဆီးပေးချင်နေတာပါ။
ကျုပ်ဖြည့်ဆီးပေးတဲ့အရင်းအနှီးတွေအားလုံးကိုလည်း သူက အမြတ်မထွက်တောင်အဖတ်တင်အောင်
စွမ်းဆောင်ပေးနိုင်တဲ့သူပါလေ။ သူအောင်မြင်မှုတစ်ခုရတိုင်းရတိုင်း
ကျုပ်ကပီတိဗရပွနဲ့ ခေါင်းမော့ရင်ကော့နိုင်ခဲ့တာလည်း ဆယ်စုနှစ်တစ်ခုတောင်ကျော်ခဲ့ပြီ။
စိန်ခေါ်တိုင်းအနိုင်မခံအရှုံးမပေးတတ်တဲ့သူ့သဘာဝကိုကျုပ်ကခိုင်ခံ့အောင်ပျိုးထောင်ပေးနေခဲ့တာပါ။
မျှော်လင့်ရတဲ့ဒုက္ခကလည်းမသေးပါဘူး။ သူ့ဆီမှာကျုပ်ဘ၀ရဲ့မျှော်လင့်ချက်အားလုံးပုံအပ်ကာ
စောင့်စားလိုက်တဲ့အချိန်ကစပြီး သူဟာကျုပ်ရဲ့ရင်နှစ်သည်းခြာ ရတနာတစ်ပါးသာမကတော့ဘူး
ကျုပ်ရဲ့ရှင်သန်ရာအားလုံးကို ပိုင်ဆိုင်သူတစ်ယောက်အဖြစ်နဲ့ပါရပ်တည် လာခဲ့တာ။
သူကလည်းကျုပ်ကို အရာတိုင်းမှာပွင့်လင်းတတ်တယ်။ တိုင်ပင်တတ်တယ်။
ကျုပ်ကိုလည်းဝေဖန်တတ်သေးတယ်လေ။
ကျုပ်ကတော့ သူ့ရဲ့သဘာဝလေးကိုသဘောတကျနဲ့လက်ခံထားမိတဲ့သူဆိုတော့
သူ့ရဲ့အမူအကျင့်အားလုံး နဲ့ စိတ်ဓါတ်လေးကိုလည်းအလိုက်တသင့်လေးရင့်သန်ခွင့်ပေးခဲ့မိတယ်။
အင်းလေ။ ဒီလိုကျောင်းဖွင့်ချိန်ရောက်တိုင်း သူတက်ချင်တဲ့ကျောင်း၊ သူလိုအပ်တဲ့အရာအားလုံးကို
ကျုပ်ကအင်တိုက်အားတိုက်ပံ့ပိုးပေးခဲ့တယ်။ သူ့ဘက်ကမားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။
သူဖြစ်ချင်တာအားလုံးကို မျှော်လင့်ချက် ခပ်ဖျော့ဖျော့လေးနဲ့ ဖြည့်ဆည်းပေးနေခဲ့တယ်။
ကျုပ်ကိုမေးငေါ့ခဲ့၊ မျက်လုံးမှေးပြီးမတူမတန်သလိုဆက်ဆံခဲ့တဲ့ ကျုပ်ရဲ့ပတ်သက်မိတဲ့အသိုင်းအ၀ိုင်းက
မယုံနိုင်လောက်အောင် အထင်ကြီးငေးမောလောက်တဲ့အောင်မြင်မှုတစ်ခုကို သူက ကျုပ်အတွက်
သူ့ရဲ့ရည်မှန်းချက်စိတ်ကူးအိပ်မက်ကို အရာထင်အောင် စွမ်းဆောင်လိုက်တဲ့အခါမှာ တော့
ကျုပ်အမောပြေသွားခဲ့ပါတယ်။
ကျန်တဲ့ဘ၀ခရီးမှာ အမောပြေပြေလျှောက်လှမ်းခွင့်ကို သူကကျုပ်အတွက်နားနားနေနေ
ဖြည့်ဆည်းပေးမယ်လို့လည်း လုံးဝယုံကြည်ထားခဲ့တယ်လေ။
ခုတော့ကျုပ်ပျိုးထောင်ခဲ့တဲ့ ကျုပ်ကိုတိုင်ပုံဖော်ခဲ့တဲ့ကျုပ်ရဲ့ ရတနာပန်းလေးတစ်ပွင့်ဟာ
လူတန်းစေ့ဘ၀ခရီးရှည်ကို စတင်လှမ်းလျှောက်ခဲ့ပြီလေ။
ကျုပ်အောင်မြင်ခဲ့တယ်လို့တော့ပြောကြတာပါပဲ။
သူ့ကိုတော့ ကျုပ်က ရင်ခွင်ပိုက်အနေအထားနဲ့ပဲ မျက်ခြေမပြတ်ကြည့်နေချင်
တာပါ။ဒါပေမယ့် ကျုပ်အသက်အရွယ်ကျန်းမာရေးအခြေအနေကတော့ သူ့ကိုကျုပ်ပြန်မျှော်လင့်
အားထားနေမိတဲ့ အချိန်ကိုရောက်နေခဲ့ပါပြီ။ ကျုပ်တခါတလေငိုမိတယ်။ ရင်ခွင်ကိုငုံ့ကြည့်လိုက်တော့
သူကမရှိပြန်ဘူးလေ။ ဘ၀လမ်းကို ကျုပ်နဲ့ဝေးရာတစ်နေရာမှာ သူကဖြတ်သန်းနေပြီ။
ဒါပေမယ့် ကျုပ်က ရေဆန်ဆိုတာကို လုံးဝလက်ခံထားသူတော့မဟုတ်ဘူး။ ဒါပေမယ့်
ဆန်လာတဲ့ရေလေးတစ်ပေါက်နဲ့တော့ ဘ၀အမောကိုပြေချင်သေးတယ်။ မျှော်လင့်နေမိပါရဲ့။ သူ့ဘ၀လေးလန်းဆန်းနေတာကိုမြင်နေရပေမယ့် ကျုပ်ကိုပစ်သွားမလားဆို
တဲ့အတ္တသံသယအတွေးကလည်း သူဖန်တီးလိုက်တဲ့ အခြေအနေတစ်ရပ်ကြောင့် ဝေဒနာအဖြစ်
ကျုပ်ခံစားနေရပြန်ပြီ။ ဒါပေမယ့်ကျုပ် သူ့ကိုယုံကြည်နေတုန်းပါပဲ။
သူ ပေးမယ့် ဆန်ရေတစ်ပေါက်ကိုလည်းဆက်သောက်ချင်နေသေးတယ်လေ။ ငံ့လင့်နေရဆဲပဲ။
ဘုရားမှာတော့သူကျန်းမာချမ်းသာပါစေ အသံကြားသနား မျက်နှာမြင်ချစ်ခင်ပါစေ အရာရာအဆင်ပြေပါစေ
လို့ဆုတောင်းပေးမိတာ အမြဲပေါ့။
.........................................................
မေမေရေး လို့ ဖက်ဖက်ပြီးငိုချင်တယ်။
ဒီအချိန်ဆိုအိမ်မှာတုန်းက ရခဲ့တဲ့စည်းစိမ်က သိပ်ကောင်းခဲ့တာပေါ့။ ကျောင်းလေးဖွင့်ချိန်ဆိုယင်
မေမေက ကိုယ့်အတွက် ကျောင်းဝတ်စုံကအစ စာရေးကိရိယာအလယ် အသုံးအဆောင်ပစ္စည်းအဆုံး
အကုန်လုံးကို ပီတိ ဖြစ်လောက်အောင် ဖန်တီးပေးတတ်တာလေ။ ကျောင်းေ၇ာက်ပြီဆိုယင်လည်း
မုန့်တွေကိုလက်ညှိုးညွှန်လိုက်ယင် ၀ယ်ပေးပြီးပြီ။
တခါတလေကိုယ်စားချင်တာလေးက ရောဂါဖြစ်နိုင်တယ်ဆိုယင်တော့ ဆော်ပလော်တီးပြီမှတ်။
ဒါပေမယ့်ကိုယ်က မေမေတီးလည်းအေးဆေးပဲ။ငိုလိုက်တယ်။မေကပြန်ချော့တယ်လေ။
မေမေပြန်ချော့တိုင်းမျက်ဝန်းမှာမျက်ရည်လေးတွေနဲ့။ နောက်မလုပ်နဲ့နော်ဆိုတဲ့စကား
ကိုလည်းအမြဲကြားရတတ်သလို ကိုယ်ကလည်းခေါင်းကလေးညိတ်ပြီးနှာတရှုံ့ရှုံ့နဲ့ပေါ့။
ခုတော့ ကိုယ့်ဘ၀လေးကို ကိုယ့်ဘာသာဖန်တီးရချိန်ရောက်လာတော့ ကိုယ်တောင့်တမိတဲ့
အရာအားလုံးကို ကိုယ်တိုင်ရှာကြံရတဲ့အခါဟိုးအဝေးက မေ့ရင်ခွင်ထဲပြေးဝင်ချင်
စိတ်ကို ထိန်းချုပ်ရတာလဲအခါခါပေါ့။
အင်း ကျောင်းမှာဆုပေးပွဲအချိန်ရောက်ယင်ဖြင့်မေမေက ကိုယ့်အတွက်ဖိတ်စာလေးကို
တကြည့်ကြည့်နဲ့ ပီတိအစုံကို မဖုံးနိုင်မဖိနိုင် ခံစားပြီး ကိုယ်ဆုပေးပွဲမှာဝတ်ဖို့ ၀တ်စုံလှလှလေး
လည်းဖန်တီးပေးပြန်တာပေါ့။ ကိုယ့်ကိုလည်းပြောသေးတယ် မေမေ၀ယ်လာတဲ့ဝတ်စုံက
ဘယ်သူမှ မ၀တ်သေးတဲ့ဖက်ရှင်အသစ်ဈေးအကြီးဆုံးဆိုတာတွေပေါ့။ ကိုယ်ကပီတိဖြာပြီးနောက်ထပ်အောင်မြင်မှုတွေထပ်ယူချင်တဲ့ဆန္ဒတွေအပြည့်နဲ့ပေါ့။
ဒီလိုနဲ့ပဲကိုယ်နိုင်သလောက်ကြိုးစားလာလိုက်တာ ကိုယ်လိုချင်တဲ့ဘွဲ့ကိုလည်းရခဲ့ပြီးပြီလေ။
အလွယ်လေးနဲ့ရခဲ့တာမဟုတ်ဘူး။ကိုယ့်အောင်မြင်မှုတိုင်းမှာ အမေ့ချွေးတွေပါတယ်။
အမေ့သွေးကလာတဲ့ခံစားချက်တွေပါတယ်။ မေမေရဲ့ပိုင်ဆိုင်မှုအားလုံးပါခဲ့တယ်။
အဲဒါကို ကိုယ်သိနေပါတယ်လေ။ အေးဆေးနေတတ်တဲ့သဘာဝရှိတဲ့ကိုယ်က
ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်အဆင့်ခပ်မြင့်မြင့်ဖြတ်သန်းချင်တာကလည်း မေမေကြောင့်ပါပဲ။
ကိုယ်ကြိုးစားခဲ့တယ်။ နောက်တော့ကိုယ်နေရာတစ်ခုကိုလူတန်းစေ့ခပ်မြိန့်မြိန့်လေး
ပိုင်ဆိုင်နိုင်ခဲ့တယ်။ အဲဒီဘ၀အဆင့်ကိုလည်း ကိုယ့်ရဲ့မျက်ရည်နဲ့မေမေ့မျက်၇ည်တွေ
မေမေ့ခွန်အားနဲ့ကိုယ့်ခွန်အားတွေထပ်တူကျခဲ့တယ်။
မေမေရဲ့နောက်ဆုံးမီးကုန်ယမ်းကုန်အားထုတ်ဖြည့်ဆည်းပေးခဲ့တာကြောင့်လည်း
ကိုယ်ဟာ မေမေ့ရဲ့တာဝန်ကို လုံးဝဥဿုံ လွှဲပြောင်းယူခဲ့တယ်။
ဒါဟာလည်း လုံးဝလုပ်ရတော့မယ့်အချိန်အခါသမယပေပဲလေ။
အင်း တွေးမိတိုင်းမချိမဆန့် ခံစားရတာကတော့ ကိုယ်ဖြည့်ဆည်းပေးနိုင်သေးတာက
မေမေ့အတွက် ရယ်စရာကောင်းနေတာကိုပါပဲ။
လုံးဝတာဝန်မကျေသလိုခံစားနေရတယ်။ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာထဲကနေပြီး
အဆုံးစွန်ထိ ကြိုးစားပေးနေတာပါပဲ။ပြန်ဖြေသိမ့်ကြည့်ပေမယ့် ကိုယ့်ကို
မေမေ၀ယ်ပေးခဲ့တဲ့ခွေးရုပ်ခဲတံတစ်ချောင်းဖိုးတောင် မကျေနိုင်သေးတာကို ရှက်မိပါရဲ့။
မတတ်နိုင်ဘူးလေလို့ပြောရလောက်အောင်ကိုယ်အရှက်တရားက ခွင့်မပြုပြန်ဘူး။
သိတတ်မှုတာဝန်ယူချင်မှုတွေတစ်ပုံတစ်ပင်နဲ့ ကိုယ် ဆက်လျှောက်နေသေးတယ်။
ဘ၀ဟာအကွေ့အကောက်များတယ်ဆိုတာ ကိုယ် လက်ခံလိုက်တဲ့အခါမှာ
ကိုယ်ထင်မထားတဲ့လမ်းလေးတစ်ခုကလည်း နှစ်သက်လိုလားလက်ခံချင်လိုမှုတွေ
ဖြစ်လာအောင်ကဗျာဆန်ဆန်လေး ပေါက်လာပြန်တယ်။ မေမေကတော့ စိုးရိမ်တကြီးနဲ့ ပေါ့လေ။
ကိုယ်ယုံကြည်ရာကိုယ်လုပ်ခွင့်ကို ဖန်တီးပေးမြဲဖြစ်တဲ့မေမေ ကတော့ သူမရဲ့စိုးရိမ်စိတ်တွေကတဘက် ကိုယ့်ကိုယုံကြည်မျှော်လင့်ထားတဲ့သူ့အိပ်မက်ကတဘက် နဲ့အတူ ကိုယ်ဘာလုပ်လေမလဲ
လို့ငံ့လင့်တွေဝေနေဆဲပါပဲ။
ကိုယ့်ဘ၀ရဲ့ခမ်းနားတဲ့အချိန်တိုင်းကို ပိုင်ဆိုင်နိုင်အောင် ဆက်လျှောက်နေတဲ့ ကိုယ့်မှာ ခွန်အားတွေက
အပြည့်နဲ့ပါ။ ချော်လဲတဲ့အကြိမ်တိုင်းမှာ မေမေက ကိုယ့်အတွက် စိတ်ဓါတ်ကြံ့ခိုင်လာစေမယ့် စကားလုံး
တွေနဲ့ အစဉ်သွန်သင်ပေးနေခဲ့တယ်။ သူများတွန်းချတာလည်း ခံရတော့မလိုဖြစ်တဲ့အခါတိုင်းမှာလည်း
ကိုယ့်အတွက် မေ့ရဲ့မေတ္တာတွေက တံတိုင်းတစ်ခုလို ကာရံထားပေးနေတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့
ကိုယ့်ငယ်ဘ၀လေးဟာ မေမေ့ကြောင့် စိုပြည်မှုအပြည့်ခံစားခဲ့ရတယ်။ ကိုယ်တမ်းတမိတိုင်း အိုမေမေ
လို့ သာ အမြဲရင်ထဲ အစဉ်ပဲ ဟစ်ကြွေးနေမိတယ်လေ။
ကိုယ့်ထက်မြက်မှုတွေအားလုံး ကို ပုံဖော်ပေးခဲ့တဲ့မေမေ့အတွက် ကိုယ်ရှင်သန်ချိန်အားလုံးမှာ ကိုယ်
စိတ်တိုင်းကျ ပေးဆပ်ချင်နေတယ်။ အဲဒီအတွက်ကိုယ် အချိန်တိုင်းမှာကြိုးစားနေတယ်။ တခါတလေတော့
ကိုယ်ရင်ဆိုင်ရတဲ့အထေ့အငေါ့လေးတွေကိုကြုံတိုင်း မေမေ့ရဲ့ခွန်အားတွေကို လေးစားမိတယ်။
မေမေကျော်ဖြတ်ခဲ့ရတဲ့ ကိုယ့်ကိုပျိုးထောင်ပေးရတဲ့အချိန်တိုင်းမှာ ကိုယ်မြင်ခဲ့ရတဲ့မေမေရဲ့ ခွန်အားတွေကိုပေါ့။
ကိုယ်ကတော့ မေမေရဲ့ရင်ခွင်ကရုန်းထွက်ခဲ့ရသူမဟုတ်ပေမယ့် တိုက်ဆိုင်တဲ့အချိန်တိုင်းမှာ မေမေ့ရင်ခွင်ထဲ
ခေါင်းဝှေ့ပြီးကျီစယ်နေချင်ချွဲနွဲ့နေချင်တာပါ။ ကိုယ်ပြန်မရနိုင်တော့တဲ့ကိုယ့်ရဲ့အတိတ်အချိန်တွေက မေမေ့ရဲ့
ကျေးဇူးတွေကို တော့ ကိုယ်ဦးခိုက်နေတာ ထာဝရပါပဲ။ မေမေသိနိုင်မယ်လို့မျှော်လင့်နေတာတော့မဟုတ်ဘူး။
ကိုယ်ပတ်ဝန်းကျင်အသစ်အသစ်တွေ လူအသစ်အသစ်တွေနဲ့ အစဉ်ထိတွေ့နေခဲ့ရတယ်။ကိုယ်အစဉ်အတိုင်းရှာဖွေနေ
မိတဲ့ ကိုယ့်ဘ၀တိုးတက်မှုအသီးအပွင့်တိုင်းကို မေမေအရသာခံနိုင်ပါစေလို့ဆန္ဒအမြဲပြုနေမိတယ်။
အရင်တုန်းက နုနယ်တဲ့အသည်းကို အပြင်လေကြမ်းလေးတိုးတာကိုတောင် ကိုယ်က မခံမရပ်နိုင်နဲ့ မေမေ့ဆီ
တိုင်တည်တတ်တယ်။ ခုတော့ ကိုယ်အဲဒီအမူအကျင့်ကို လုံးဝရှောင်လိုက်ပြီ။ အရာတိုင်းကို ခံနိုင်ရည်ရှိအောင်
ကြိုးစားတွန်းလှန်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့။
ခုတော့အေးဆေးပါပဲ။အရာတိုင်းကို စိန်ခေါ်နိုင်ဖို့ ကိုယ့်ဘ၀ဆိုတဲ့ Crcuit မှာ Resistor တွေခပ်များများ
ထည့်ထားရတယ်။ Automatic Control System တစ်ခုကိုလည်း ကိုယ့်ဘ၀ Circuit ပတ်လမ်းမှာ အော်တိုချိတ်ထား
တယ်။ မလိုလားအပ်တဲ့တိုက်ခိုက်မှုတွေနဲ့ကြုံလာတိုင်းလည်း ကိုယ် Circuit ကို FeedBack ပြန်ကျွေးတတ်အောင် ကျင့်ကြံ
လာပြီလေ။ ကိုယ်တတ်တဲ့ပညာလေးနဲ့တော့ ကိုယ့်တစ်သက် ရှင်သန်နေချိန်တိုင်းကို အကျိုးရှိရှိဖြတ်သန်းလိုက်မယ်
လို့ ဆုံးဖြတ်ထားတယ်။နောက်ပြီးကိုယ်ခံယူထားတာက ကိုယ်အသက်ရှင်နေသရွေ့
မေမေရဲ့မျှော်လင့်ခြင်းကောင်းကင်ကနေဆန်ရေလေးတစ်ပေါက်အဖြစ်
အမြဲဖန်တီးပေးနေချင်တာပါပဲ.။
ဘုရားမှာ မေမေအတွက်တာဝန်ကျေနိုင်ပါစေ လို့အမြဲဆုတောင်းနေမိတယ်လေ။


2 comments:

ပီကေ said...

အတော်စွဲဆောင်မှု ရှိတဲ့ ရေးသားချက်ကလေးပါ။ စာရေးသူနောက်ကို တစ်ကောက်ကောက်ပါအောင် လိုက်လာမိတယ်။ ဘာဖြစ်ဦးမလဲ ဘာဖြစ်ဦးမလဲလို့ သိချင်ဇောကို မွေးထုတ်ပေးနိုင်တယ်။ Bravo !!! ညီမ။ ဒါပေမယ့် ရေးသားဟန်ကို ဝေဖန်ရရင်တော့ သမီးလုပ်သူရဲ့ စကားပြောဟန် လေယူလေသိမ်းနဲ့ အမေလုပ်သူရဲ့ စကားပြောဟန် လေယူလေသိမ်းက တူနေတယ်။ လူနှစ်ယောက် စကားပြောနေတယ်လို့ သာမန်အားဖြင့် မြင်လို့ရပေမယ့် စာရေးသားမှုအပိုင်းမှာ ကွဲပြားဖို့ လိုနေတယ်။ ဥပမာ အမေရဲ့ လေယူလေသိမ်းမှာ ငြိမ်းချမ်းမှု အသွင်အပြင်ကို ဆောင်ပြီး သမီးရဲ့ လေယူလေသိမ်းမှာ လူငယ်တစ်ယောက်ရဲ့ အားမာန်ကို ပုံဖော်နိုင်ရင်တော့ အသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက် စကားပြောတယ်ဆိုတာ ပိုပီပြင်လာလိမ့်မယ်။ အကို နားလည်သလို အကြံပေးကြည့်တာပါ။ စထက် တံပိုး အကောင်းစားပို့စ်တွေ ရေးသားနိုင်ပါစေလို့ .....

Welcome said...

သူငယ်ချင်း
နှစ်သက်စွာဖတ်ရှုသွားတယ်။
အရေးအသားကောင်းပုံကတော့
ပြောစရာမရှိပါဘူး။
အမေ့မေတ္တာကို မမေ့မလျော့ ဖော်ကျူးခွင့်ရတဲ့ သမီးလိမ္မာလေး အရာရာတိုင်းမှာ အောင်မြင်မှု သရဖူဆောင်းနိုင်ပြီး ပန်းခင်းသောလမ်းကို လျှောက်လှမ်းနိုင်ပါစေ.. .. ..လို့။
ခင်မင်စွာဖြင့်
ဝင်းဇော်