Thursday, November 27, 2008

ယုံရက်သူ


အမုန်းမယူ
ပြုံးအပူနဲ့
မူတူတူမျက်နှာပေးကို
ရင်လေးတယ် ကိုယ့်ချစ်ဦးရယ်
ဘုန်းတက်တဲ့ဆေး။
အပြောကြူကြူ
အမောရယ်ပြေစေမယ့်
ဟောဒီလေချိုးလေးကိုကွယ်
ချစ်တာပို စေတနာအမေးရယ်က
ကိုယ့်အပြုံးကိုချိုစေတဲ့ အတွေး။
ဟန်ပိုတာ မူနွဲ့နွဲ့လေးရယ်
ဘယ်အတွက် မုဒိတာပွားစေမယ်
ပြောစမ်းပါ ကိုယ်နားသွင်းချင်လို့
အတည်ကြည်သစ္စာစကားကိုမှ
ကြားချင်မိယုံရက်သူရယ်က
ပို့လိုက်မယ်ကွဲ့ အဝေး...........။




Friday, November 21, 2008

တယုတယစကားလုံးလေးများ


မေလေးသည် ကို့ရင်ခွင်ကိုမီလျက် မျက်လုံးလေးမှေးကာ လက်ချောင်းလေးများဖြင့် ကို့နှုတ်ခမ်းအားပွတ်သပ်လျက်
တိုးဖွဖွလေသံဖြင့်

“ဟိုးအဝေးကတိမ်တိုက်တွေထဲမှာတောင် အတူနေခွင့်ရချင်သေးတယ်” ဟုပြောလိုက်သောအခါ

ကိုသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သောအသံမာမာကဖြင့်

“ဟာ...............မဖြစ်နိုင်တာတွေမတွေးပါနဲ့ အတူရှိချိန်မှာ အားတက်တဲ့စကားလေးတွေပြောဖို့ကြိုးစားစမ်း” ဟူ၏။

ထိုအခါ မေလေးသည် ကြည်နူးသောစိတ်အစဉ်မှာ မှိုင်းမိသကဲ့သို့ နွမ်းလျချိနဲ့ကာဖြင့် ရင်ထဲလှိုက်ဖို ငိုကြွေးဖို့ရာ တာစူကာဖြင့်
အသံတိတ်ကာသွားတော့သည်။

“................”

တိတ်ဆိတ်မှုကို ရယူသွားသော မေလေးအား ကိုက ကြည့်ကာ အလိုမကျသောမျက်နှာထားဖြင့် အသံမြှင့်ကာပြောလိုက်ပုံက

“ဟေ့..........ဘာဖြစ်သွားတာလဲ မှန်းစမ်း၊ ဟာ........... အဲဒါပေါ့မကြိုက်တာ ပျော်ရမယ့်အချိန်မှာ ဒီဟာတွေနဲ့ပဲအချိန်ကုန်နေ” ဟုဆိုလေသည်။

မျက်မှောင်လေးအသာကြုတ်၊အောက်နှုတ်ခမ်းပါးပါးလေးအားအသာစူကိုက်ကိုက်ကာ ကိုအားလှမ်းကြည့်နေသောမေလေးဟာဖြင့်
“..........” ခပ်တိတ်တိတ်လေးပေါ့။

အခြေအနေအရ ပြောရန်လိုသောစကားလုံးဟု အထင်ရောက်သူ ကို က မေလေးအား သူ့နှုတ်ဖျားမှ ထာဝရပိုင်ဆိုင်ထားသော
စကားလုံးများကို သူ၏အောင်မြင်သောလေသံဖြင့် တည်ကြည်စွာ စကားခွန်းအဖြစ်ဖန်တီးလိုက်ရာ

“သေချာနားထောင်၊ချစ်လို့မြတ်နိုးလို့ ရင်ခွင်ထဲထည့်သိမ်းထားတာ၊ မဟုတ်တာတွေနဲ့ပြောဆိုအချိန်ကုန်နေမှ ပိုချစ်မယ့်သူမဟုတ်ဘူး၊”
ဟု ဒေါသစွက်အသံတချို့ဖြင့် မေလေးအား ရင်တုန်စေတော့သည်။

ထိုအခါ တုန်သောရင် ခုန်သောနှလုံး ဆုံသောမျက်ဝန်းအပေါ် မေလေးတုံ့ပြန်လိုက်သော စကားလေးက

“ဟုတ်” ဖြစ်၏။

သည်တွင် ကိုက မေလေး၏ရွံ့ကြောက်ပုံစံအား အခွင့်ကောင်းယူလျက် ကျေနပ်စွာ ဘဝင်ယူလိုက်သောအသံဖြင့်

“ကတိပေး နောက်အဲလိုမလုပ်တော့ပါဘူးလို့ ၊ကတိပေးမှဖြစ်မယ်၊အချိန်တွေကုန်တယ် နှမြောစရာသိပ်ကောင်းတယ်” ဟုပြောပြန်သည်။

မေလေးသည် ကို့စကားအဆုံးတွင် စိတ်ထဲဝယ်မကျေနပ်မှုအုပ်စိုး ညှိုးလျော်သောကဗျာဆန်မှုများစွာအပေါ် မချိမဆန့်ခံစားရသဖြင့်စုပ်သပ်လိုက်မိသည်။

“ဟင်း........ကျွတ်”

ယင်းအသံကိုကြားသော ကိုသည် မေလေးအား စိတ်ညစ်စိတ်တိုသည့်ပုံဖြင့်ကြည့်ကာ ရင်ထဲမှလဲ စိုးရိမ်စိတ်တစုံတရာရှိလာသည့်နောက်
အခြေအနေကိုထိန်းလိုသည့် ပုံဖြင့် မေလေးအားဆုံးမသော လေသံဖြင့်

“သိသလောက်အတွေးသေးသေးလေးနဲ့ မပြောနဲ့ မတွေးနဲ့၊ ကုန်သွားတဲ့အချိန်တွေကိုဘာနဲ့မှပြန်မဆပ်နိုင်ဘူး၊ဟုတ်ပြီလား၊
လုပ်စရာတွေအများကြီးရှိတယ်၊ အဲဒါတွေနဲ့အချိန်မကုန်စမ်းနဲ့” ဟုဆိုလေသည်။

မေလေးသည် ကို၏စကားအဆုံး လှိုက်ဖိုဝမ်းနည်းစွာဖြင့်ငိုကြွေးလိုက်တော့သည်။

“အဟင့်....အဟင့်......အီးဟီး......ရွှတ်”

ထိုအခါ ကိုသည် မေလေး၏မဟန်သော အခြေအနေအား မြင်တွေ့သောအခါတွင် သူ့အားမုန်းတီးစိတ်ခုသွားမည်စိုးသဖြင့်
မေလေးအား ရင်ခွင်အတွင်းဆွဲသွင်း၊သူ့ပေါင်ပေါ်ပွေ့ချီကာ မေလေးမေးစေ့အား သူ့လက်ချောင်းများဖြင့်ဆွဲယူမော့ကြည့်စေကာ

“ဒီမှာကြည့်စမ်း၊ ချစ်လို့မြတ်နိုးလို့ မခွဲနိုင်လို့ ပိုင်ဆိုင်ခွင့်ရအောင်ကြိုးစားထားရတာလေ၊မုန်းတယ်မချစ်ဘူးမေ့ပစ်ချင်တယ်ဆို
ဘာလို့ပိုင်ဆိုင်ဖို့ကြိုးစားထားမှာလဲကွာ၊ နော်..........” ဟုစိုးရိမ်မှုစွက်ကာ ချိုသာစွာပြောလေသည်။ ထို့အပြင် မေလေး၏ပါးပြင်နုနုလေး
အား စုံမက်စွာ နမ်းရှိုက်ပြန်သောအခါ မေလေး၏ စိတ်နုတိမ်တိုက်အား ဝမ်းနည်းပူဆွေးစွာသောအငွေ့အသက်များအုပ်မိုးသောအခါ
မျက်ဝန်းစုံမှ မျက်ရည်များစွာ နှုတ်ခမ်းပါးလေးမှာလဲ မဲ့တဲ့တဲ့အမူအရာသို့ပြောင်းသွားပြီးနောက် ပူဆာနေသော
မုန့်အား လိုချင်သည့်အချိန်ထက် နောက်ကျစွာရသည့်အမှုဖြင့် မချိတင်ကဲငိုကြွေးသောကလေးငယ်တယောက်
ပုံစံအတိုင်း ချုံးပွဲချငိုလိုက်လေသည်။

“အဟီး............”

ကိုသည်မေလေးအားစိုရိမ်ကြီးစွာအနေအထားဖြင့် အခြေအနေအားကိုင်တွယ်ပုံနည်းစနစ်ပြောင်းရန်လိုအပ်ကြောင်း
သိရှိသွားသည့် သူပမာ မေလေးမျက်ရည်များအားတယုတယသုတ်ပေးကာ နှာရည်များကိုပါ သိမ်းဆည်းပေးပြီး
နှုတ်မှလည်း တဖွဖွဖြင့် ကလေးအားချော့မြူသော မိခင်ပမာ မေလေးအား ချော့မြူလေသည်။


“တိတ်.........တိတ်........နော်၊မငိုနဲ့နော်၊အရမ်းချစ်တာပေါ့.....၊သိပ်ချစ်တာ မခွဲနိုင်ဘူး ဒါကြောင့်ရင်ခွင်ထဲသိမ်းထားတာလေ......နော်၊
ဘာမှမဖြစ်ဘူးနော်၊ဘာမှမပြောဘူး မေ့ပစ်လိုက်၊ဟုတ်ပြီလား၊ချစ်တယ်နော်...........”

မေလေးသည် ကျေနပ်နှစ်သိမ့်မှုရသွားသော တိုက်ပွဲနိုင်သူတစ်ယောက်ပမာ ပါးလေးနှစ်ဖက်တင်းဖောင်းလာအောင် နှုတ်ခမ်းလေးအစုံ
ကို တတ်နိုင်သမျှခွန်အားလေးနဲ့စူထားကာ မျက်ဝန်းလေးကိုလဲ ဒေါင့်ကပ်ကာ ကို့မျက်နှာအား မော်ကြည့်ကာ ငိုပြီးစအရှိန်မသေသေး
သောကလေးငယ်ပမာ ရှိုက်ငင်နေလေသည်။
“အဟင့်.....ရွှတ်”

ထို့အပြင် နှာခေါင်းမှလျှံကျလာသော နှာရည်နှင့် မျက်ဝန်းအစုံမှထွက်ကျလာသော မျက်ရည်များကိုလဲ မေလေးသည် လက်ဖမိုးလေး
ဖြင့်ဖယ်သုတ်နေသေးသည်လေ။

“ဖယ်ဖယ်၊ သုတ်ပေးမှာပေါ့၊တိတ်တော့နော်၊စိတ်ဆင်းရဲအောင်လုပ်ဖို့အနားမှာခေါ်ထားတာမဟုတ်ဘူး၊” ဟုပြောကာ ကိုသည်မေလေး
လက်ဖမိုးလေးအား တယုတယဖယ်ကာ နှုတ်မှတဖွဖွပြောဆိုကာ နူးညံ့သောအနမ်းများဖြင့်မေလေးအား မြူနေလေတော့သည်။

အကြင်နာတရားလေးများဖြင့် ဝေဆာနေသော မေလေးသည် တိမ်းမူးပျော်ရွှင်ကြည်နူးစွာဖြင့် ကို့ချစ်ခြင်းတရားအောက် ပျော်မွေ့နေ
တော့သည်လေ။




Monday, November 17, 2008

အသစ်


တစ်ချိန်တစ်ခါလောက် အတိတ်ဆီနောက်ပြန်မျှော်မလားငေးမိတယ်။
အင်တင်တင် ဟိုတချိန်က ငါ့ခြေလှမ်းတိုင်းကို နင်အပိုင်စားရဖူးတယ်နော်။
ငါ့ရင်ကိုလဲ နင်မတွေ့ချင်ခဲ့ဘူးဆိုတာ နင့်ရင်ထဲက အရိပ်တချို့ကို ဖမ်းမိခဲ့တဲ့အခါ ငါ နင့်ကိုဖျောက်ဖျက်ပစ်ခဲ့တယ်။
နင်လိုချင်တဲ့ ငါ့ဆီကအရာတွေအားလုံး နင့်ကိုသိမ်သိမ်မွေ့မွေ့လေး ပေးခံစားစေခဲ့တယ်။
ဒါပေမယ့် နင်ကတန်ဖိုးထားတဲ့ရတနာလို ငါ့ကို နှလုံးသားလည်မှာမဆွဲထားဘူး။ နင့်နှလုံးသားကိုလဲ ငါ့အတွက်ကော်ဇောနီလမ်းလို မခင်းခဲ့ပေးဖူးဘူး။
မပြေပြစ်တဲ့ချောမွေ့မှုတစ်ခုကို နင်က ငါ့နဲ့အတူ စမ်းသပ်ချင်တယ်တဲ့။ ခနဲ့တဲ့တဲ့ စကားလုံးတွေနဲ့အတူ ခံစားချက်တချို့ကို ရင်ထဲအသီးသီး
ဆွဲသွင်းခဲ့ကြတယ်။
နင့်မျက်ဝန်းအစုံကိုငါကြည့်လိုက်တော့ စိန်ခေါ်မှုတွေနဲ့အတူ တစုံတရာအပေါ် အရွဲ့တိုက်ချင်ပုံနဲ့ နင့်မျက်နှာပေးက ခပ်မဲ့မဲ့အပြုံး၊
ပိုင်နိုင်တဲ့အကြည့်တချက်နဲ့ ငါ့ကိုအစိမ်းလိုက်ဆွဲသွင်းခဲ့တယ်။
အဲဒီအချစ်ဆိုတာကို အစိမ်းလိုက်ခံစားကြည့်စေတဲ့ နင့်ရဲ့ ငါ့အတွက်စေတနာတွေဟာ တနေ့မှာတော့ ကာရံတစ်ခုမဟုတ်တဲ့အပြင်းစား
ပေါက်ကွဲသံစဉ်အဖြစ် ငါ့ရင်ကို ပြုစားလိုက်ပြန်တယ်။
အဆိုးဆုံးအရိုင်းဆုံးဆိုတဲ့အသုံးအနှုန်းတွေနဲ့အတူ နင့်အင်ပါယာမှာ ငါနလန်မထူနိုင်အောင် ငါ့စိတ်ထဲကတန်ဖိုးထားတဲ့အရာတွေအားလုံး
ကို ကံတရားရဲ့နောက်လိုက်မဖြစ်ချင်ဘူး တဲ့။
ခပ်သဲ့သဲ့ပြောတဲ့စကား ငါကြားခဲ့ဖူးတယ်။
ဒီနောက်မှာ မပြောမဖြစ်တဲ့စကားဆိုပြီး “မဖြစ်နိုင်တော့ဘူး” လို့ ထပ်ပြောခဲ့ပြန်တယ်နော်။
လွတ်လွတ်လပ်လပ်တွေးတောမျောလွင့်ခွင့်ကို အခါခါငံ့လင့်နေမိပေမယ့် မထင်မှတ်တဲ့ဒီဖြစ်ရပ်နောက်
ဒရောသေားပါးအပြေးကလေးရုန်းထွက်လိုက်မိတဲ့အခါမတော့ ရင်ကွဲမတတ် အနာပေါ်ဆားတို့ထားသလို
ဆတ်ဆတ်ခါနာကျင် ဒုက္ခတွေပင်လယ်ဝေနေသလို ကမ်းလင့်မလားငံ့လင့်မိလက်တစ်စုံကို ငါလိုချင်ခဲ့တယ်။
အပြုံးမဲ့မဲ့တချက်နဲ့ ပက်ပက်စက်စက်ခွဲထွက်သွားတဲ့ နင့်ကျောပြင်ကို လှည့်မကြည့်ချင်ခဲ့ပေမယ့် တချက်လေးတော့စောင်းငဲ့မိတယ်။
မပြောပလောက်တဲ့ လျစ်လျူရှုမှုကို သည်းထန်စွာခံစားခဲ့မိသေးတယ်။
ယူကျုံးမရတဲ့အပူမီးတွေက ငါ့မျက်ဝန်းကို မျက်ရည်တွေနဲ့ ကာလများစွာစိုစွတ်စေခဲ့တယ်။
စိတ္တဇဆန်ဆန် အားလုံးရဲ့အလယ်မှာ မျက်စိသူငယ်နားသူငယ်နဲ့ စိတ်ရိုင်းကိုရွက်လွှင့်ခဲ့မိတာလဲ နေဝင်တဲ့ရက်ပေါင်းများစွာကို ဟာတာတာ
အတွေးတပွေ့တပိုက်နဲ့ ခပ်မိုက်မိုက်ဖြတ်ကျော်မိခဲ့သေးတယ်။
အရင်းအနှီးက သိပ်မများပေမယ့် မချိတင်ကဲခံစားမိရာကနေ တနုံ့နုံ့လဲခံစားခဲ့သေးတယ်။
ခံစားချက်အားလုံးက ကဗျာမဖြစ်သွားဘူး။ စာအဖြစ်လဲ ချရေးဖို့ရာ စကားလုံးရှာလို့မရလောက်အောင် သိမ်ဖျင်းလွန်းတယ်။
သင်ခန်းစာယူလိုက်ပေါ့ ကံကောင်းတယ်လို့သဘောထားလိုက်ပေါ့ တဲ့။ အားပေးတဲ့စကားအလား ငါ့နားထဲအထပ်ထပ်ဝင်သေးတယ်။
အမျက်မပြေတာလား အခဲမကျေတာလား အစွဲတွေဝေနေတာလား အဟား ခပ်မဲ့မဲ့နဲ့ အသံတိတ်ငိုနေမိတဲ့ငါ့မျက်နှာကို မှန်ထဲကြည့်မိတော့
သိမ်ငယ်တဲ့မျက်နှာအဖြစ် ညှိုးလျလျတွေ့နေရပြန်တယ်။
ကောင်းကင်ကလာတဲ့ ငါ့အတွက် ထောင်ချောက်လွတ်လမ်းညွှန်စကားလေးက
လူသားအားလုံးမှာ ကိုယ်စီကိုယ်စီသောကတွေခံစားနေရ
တာအချိန်နဲ့အမျှပါတဲ့ ဒါပေမယ့်သူတို့အားလုံးရုန်းထွက်နိုင်ဖို့ရှင်သန်စွာကြိုးစားနေကြတယ်တဲ့ လတ်ဆတ်မှုတွေကိုဖမ်းဆုပ်ထားကြဆဲပဲ
တဲ့ ။

ဒီစကားမျိုး တစ်သက်မှာတစ်ခါသာကြားဖူးတဲ့ ငါ့ကောင်းကင်ဖန်ဆင်းရှင်ရဲ့ ဒိုင်ယာလော့ခ်လှလှလေးကငါနားဝင်ချိုချိုနဲ့လက်ခံ
ခဲ့တယ်။
ရင်ထဲကအစိုင်ခဲအားလုံး မြူမှုန်တောင်ဖြစ်မကျန်ရစ်ခဲ့တော့ဘူး။ ငါ့အတွက်နေ့သစ်အားလုံးက အသစ်စက်စက်တွေချည်းဖြစ်ခဲ့တယ်။
ငါအရှက်မရခဲ့တော့ဘူး။နောင်တရစရာအဖြစ်ဆိုးလိုကြုံခဲ့ရတယ်လို့လဲ မမြင်တော့ဘူး။အရာအားလုံးကိုအောင်မြင်အောင်ဖြတ်ကျော်ဖို့
ဦးတည်နေခဲ့မိတယ်။
ယုံကြည်ရာတစုံတရာကိုလဲ ငါ့စိတ်နဲ့ထပ်တူ စိုပြည်ခွင့်ရနိုင်မယ်လို့ တစ်ထစ်ချပဲ။ ပုံပြင်တွေအများကြီး ငါမျက်စိနဲ့တပ်အပ် ရင်နဲ့ထပ်တူ
ကြားခဲ့ဖူးတယ်။ ငါ့ရဲ့ဖြစ်ရပ်မှန်က ငါကြားတဲ့ပုံပြင်တွေနဲ့နှိုင်းယှဉ်ရင် ခပ်ပါးပါးနဲ့ မပြောပလောက်အောင် ကလေးကစားစရာပဲ။
အရာခပ်သိမ်းကို သဘာဝကျကျ အမှန်မြင်အမှန်သိနိုင်ဖို့အရေး ငါ့စိတ်ကို ပြင်ဆင်ခဲ့သေးတယ်။
အလိုမကျတဲ့ခံစားမှုတွေအောက် အချိန်တွေကို ငါမစတေးတော့ဘူး။ ငါလိုချင်တဲ့ပျော်ရွှင်မှုတွေကို လတ်ဆတ်စွာဖြည့်တင်းပေးမယ့်
ကံတရားလက်ဝေခံတွေကလဲ ငါနဲ့အတူ သိုင်းဝိုင်းနေတာလဲ အချိန်နဲ့အမျှပါပဲ။
ခပ်ရှုပ်ရှုပ်ရင်ဘတ်များက ငါ့နံဘေးမှာ ချစ်ချစ်ခင်ခင်ပေါ့။
ခပ်ပေါ့ပေါ့ အတွေးကို ပေါ့ပျက်ပျက်ခံစားပေးလိုက်မိတာ ရင်ဘတ်အားတွေပြည့်စေခဲ့တယ်။ အကြင်နာတရားတွေကိုတော့ မမေ့တော့တာ
တကယ်ပါပဲ။ ငါတန်ဖိုးထားတဲ့ လက်ကိုင်ပြုစရာ အကြင်နာတရားရဲ့ သိမ်မွေ့တဲ့စေစားရာနောက် ညပေါင်းများစွာ တကောက်ကောက်
လိုက်ခဲ့မိတော့ မရိုင်းတဲ့ အချစ်ကို အဆန်းမဟုတ်တဲ့ စကားတွေနဲ့အတူ သူမတူတဲ့ဖြစ်ရပ်ကလေးက ငါ့ကို ဘဝလက်ဆောင်ပေးခဲ့တော့
အတိုင်းမသိကြည်နူးမိပြန်တယ်။
ခြောက်သွေ့နေတဲ့ ရင်ထဲကအစိတ်အပိုင်းတချို့ တပိုင်းတစရှင်သန်လာပြန်တယ်။ ယုံကြည်မှုတစ်ခုကိုလဲ ငါ့ရင်ထဲ ဒိုက်ရိုက်ခပ်မြန်မြန်
စွဲမြဲစေခဲ့ပြန်တယ်။
နောက်အတော်ကြာပေါ်မလာတဲ့အဖြစ်ဆိုးနဲ့ ငါ့ကိုမိတ်ဆက်ပေးခဲ့ပြန်သေးတယ်။ ဒါပေမယ့် ငါ့ဘဝက ပိုင်ရှင်အစစ်နဲ့တွေ့လိုက်ရတဲ့အလား
ယုံကြည်ရာခင်တွယ်မိသူ ငါ့ရဲ့ အချစ်ဦးသူ နဲ့ ဆုံစည်းခွင့်လေးကို ကံကြမ္မာက သာသာကြီးပေးလိုက်ပြန်တော့.။
အရာအားလုံး ငါ့ဘဝလေးကို အသစ်တွေအဖြစ် မိတ်ဆက်ပေးခဲ့ပြန်တယ်။
ကောင်းကင်ကြီးကြည့်လိုက်ပြန်တော့ တိမ်သားတွေက လတ်ဆတ်လွန်းလှပါဘိသနဲ့။
တိမ်ခိုးတွေက အသစ်စက်စက်မိတ်ဆက်နေပြန်တယ်။
ခွန်းဆက်မိတဲ့ စကားလုံးအသစ်တွေကလဲ ငါနဲ့ သူကြားမှာ ပလူပျံလို့။
သဘာဝတရားဟာလဲ ငါတို့ နှစ်ယောက်ကို ခပ်သစ်သစ် ပေးဆပ်ပြန်တယ်။
အပြန်အလှန် နူးညံ့မှုများနဲ့ ရစ်ပတ်နှောင်ဖွဲ့လိုက်တဲ့အခါ ငါကောသူကော ရင်ခွင်အသစ်တစ်ခုအဖြစ် တိတ်တဆိတ် လတ်ဆတ်နေမိကြ
ပြန်တယ်။
ပြန်ပြောင်းအောက်မေ့ဖွယ်အတိနဲ့ ရှုမညီးတဲ့ အချစ်ကြီးအကြောင်း ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရတဲ့နေ့ကအဖြစ်ကတော့
အဟီး.........
ပြောပြမယ် ။
မျိုးကျော့မြိုင်သီချင်းလေးလို ကိုယ်ပြောမယ့်အကြောင်းရယ် နည်းနည်းလေးတော့ကြမ်းတယ် ပေါ့။

ငယ်ငယ်လေးကတည်းက စားမယ် သွားမယ် အိပ်မယ် လုပ်ချင်တာတွေလျှောက်လုပ်မယ် ဒါတွေနဲ့ပဲ
ကြီးပြင်းလာခဲ့တာလေ။

မျှော်လင့်ချက်အိပ်မက်တစ်ချို့တစ်ဝက်ကိုလည်း ဖန်တီးပိုင်ဆိုင်ခွင့်လည်း ရခဲ့တယ်။

အင်း .... အခုတော့ မမျှော်မှန်းထားတဲ့ လျှပ်တစ်ပြက် အတွေ့အကြုံလေးလို့ပြောယင်ရတယ်။

ကြေညာမောင်းခတ်တာတော့ မဟုတ်ဘူး။ ရင်ထဲသိမ်းမထားနိုင်လို့ ဝေမျှပေးတာဆို နည်းနည်း ကြောင်မလားပဲ။

ဘဝလေး တစ်ဆစ်ချိုးအပြောင်းအလဲလေးပေါ့လေ။ သိပ်မဆန်းပေမယ့် သမားရိုးကျနည်းလည်း မဟုတ်တဲ့အတွက်
ခံစားရချက်မသက်သာတာတော့အမှန်ပါပဲ။

ရှိစေတော့ရယ်လို့ပြောလိုက်ဖို့ကလည်း လေးနက်တဲ့သဘာဝကို မလွန်ဆန်နိုင်ခဲ့ဘူး။

...

မနက်အိပ်ရာကနိုးနိုးချင်း သတိထားလိုက်မိတာက ကိုယ့်အိမ်မဟုတ်ဘူးဆိုတာပဲ။

ဘယ်ဟုတ်ပါ့မလဲ။ သူ့အိမ်ကိုရောက်နေတာကိုး...။

အင်း လူးကာလွန့်ကာနဲ့ နည်းနည်းလှုပ်ရှားလိုက်ချိန် ကိုယ့်နံဘေးက သူက အားကောင်းမောင်သန်နဲ့ ကုပ်သဖွယ်သန်မာလှတဲ့
သူလက်တစ်ဖက်က ငါ့ကို အသစ်တစ်ခုနဲ့ ခပ်လန်းလန်း မိတ်ဆက်ပေးပြန်တယ်။
ပူလောင်ပြင်းပြတဲ့ အေးချမ်းသောငြိမ်သက်ခြင်းတစ်ခုကို ငါ့အဖြစ်နဲ့ မလိုက်ဖက်စွာ ကဗျာဆန်ဆန်ခံစားလိုက်ရတော့ ဘာမှန်းမသိလိုက်
ပြန်ဘူး။
ဟူးခနဲ သက်ပြင်းမောတွေ ရင်ထဲမှာ အသံတိတ်ခါခါချမိပြန်ပေမယ့် အပြင်ပန်းမှာတော့ အမည်မသိ လန်းလွန်းတဲ့ပန်းကလေးအလား
ဖူးသစ်စလေးပေါ့။

ပေးလိုက်တဲ့ ငါ့အတွက် နင့်လက်ဆောင်က အဆုံးထိရူးသွပ်စွာ အမှန်ကန်ဆုံးသစ္စာတရား နဲ့ ငြိမ်းအေးတဲ့ချစ်ခြင်းတရားတွေ......။
ဖြည့်ပေးလိုက်တဲ့ ငါ့ရဲ့ နင့်အတွက် အဆုံးစွန်ထိ စွဲလန်းတပ်မက်စွာ ခံစားနေမိမယ့် နင့်ရဲ့ လက်ဆောင်တွေကိုပေါ့..........။
အဆုံးမရှိဘူး ဆိုတာ ယုံကြည်နေမိသမျှ အဲဒီအချိန်တိုင်းမှာ ငါဟာ နင့်အတွက် အသစ် ငါ့အတွက် နင်ကလဲ အသစ် ပေါ့..............။






Saturday, November 15, 2008

တညတာ


ချမ်းတဲ့ည ခိုက်ခိုက်တုန်အောင်စိမ့်စိမ့်လေးအေးတယ်။
နာရီလေးကြည့်တော့ တော်တော်ညဉ့်နက်ပြီလို့ပြောဖို့တောင်မလိုတော့အောင် နေ့သစ်အရုဏ်တောင်တက်နေပြီ။
ခပ်ဝေးဝေးတစ်နေရာက ကြောင်သံလိုလိုတညောင်ညောင်နဲ့ အပြေးလေးဖြတ်သွားတဲ့ စီးတော်ယာဉ်တွေက ကြောင်တောင်တောင်အသံ
သေးသေးတွေ တချက်ချက်ဝေ့လာတယ်။
စောင်ပါးလေးနှစ်ထည်နဲ့ အချမ်းဒဏ်အံတုနေရတာမလွယ်ဘူး။
အပူချိန်ကတက်လာသေးတယ်။
အာခေါင်ခြောက်လာတာနဲ့ ဘေးပတ်ဝန်းကျင်က ရေခဲသေတ္တာမရှိတဲ့အခန်းကျဉ်းလေးထဲက ဖျော်ရည်ဘူးခွံအလွတ်ထဲတည့်ထားတဲ့
ရေအေးအေးကို တကျိုက်မော့သောက်လိုက်တယ်။
အပြင်နဲ့အတွင်း အအေးချိန်မျှသွားတယ် ခပ်စိမ့်စိမ့်လေးပေါ့။
ဟူးခနဲ သက်ပြင်းချပြီး ဟာတာတာဗိုက်ကို ဖြည့်ဖို့စိုင်းပြင်းမိပြန်တော့ စားလက်စ ပေါင်မုန့်အထုပ်နဲ့ နို့ဆီဗူး ကို တွေ့တယ်။
မစားချင်တော့ဘူး။ဒါပေမယ့်စားစရာက ဒါပဲရှိတယ်။
အပြင်မှာ အိုးတစ်လုံးထဲ သောက်စရာ ဟင်းချိုတဲ့။
ကြည့်လိုက်တော့ မယ်ဇလီဖူးနဲ့အရွက်ကို ဆန်ကွဲ တွေ ငါးဖတ်လေးတွေနဲ့ ဟင်းဝါချက်ထားတာတွေ့တာနဲ့ တစ်ခွက်သောက်လိုက်တယ်။
ဟာနေတာ ပိုပြီးဆာလာတယ်။
စောနကတွေ့တဲ့ပေါင်မုန့်ကိုသွားကြည့်လိုက်တော့ မှိုစွဲခါစ ဖြစ်နေပြီ။
နို့ဆီကလဲနည်းနည်းဟောင်းနေပြီ။
မဖြစ်ချေတော့ဘူးဆိုပြီး စားမယ့်အစီစဉ်ကိုနားလိုက်ရတယ်။
ပြန်အိပ်ဖို့လုပ်တော့ နားထဲမှာ တဝီဝီနဲ့ ခြင်ကောင်တွေက ဝဲနေပြန်တယ်လေ။



Thursday, November 13, 2008

တန်ဆောင်တိုင်ည


မြူခိုးဝေတဲ့ဆောင်းတစ်ည
လပြည့်အလှနဲ့အတူ
မီးရောင်စုံတွေကခုန်နေတဲ့
အဝေးပြေးလမ်းမကြီးရဲ့အဆုံး
မမုန်းနိုင်အောင်စီးဆင်းသန်မာဆဲ
မြစ်ငယ်လေးတစ်ခုရဲ့ရေအလျင်နဲ့အတူ
တလှုပ်လှုပ်ပြေးလွှား မီးခွက်လှလှလေးတွေ
ဟိုဟိုဒီဒီငေးကြည့် မြင်သာမြင်ကြင်ခွင့်မရတဲ့
အမိနို့ချိုရည်ကိုတောင့်တ လွမ်းဆွတ်သံတွေအားလုံး
မီးပန်းအလှအောက် ကျပျောက်သွား..............။
အလှပေါ်အယဉ်ဆင့်
သူသူငါအပြိုင်ကျဲ အလှဖွဲ့တွေနဲ့အပြုံးတစ်ဆုပ်က
ရင်ထဲမှာလှိုင်းထန်စေတဲ့အခါ
လက်ထဲမှာနွေးထွေးမှုတစ်ခုဖမ်းဆုပ်ထားတာ
ခံစားမှုထပ်တူကျ ပြိုင်တူအခါခါပြုံးမိကြရဲ့.....။
ကျောထဲစိမ့်တဲ့ ဒီဥတုအအေး
ခပ်အေးအေးလေးရင်ဆိုင်ရင်းပေါ့
အပြေးကလေးခွာလှမ်း
အပြန်လမ်းလည်းမဝေးခဲ့ဘူးကွယ်....။
တစုံတရာကျပျောက်သွားလား
ဘာကိုမှအလေးနက်မထား
အငိုဆိုတဲ့အက်ရှင်အတွက်
ထားခဲ့တဲ့ဒီမျက်ရည်
မြစ်ငယ်လေးရဲ့သောင်ပြင်မှာချန်ရစ်ခဲ့တဲ့ ငါ့ရင်ထဲကတန်ဆောင်တိုင်ည.........။




Wednesday, November 05, 2008

တိတ်တခိုး


ခြေဖျားထောက်ကာမော့်ကြည့်တော့
တိမ်ဖျားမှာခိုနေတဲ့ ဒီအပြုံး
အားရအောင်နမ်းရှိုက်ချင်ရဲ့...........။
လက်လှမ်းကာ ဖမ်းဆုပ်လိုက်တော့
ဝေးကွာတဲ့ဟိုးတစ်နေရာမှာ တည်နေတဲ့ ဒီအရိပ်
အားသွန်ကာပြေး အေးအေးလေးပွေ့လိုက်ချင်ရဲ့..............။
မသိတဲ့အသည်းပန်း မလန်းအောင်လဲ
မတိုက်တွန်းချင်ဘူး
ပြည့်စုံတဲ့ရင်ထဲကအရာကို
မတိမ်းညွတ် ယိမ်းယိုင်ချင်လာအောင်
ဆွဲဆောင်မယ့် မျက်ဝန်းစကားလှစေမယ့်အချိန်ခဏလေး
ပေးမလားဆောင်ယူဖို့
ငံ့လင့်နေပေါ့
တိတ်တခိုး..............။




Monday, November 03, 2008

စင်္ကာပူရောက် မွန် GTC ကျောင်းသားဟောင်းများရဲ့ ဘုံကထိန်









ကျွန်မတို့ တက်ရောက်ခဲ့တဲ့ မော်လမြိုင် GTI/ GTC ကျောင်းသားဟောင်း များဟာ ကျရာနေရာ ရောက်ရာအရပ်မှာ တာဝန်တွေကိုယ်စီ
ထမ်းဆောင်နေယင်း မိရိုးဖလာ ကိုးကွယ်သက်ဝင်ရာ မြတ်စွာဘုရားနှင့်သံဃာတော်များကို ရည်စူးကာ မဟာဘုံကထိန်ပွဲကြီးကို နှစ်စဉ်ဆင်နွှဲကြပါတယ်။
ဒီနှစ်မှာတော့ စင်္ကာပူရောက် မွန်GTI/ GTC ကျောင်းသားဟောင်းတစ်စုက မဟာဘုံကထိန်အခမ်းအနားကို ပြီးခဲ့တဲ့ အပတ်မှာ ကျင်းပခဲ့ပါ
တယ်။
တူညီတဲ့ ရင်တွင်း ဒါနတရားများကို မျှဝေခံစား သာဓုခေါ်နိုင်ကြစေဖို့ ကျွန်မက မုဒိတာပွား တင်ဆက်လိုက်ပါတယ်။
ဒီပို့စ်အတွက် ပေးပို့ခဲ့တဲ့ ဖြူနှင်းမောင်မောင်ကို ကျေးဇူးတင်ကြောင်း.....................။