Tuesday, November 29, 2011

ကျောက်ထက်အက္ခရာ


စကားလုံးတွေ

မိုးတိမ်အဖြစ်နဲ့

ငါ့ကောင်းကင်ယံမှာ နေရာယူထားတော့...

အချစ်ဆုံး သူ့ရဲ့ မျက်လုံးအစုံက

သူရိန်နေမင်းအဖြစ်နဲ့ပေါ့...

ဒါတွေထားလိုက်ပါလို့

မင်းပြောမလား ချစ်သူ...

ဘ၀မှာ

အချစ်ထက်အရေးပါတဲ့ စကားလုံးမဲ့ကောင်းကင်တစ်ခုများ

မင်းဖန်ဆင်းချင်သေးလို့လား....

အပြောထက်အလုပ်က အရေးကြီးတာကိုတော့

အလုပ်လုပ်တဲ့သူတိုင်း

သိတာနားလည်တာပေါ့...

ဒါပေမယ့်လေ

စကားလုံးတွေသာ မရှိရင်...

ကမ္ဘာပေါ်မှာ ဒို့ရှင်တော်မြတ်ဘုရားကလည်း

စကားကြီးဆယ်ခွန်းတို့

သုဘာသိတာ တို့လို

စကားအရာမှာ လိမ္မာပါးနပ်ဖွယ်အကြောင်းတရား ညွှန်ကြားထားပါ့မလား ချစ်သူရယ်...

ငါ့အတွက်တော့....

စကားလုံးမိုးတိမ်တွေနဲ့ အေးမြလတ်ဆတ်နေတဲ့

ခပ်ပြာပြာကောင်းကင်ကြီးထဲက

မြတ်နိုးမှုလေညှင်းတွေသာ

ငါခံစားချင်နေတာ...

အဲဒီစကားလုံးတွေဟာ

ကမ္ဘာမဆုံးသေးသရွေ့တော့

ကျောက်ထက်အက္ခရာတင်ဖြစ်သွားတဲ့

ကျောက်ဖြစ်အက္ခရာတွေအဖြစ်

ငါ့ရဲ့နှလုံးသားကျောက်ဆောင်မှာ

မှတ်ကျောက်ထင်ထားချင်ရဲ့....

အဲဒီအတွက်တော့

ချစ်သူရေ....

မင်းနှုတ်ဖျားက

ငါ့အတွက်

စကားလုံးလေးတွေ

တစ်နေ့တစ်ခွန်းကျတော့

ဖွင့်ဟပေးပါလား....

တောင်းဆိုပါရစေ ချစ်သူ....

ကိုယ့်အတွက်

ကျောက်ထက်အက္ခရာအဖြစ်နဲ့ပေါ့....

ချစ်သောဒီဇင်ဘာအတွက်

နီနီ (နိုဝင်ဘာ ၂၉ ၂၀၁၁ ၁း၂၀နာရီ)






Saturday, November 12, 2011

၁၁-၁၁-၁၁

မနေ့ညက ရုတ်တရက်နာရီကို ငုံ့အကြည့်

၁၁နာရီ ၁၁မိနစ် တဲ့....

အဲဒီညက အိပ်ရာဝင်တော့ အမှတ်မထင်နာရီကိုပြန်အကြည့်

၁နာရီ ၁၁မိနစ် တဲ့....

ဒီနေ့မနက် အိပ်ရာက ထတော့ နာရီတစ်ခါပြန်ကြည့်

၁၁နာရီ ၁၁မိနစ် တဲ့...

အခုတစ်ခါ ကဗျာစပ်မိပြန်တော့ နာရီကိုတစ်ခါပြန်အကြည့်

၁နာရီ ၁၁မိနစ်တဲ့....

လည်နေတဲ့ ဒီ ၁ ဘယ်တော့ပြန်ရပ်မလဲ...

မစဉ်းစားချင်တော့ပေမယ့်

ဒီ ၁တွေ ဆုံတဲ့နေ့မှာ

ငါ့နှလုံးသားရဲ့နယ်ပယ်ထဲမှာ

၁ဂဏန်းစိုးမိုးနေတဲ့သူတစ်ယောက် အပြုံးမြမြနဲ့ ငါ့ကိုငုံ့ကြည့်နေပြန်တယ်။

၁ဂဏန်းဆုံတဲ့ ဒီနေ့ ဆေးပေါင်းခမလား

မပြောတတ်ပေမယ့်....

အိမ်ရှေ့မှာတော့ မီးပုံးတွေ ၁၀လုံးကို

ငါ့ထက် ၁၀နှစ်ကြီးတဲ့ ၁ဂဏန်းသမားတစ်ယောက်က

ငါ့အတွက် ဖန်တီးပေးထားပြန်ရဲ့....

အခုတော့ငါဟာ ၁နာရီ ၁၁မိနစ်အချိန်မှာ

လပြည့်ညရဲ့ လသာသာထဲ မီးပုံး၁၀လုံးကို မော်ကြည့်ရင်း

ဆုတောင်းမိတာက....

၁၁မီးငြိမ်းပါစေသား လို့....

သတ္တ၀ါခပ်သိမ်းအတွက်လေ.....


(၁၁-၁၁-၁၁ အမှတ်တရ)





Wednesday, October 26, 2011

နိုဝင်ဘာမိုး

ထီးကလေးတစ်ချောင်းတည်းပါ.... ဒါပေမယ့် မပူဘူး မအေးဘူး.... သူကော ကိုယ်ကော မျှတတဲ့ သဘာဝတစ်ခုကို ထပ်တူညီမျှပိုင်ဆိုင်နေကြရတဲ့အခါ.... ရာသီဥတုဟာ သမမျှတသွား... ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်က နိုဝင်ဘာပေါ့...
အဲဒီနိုဝင်ဘာမှာ သူနဲ့ကိုယ် ဆုံမှတ်တစ်ခုရဲ့ အမှတ်တရလမ်းကလေးမှာ လက်တစ်ဖက်စီဆုပ်ကိုင်ရင်း အပြုံးကိုယ်စီနဲ့ ဘဝတွေကို ဖလှယ်ဖို့ ဒူးတိုက်ဆွေးနွေးခဲ့ကြတယ်.... နိုဝင်ဘာမှာပေါ့... အဲဒီနိုဝင်ဘာ... အခုလည်း နိုဝင်ဘာပါပဲ... နိုဝင်ဘာဟာ အပြောင်းအလဲမရှိ ရောက်ရှိလာတော့မယ်.... တခုပဲ.... သဘာဝတရားက အခု နိုဝင်ဘာကို ဗွက်တွေနွံတွေ ထူထဲသိပ်သည်းစွာ လက်ဆောင်အဖြစ်ပေးထားတယ်... ဒါပေမယ့် သူနဲ့ကိုယ် သစ္စာထူတဲ့ မေတ္တာနွံထဲမှာ အချစ်သန့်သန့် ၁၅၀၀က သိပ်သည်းဆအများဆုံးနဲ့ ထပ်တူညီနေဆဲ... ဒါကြောင့် နိုဝင်ဘာဟာ ကိုယ်နဲ့သူ့အတွက် အပြောင်းအလဲမရှိသလို.... အရာအားလုံးအတွက်လည်း ထပ်တူညီတြိဂံတစ်ခုအဖြစ် ဆက်တည်ဆောက်ကြမယ်လို့... သန္နိဌာန်ပြုထားမယ်ဆို.... အားလုံးရဲ့နိုဝင်ဘာဟာ သစ္စာတရားတွေကြောင့် လှပသာယာလာလိမ့်မယ်လို့ စိတ်ကူးတွေလတ်ဆတ်နေဆဲ.... ဟုတ်တယ်.... အရာအားလုံးဟာ မျှော်လင့်နေစရာ ဆုတောင်းနေစရာမလိုလောက်အောင် တူညီတဲ့ ဟန်ချက်ညီမှုတွေ ဟာမိုနီဖြစ်နေမယ်ဆိုရင် အားလုံးဟာ ကမ္ဘာပေါ်မှာ တသွေးတည်းတသားတည်း လှပလတ်ဆတ်နေမှာ အသေအချာ....
သူ..... ကိုယ့်အတွက် နိုဝင်ဘာမှာရွာမယ့်မိုးစိုစိုလို မေတ္တာအပြည့်ခင်းထားတဲ့ တစ်ဖက်ပိတ်လမ်းကလေးထဲမှာ သစ္စာတရားကို ရင်မှာတပ်ရင်းနဲ့ အမှန်တရားကို ဖက်တွယ်ရင်း အမုန်းကို ဟိုးဝေးဝေးမှာ ပိတ်ထားလိုက်တယ်... အမုန်းမရှိတာမဟုတ်ဘူး.... သူနဲ့ကိုယ့်အတွက် အမုန်းမဲ့ဇုန်ထဲမှာ တွေ့ကြရတဲ့ ဟောဒီနိုဝင်ဘာ....

“ချစ်သူသက်တမ်း လေးနှစ်ပြည့် အမှတ်တရ”

Tuesday, October 11, 2011

သူပေးခဲ့တဲ့ ပန်းသီး


ပန်းသီး 
`အာဒံနဲ့ဧ၀ အပြန်အလှန်စားခဲ့တဲ့ ပန်းသီး...
နယူတန်ကို ပစ်ပေါက်ခဲ့တဲ့ ပန်းသီး....
ခေတ်သစ်ကမ္ဘာမှာ မှော်ဝင်စေခဲ့တဲ့ ပန်းသီး...´
တဲ့။
မနေ့တစ်နေ့က ဖေ့စ်ဘွတ်စာမျက်နှာမှာ
ရုတ်တရက်ဖတ်လိုက်ရတဲ့ ကဗျာ...
အမှန်တော့ အလွမ်းစာပေါ့။

အဲဒီသုံးလုံးစလုံး
ဒီ ၁၀ရက် ၁၀လ ၂၀၁၁ မှာ သက်ရှိထင်ရှားမရှိတော့ဘူး...
ဒါပေမယ့်
ကိုယ့်ဘေးနား ကိုယ့်အနားမှာ
ထာဝရဆုပ်ကိုင်ထားခဲ့တဲ့
သူ့ရဲ့
အချစ်တွေဟာ
ပန်းသီးတစ်လုံးလို လှပ ချိုမြိန်နေတာ
ထာဝရအတွက်ဆိုတာ
ကာလကြာလာလေလေ
ပိုသေချာလာလေလေပေါ့။

ကဲ...
ဒါဆို လူတိုင်းလူတိုင်း
ဘ၀တိုင်း ဘ၀တိုင်းမှာလည်း
ခံစားချက်တွေအောက်က 
ချိုမြိန်လှပတဲ့ ပန်းသီးတစ်လုံးစီတော့
ထာဝရပိုင်ဆိုင်နေကြမှာလည်း
အသေအချာပေါ့...။

ဘာပဲဖြစ်ဖြစ်
ပန်းသီးလေးလို အလှတရားနဲ့
ချိုမြိန်လှပတဲ့ သစ္စာတွေ
အားလုံး အားလုံး
ငြိမ်းချမ်းစွာ ပိုင်ဆိုင်ခွင့်ရပါစေလို့
ကိုယ့်ရက်လေးမှာ ကိုယ်ဆုတောင်းမိလိုက်တော့
သူရော ကိုယ်ပါ ကြည်နူးနေမိတာ
အသေအချာပေါ့...။


ချစ်ခင်စွာဖြင့်
ကိုယ့်မွေးနေ့ ၁၀-၁၀-၁၁ အမှတ်တရ






Saturday, August 27, 2011

အွန်လိုင်း ချစ်သူ ခင်သူ မြတ်နိုးသူ



ချစ်သူ
ကျွန်မဘ၀မှာ သူငယ်ချင်းဆိုတာ အလွန်မှ အရေးပါသလို အခုချိန်ထိလည်း ကျွန်မ ဆုံစည်းခင်မင်ရသူတွေ အားလုံးဟာ ကျွန်မအပေါ် ဖြူစင်ရိုးသားပြီး ခင်မင်ဖွယ်ကောင်းသူတွေချည်းဖြစ်နေတာကတော့ ကျွန်မရဲ့ ကံကောင်းခြင်း လက်ဆောင်လို့ ပြောရင်မှားမယ်မထင်ပါဘူး။

နိုင်ငံရပ်ခြားမှာ နေထိုင်နေရတဲ့ ကျွန်မအနေနဲ့ အလုပ်ချိန်ပြီးလို့ အိမ်ကိုတမ်းတရင် အင်တာနက်သုံးရတာဟာ ဘ၀ရဲ့အစိတ်အပိုင်းတခုဖြစ်လို့နေပါတယ်။ ဒီလိုအနေအထားမှာ အွန်လိုင်းမိတ်ဆွေတွေဟာ ငယ်ပေါင်းကြီးဖော်တွေလို အချိန်တိုတိုအတွင်း ရင်းနှီးနွေးထွေးမှုရစေတာ အံ့သြစရာတော့မဟုတ်ပါဘူး။
ကျွန်မမှာလည်း အွန်လိုင်းကနေ ခင်မင်သိကျွမ်းခွင့်ရသူတွေ အနည်းအကျဉ်းရှိပါတယ်။ အနည်းအကျဉ်းဆိုတာမှ တစ်ယောက် နှစ်ယောက် သုံးယောက်လို့ လက်ချိုးရေလို့ရပါတယ်။

အွန်လိုင်းဆိုတဲ့အတိုင်း တံခါးမရှိ ဓားမရှိ ကိုယ့်သတင်း အချက်အလက်ပေါင်းများစွာကို တိတ်တဆိတ်ခိုးယူသုံးစွဲပြီး အကျိုးယုတ်စေမယ့် နည်းလမ်းများစွာနဲ့ ဒုက္ခလှလှပေးနိုင်တဲ့သူလား တကယ့်တကယ်ခင်မင်သင့်တဲ့ မိတ်ဆွေလားဆိုတာ ခွဲခြားနိုင်စွမ်းရှိဖို့ ခဲယဉ်းလှပါတယ်။ ဒီလိုအနေအထားမှာ ကိုယ်နဲ့တကြိမ်တခါမှ မမြင်မဆုံဖူးဘဲ လိုင်းပေါ်သိ လိုင်းပေါ်ပြော လိုင်းပေါ်ခင်ဖို့ဆိုတာ အလွန်မှ ခက်ခဲလှပါတယ်။ ဒါပေမယ့် ခေတ်အလိုအရကော ကိုယ့်အနေအထားအရပါ ဝေးမြေမှာ ဗမာစာ ဗမာစကားနဲ့ ခင်မင်ခွင့်ရသူတွေကိုတော့ ငံ့လင့်မိတာအမှန်ပါပဲ။ ခေတ်လူငယ်ပီပီ အွန်လိုင်းမှာတွေ့သမျှ မိတ်ဆက်သမျှ သူတိုင်းကိုတော့ ပေါက်ကရလေးဆယ် ပျော်ရွှင်ဖွယ်ရယ်ပွဲဖွဲ့ရင်း မိတ်ဆက်တတ်ကြတဲ့ ခေတ်အကြောင်း သိထားလို့ပါပဲ။

နောက်ပြီး အွန်လိုင်းပေါ်မှာက အစစ်အမှန်ဆိုတာ အရှားသားလေ။ ယောက်ျားရှိလျက်နဲ့ အပျိုလို့ပြောလိုပြော၊ အသက်လေးငါးခြောက်ဆယ်အရွယ်က တက္ကသိုလ်တက်ဖို့စောင့်နေတာပါလို့ မိတ်ဆက်လိုမိတ်ဆက်တဲ့ အနေအထားမှာ အွန်လိုင်းက ဘယ်သူ့ကိုမဆို ယဉ်ကျေးပျူငှာနေဖို့ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မမှာ အွန်လိုင်းပေါ်က ခင်မင်ရတဲ့ မိတ်ဆွေတွေ အလွန်မှနည်းပါးပါတယ်။

ကျွန်မ အွန်လိုင်းပေါ်ကနေ ပထမဆုံး ခင်မင်ရင်းနှီးခဲ့သူက ကျွန်မရဲ့ခင်ပွန်းဖြစ်လာမယ့် ချစ်သူကိုပါ။ ကျွန်မဟာ သူနဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျကို ကျွန်မလက်လှမ်းမီရာ မိတ်ဆွေအပေါင်းအသင်းတွေကနေ တဆင့် စုံစမ်းရယူခဲ့ပြီး သေချာစိစစ်ပြီးမှ သူ့ကို ယုံကြည်စိတ်ချရတဲ့မိတ်ဆွေအဖြစ် လက်ခံခင်မင်ခဲ့တာပါ။ ဒီလိုလုပ်ရတာလည်း ကျွန်မအနေနဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် သိက္ခာတရားကို တန်ဖိုးထားသူမို့ပါ။ နောက်ပြီး သူနဲ့ကျွန်မဆုံတွေ့ချိန်မှာ ကျွန်မရော သူပါ မြန်မာပြည်ရဲ့တနေရာစီမှာမို့ တယောက်အကြောင်းတယောက် စုံစမ်းရတာ ပိုပြီးမြန်ဆန်လွယ်ကူခဲ့တယ်လေ။ သူနဲ့ကျွန်မဟာ အွန်လိုင်းမိတ်ဆွေအဖြစ်ကနေ တယောက်နဲ့တယောက်ခင်မင်ရင်း ဖုန်းနံပါတ်တောင်း ဖုန်းနဲ့ သူ့အကြောင်းကိုယ့်ပြော ကိုယ့်အကြောင်းသူ့ပြောနဲ့ ရင်းနှီးလာရာကနေ နောက်တော့ သူကိုယ်တိုင် အပြင်မှာ ကျွန်မကို လာရောက်တွေ့ဆုံစကားပြောကြရင်းနဲ့မှ ရည်ငံသွားပြီး လက်တွဲမိတဲ့အထိ ဖြစ်သွားတာမို့ အွန်လိုင်းနဖူးစာဆိုရင်ပိုမှန်ပါမယ်။


ခင်သူ
ဒီလိုနဲ့ တစုံတရာသောအကြောင်းကြောင့် ကျွန်မနဲ့ဝေးရာကို တိတ်တဆိတ်ထွက်သွားတဲ့ ကျွန်မချစ်သူရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ်နဲ့ သီချင်းလေးတစ်ပုဒ်ကို အွန်လိုင်းကတဆင့် သတင်းဌာန တစ်ခုရဲ့ ဝေဟင်ယံက သီချင်းသံ ဆိုတဲ့ ရေဒီယိုအစီအစဉ်လေးကနေ ဆက်သွယ်တောင်း ဆိုပေးဖို့ရာ စိတ်ကူးလေးရမိတဲ့အခါ အဲဒီသီချင်းတောင်းကဏ္ဍကို အီးမေးလ်နဲ့ဆက်သွယ်ပြီး သီချင်းတောင်းခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မဟာ မြန်မာပြည်ထဲက ကျွန်မတာဝန်ထမ်းဆောင်နေတဲ့ အလုပ်ဌာနတခုမှာပါ။ သိပ်မကြာ ခင်မှာ အဲဒီအစီစဉ်ကိုတာဝန်ယူထားသူက ကျွန်မဆီ ဖုန်းဆက်သွယ်လာပါတယ်။ အလုပ်ချိန်တွင်းဖုန်းလာတော့ ဖုန်းကိုထူးလိုက်မိတဲ့အချိန်မှာ သာယာချိုလွင်တဲ့ အသံကြည်ကြည်ချိုချိုလေးကို အမှတ်မထင်ကြားလိုက် ရပါတယ်။ သူမပြောသံတွေက တည်ငြိမ်ရင့်ကျက်တဲ့အသွင်ဆောင် နေပေမယ့် ခင်မင်နှစ်လိုမှု အပြည့်ပါဝင်နေတာကို သတိထားလိုက်မိပါတယ်။ သူမက ကျွန်မသီချင်းတောင်းတဲ့အပေါ် ဘာကြောင့်တောင်းဆိုတာပါဆိုတာလေးကို အသံသွင်းရယူပြီး ထုတ်လွှင့်ပေးချင်လို့ပါဆိုတဲ့ အကြောင်း ပြောကြားလာတော့ ကျွန်မတို့အဆင်ပြေမယ့် အချိန်လေးကို ညှိပြီး ဖုန်းချသွားပါတယ်။ အဲဒီတခဏ အတွင်းမှာ သူမကို ကျွန်မ ခင်မင်မိသွားပါပြီ။ သူမရဲ့ အသံချိုချိုလေးဟာ တဖက်သားကို ရင်းနှီးစဖွယ် ဖမ်းစားနိုင်ပါတယ်။
ကျွန်မတို့ သီချင်းတောင်းအစီအစဉ်အတွက် ဆက်သွယ်မိကြရင်း သူမနဲ့ကျွန်မ တယောက်အကြောင်း တယောက်အပြန်အလှန်မိတ်ဆက်ရင်း ခင်မင်သွားကြပါတယ်။ သူမဟာ ကျွန်မကို ညီမသဖွယ်ခင်မင်ကြောင်း ကျွန်မရင်ထဲက သိနေနှင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ချစ်သူကို လွမ်းစိတ်နဲ့ ခံစားနေရတာကတကြောင်း သူမဟာ ကျွန်မချစ်သူနဲ့ လက်လှမ်းမီရာ ဒေသကို ရောက်နေတယ်ဆိုတာကို သိရတာကတကြောင်း ချစ်သူနဲ့ကျွန်မ အွန်လိုင်းကနေ အဆက်သွယ်ပြတ်နေတာ တစ်ပတ်ကျော်ပြီမို့ ဆောက်တည်ရာ မရဖြစ်နေတာ တကြောင်းတို့နဲ့ ကျွန်မဟာ အရဲစွန့်ပြီး သူမကို အကူအညီတောင်းမိခဲ့ပါတယ်။ ဒါကတော့ ကျွန်မချစ်သူဆီ ဖုန်းဆက်ပြီး စကားတစ်ခွန်းလောက်ပြောပေးဖို့ အကူအညီတောင်းမိတာပါ။ စကားလေးကတော့ ကျွန်မဆီ အီးမေးလ်ဆက်သွယ်ဖို့ပါပဲ။ သူမဟာ တခဏလေးအတွင်းမှာပဲ ကျွန်မချစ်သူဆီကို ဖုန်းဆက်ပေးခဲ့ပါတယ်။ ကျွန်မလိုချင်တဲ့ ချစ်သူနဲ့ပတ်သက်တဲ့ သတင်းစကားလည်း သူမဆီကတဆင့် သိရှိခွင့်ရခဲ့ပါ တယ်။ ကျေးဇူးတင်မိတာတော့ အတိုင်းမသိပါပဲ။ သူမက ကျွန်မကို နားလည်ပေးသလို ကျွန်မကိုလည်း အ ချိန်ပေးကူညီခဲ့တာမို့ သူမကို တနေ့တချိန်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကျွန်မလက်ရာ ထမင်းဝိုင်းလေးနဲ့ တည်ခင်းဖို့ ကိုလည်း အဲဒီအချိန်ကတည်းက ကျွန်မစိတ်ကူးထားခဲ့တာပါ။
အချိန်တွေတဖြည်းဖြည်းကုန်လွန်ခဲ့တဲ့နောက် ကျွန်မကိုယ်တိုင်လည်း ချစ်သူနဲ့လက်တွဲဖြစ် သွားပြီး နှစ်နှစ်ကျော် အကြာမှာ သူမနဲ့ကျွန်မတို့ ဆုံစည်းဖြစ်ခဲ့ပါတယ်။ သူမရောက်လာတော့ သင်္ကြန်ကာလနဲ့ ကြုံကြိုက်ပါတယ်။ သူမကလည်း အလုပ်တဖက်နဲ့မို့ ကျွန်မတို့ သူမ မပြန်ခင်တရက် ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူမဟာ ကျွန်မကို တရင်းတနှီးဖက်လှဲတကင်း နှုတ်ဆက်တဲ့အပြင် ကျွန်မတည်ခင်းတဲ့ ညနေစာကိုလည်း အားရပါးရသုံးဆောင် သွားခဲ့သလို ကျွန်မကိုလည်း ညီမလေးသဖွယ် ဆက်ဆံခဲ့ပါတယ်။ သူမနဲ့ကျွန်မ အပြန်အလှန် လက်ဆောင် ဖလှယ်ရင်း ကျွန်မတို့ရဲ့ တခဏတာ ဆုံစည်းမှုလေးဟာ ပျော်ရွှင်ကြည်နူးဖွယ် ကုန်ဆုံးခဲ့ရပါတယ်။ ကျွန်မလက်ရာ မရမ်းပြားထောင်းလေးကိုလည်း သူမအပြန်မှာ လက်ဆောင်အဖြစ်ထည့်ပေးနိုင်ခဲ့တာကို ကျွန်မ၀မ်းသာနေခဲ့ရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို ခံစားနားလည်ပေးခဲ့တဲ့အပြင် အဝေးရောက်ချစ်သူဆီက သတင်းစကားကို ကူညီရယူပေးခဲ့တဲ့ သူမရဲ့ စိတ်ထားလေးဟာ ကျွန်မအတွက် တန်ဖိုးထိုက်တဲ့ ချိုမြိန်မှုတခုပါပဲ။ ဒါဟာ အွန်လိုင်းပေါ်ကနေ ကျွန်မရရှိပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မြတ်နိုးဖွယ်ရာ အသံချိုချိုလေးပါ။ ဒီလို မြတ်နိုးဖွယ်ကောင်းတဲ့ သူမအတွက် ကျွန်မကိုယ်တိုင်စီမံချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းခွင့်ရတာကို ကြည်နူးမိပါတယ်။

အခုချိန်ထိ သူမဟာ ကျွန်မနဲ့ ခင်မင်ဆဲ ချစ်ခင်ရသော အစ်မအရင်းသဖွယ်ပါပဲ။ အခုဆိုရင် သူမနဲ့ သိကျွမ်းခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနေ့အထိ သူမရဲ့ ချိုကြည်တဲ့အသံ နှစ်လိုဖွယ်အပြုံးတွေနဲ့ သွက်လက်တဲ့ဟန်ကတော့ ချစ်ဖွယ်ကောင်းစွာ တီဗွီဖန်သားပြင်ပေါ်ကတဆင့် လေလှိုင်းကတဆင့် ပရိသတ်တွေဆီ ၀ဲပျံနေတုန်းပါပဲ။ ချစ်သူတွေအတွက်လည်း သူမရဲ့ ဝေဟင်ယံက သီချင်းသံအစီစဉ်လေးကလည်း လေလှိုင်းတွေကြားမှာ ခံစားခွင့်ပေးနေဆဲပါ။




မြတ်နိုးသူ
အွန်လိုင်းမိတ်ဆွေတွေထဲက ကျွန်မအပေါ် ရင်းနှီးခင်မင်ပြီး ရင်ဖွင့်တိုင်ပင်ဖော် စကားပြောဖော် နောက်တယောက်ကတော့ ဘလော့ဂါမမတစ်ယောက်ပါ။ သူမနဲ့ကျွန်မ စတင်ခင်မင်ခွင့်ရ တာက သူမရဲ့ ဘလော့ကြောင့်ပါ။ စာအရေးအသားကောင်းတဲ့ တင်ဆက်ပုံထူးခြားပြီး ပရိသတ် အပေါ်စေတနာပါတဲ့ သူမရဲ့ဘလော့ကို ကျွန်မ အစဉ်လည်ပတ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မကိုယ်တိုင် က သူမကို ခင်မင်ချင်တာနဲ့ စတင်မိတ်ဆက်ပြီး ခင်မင်ခွင့်တောင်းခဲ့တာပါ။ သူမကိုယ်တိုင်လည်း ကျွန်မကို လိုလိုလားလားခင်မင်ခဲ့တာမို့ ကျွန်မတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ ခင်မင်သွားကြပါတယ်။
ဝေးမြေမှာ အသိအကျွမ်းနည်းပါးတဲ့ ကျွန်မအတွက် သူမဟာ တိုးတိုးဖော်အဖြစ် သူငယ်ချင်းမိတ်ဆွေအဖြစ် ချစ်ခင်ရသူတယောက်ပါ။ ကျွန်မစိတ်ကျဉ်းကြပ်နေတဲ့ အချိန်တွေမှာ သူမက ကျွန်မ အတွက် နှစ်သိမ့်အားပေးနိုင်တဲ့သူ တယောက်အဖြစ် ရပ်တည်နေတာပါ။ သူမ နဲ့ ကျွန်မ ခင်မင်ချိန်ဟာ အခုဆိုရင် တစ်နှစ်ကျော် နှစ်နှစ်နီးပါးကို ရောက်လာပါပြီ။ အခုချိန်ထိ သူမဟာ ကျွန်မကို ခင်မင်စွာ နဲ့ နွေးထွေးနေတုန်းပါပဲ။ သူမရဲ့ အားပေးစကားတွေ နှစ်သိမ့်ပေးမှုတွေနဲ့ ကျွန်မဟာ အင်အားတစုံတရာ ရခဲ့သလို သူမအတွက်လည်း ခင်မင်ဖွယ်မိတ်ဆွေတယောက်အဖြစ် ကျွန်မရပ်တည်နိုင်အောင် ကြိုးစားနေတာ ပါပဲ။

တခါတလေ သူမနဲ့ အဆက်သွယ်ပြတ်သွားတဲ့အခါတိုင်းမှာ သူမကို သတိတရရှိနေတတ်သလို ကျွန်မတစုံတရာ ခံစားနေရတဲ့အခါမှာလည်း သူမကို သတိတရနဲ့ ရင်ဖွင့်ချင်စိတ်တွေ ဖြစ်လာတတ်တာပါ။ ဒါကြောင့် ကျွန်မဟာ အွန်လိုင်းပေါ်တက်မိတဲ့အခါတိုင်းမှာ အဦးဆုံးနှုတ်ဆက်ဖို့ ရှာမိတာကတော့ သူမကိုပါပဲ။ သူမရဲ့ ဘလော့လေးဟာ ပရိသတ်ခိုင်မာစွာရှိနေသလို ပရိသတ်တွေအတွက် အသိခွန်အားတွေ ရသမျိုးစုံ နဲ့ ဝေငှပေးနေသူမို့ သူမကို ကျွန်မ လေးစားမိပါတယ်။ ကိုယ့်ဘ၀အတွက် ရုန်းကန်နေရင်း အားလပ်တဲ့အချိန် ဒါမှမဟုတ် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ထဲက တချို့ကို အများအတွက် တစုံတရာပေးစွမ်းနိုင်ဖို့ အားထုတ်နေတဲ့သူအဖြစ် သူမကိုမြင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်နှလုံးကောင်းရှိတဲ့ အများကို ကူညီစာနာနားလည်ပေးတဲ့ ကောင်းသောအမြင် ကောင်းသောအကြံတွေနဲ့ အများအကျိုးကို ကူညီစောင်မ သူတွေကိုသာ ကျွန်မက မိတ်ဆွေအဖြစ် ပိုင်ဆိုင်ခွင့်ရထားတာကတော့ ကျွန်မကံကောင်းခြင်းတွေထဲက တစ်ခုပါပဲ။
အခြားအခြားသော ကျွန်မနဲ့ အပြင်မှာဆုံစည်းခြင်းမရှိသေးဘဲ အွန်လိုင်းကသာ ခင်မင်ရင်းနှီးကာ အပြန်အလှန် ကူညီနားလည်ရင်း ခင်မင်နေကြတဲ့ ချစ်သော ခင်သော ချစ်မမထားနဲ့ ချစ်ညီမလေး တို့ကိုလည်း ထာဝရ ခင်မင်ရင်းနှီးလိုပါသေးတယ်။ ကျွန်မကိုချစ်သော ကျွန်မက ချစ်သော ခင်မင်ရသူအားလုံး အောင်မြင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းရင်း….

အွန်လိုင်းသုံးခြင်း လေးနှစ်ပြည့် အမှတ်တရ





Sunday, July 31, 2011

ပေးဆပ်သူများ



ခပ်ဝေးဝေးကို ကြည့်လိုက်တော့ အုန်းပင်တန်းနဲ့ ဒီရေတောတွေက ဟိုနားဒီနား အစုလိုက်ပေါ့… ခေတ်ကို ကျောခိုင်းထားရတဲ့ ဒီဒေသလေးကို ကျွန်မ ခြေချဖို့ ဆုံးဖြတ်လိုက်ကတည်းက အခြေအနေအားလုံးကို လက်သင့်ခံမယ်ဆိုတဲ့ စိတ်လေးနဲ့ပါ။ ခေတ်မီတဲ့ အသိုင်းအဝိုင်းတစ်ခုက သွေးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာမို့ ကျွန်မကတော့ ခေတ်မီအသုံးအဆောင်တွေကို သိပ်ခုံမင်နှစ်သက်သူ တစ်ယောက်။ အထူးသဖြင့် အခုလို ပင်လယ်ကမ်းခြေ ရွာငယ်တခုမှာ သူတို့ဓလေ့အတိုင်း နေထိုင်နိုင်ဖို့အတွက် သိပ်ကိုခက်ခဲမယ့်သူအဖြစ် အများအမြင်မှာ ထင်မြင်ယူဆခံရမယ့်သူဖြစ်တဲ့ ကျွန်မ၊ ဒီဒေသကို တွဲဖက်မူလတန်းကျောင်းဆရာမလေးအဖြစ် ခြေချမိစေဖို့ အဓိကအကြောင်းကတော့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေက ကလေးသူငယ်တွေကို ပညာဒါနပေးချင်တဲ့ စိတ်ထားလေးကြောင့်ပါ။

သိပ္ပံဘွဲ့တစ်ခုရအပြီး ကျွန်မဝါသနာကို အကောင်အထည်ဖော်ဖို့ ကြိုးစားမိရင်းက ဒီရွာလေးကိုရောက်လာခဲ့တာ အခုဆို သုံးနှစ်စွန်းနေပြီ။ တံငါရွာဖြစ်တဲ့ ဒီရွာလေးမှာ အိမ်ခြေတစ်ရာ ရှိပါတယ်။ ဘေးနားမှာလဲ ရွာငယ်တွေရှိတာမို့ အဲဒီရွာငယ်တွေက ကလေးငယ်တွေပါ ကျွန်မတို့ကျောင်းလေးမှာ ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ ဆရာအင်အား နည်းပါးလွန်းတဲ့အထဲ တာဝန်ကျဆရာမသုံးယောက်အနက် တစ်ယောက်က လုံးဝမလာတာကြောင့် ကျွန်မနဲ့အခြား ဆရာမလေးတစ်ယောက်ကသာ သူငယ်တန်းကနေ လေးတန်းအထိ လှည့်ပတ်တာဝန်ယူ သင်ကြားပေးနေရတာလေ။ ကလေးတွေကလဲ အများကြီးတော့ မရှိပါဘူး။ တစ်ကျောင်းလုံးမှ ကလေးအရေအတွက် ငါးဆယ်ပဲရှိတာပါ။

ဆင်းရဲလှတဲ့ဘဝတွေ ပိုင်ဆိုင်ထားရတာမို့ ဒီရွာမှာရှိတဲ့ ကလေးသူငယ် တော်တော်များများဟာ မိရိုးဖလာရေလုပ်ငန်းကိုသာ မိဘတွေနဲ့အတူ တစိုက်မတ်မတ်လုပ်ကြတာမို့ ကျောင်းနေရွယ်မှာ ကျောင်းနေကြတဲ့ ကလေးတွေ တော်တော်ရှားပါတယ်။ ဒီကြားထဲ ငါးဖမ်းသူမိဘတွေရဲ့ရင်သွေးငယ်တွေဟာ ပိုပြီး သနားစရာကောင်းပါတယ်။ လယ်မပိုင် လှေမပိုင်သူတွေမှာတော့ လှေငှားထိုး၊ ပိုက်ငှားဖမ်း၊ လယ်ငှားလုပ်နဲ့မို့ အတော်လေးနုံချာလှပါတယ်။ ကလေးတွေမှာ ပညာသင်ချင်ရက်နဲ့ ငွေကြေးမတတ်နိုင်တာမို့ ရွာဦးကျောင်းက ဘုန်းတော်ကြီးသင်ပညာရေးကိုသာ အားထားကြရတာပါ။ ဒါတောင် အချိန်မှန်အတန်းတက်နိုင်တဲ့ ကလေးက အရှားသား။ မိဘကို ကူနေရတဲ့အချိန်ထဲမှာ သူတို့ဘဝကို စတေးထားရသူတွေက များပါတယ်။

ကျွန်မကတော့ ကျောင်းပိတ်ရက်တွေမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပညာဒါနအဖြစ် သွားရောက်သင်ကြားပေးပါတယ်။ ဒါကြောင့် ကလေးတွေအားလုံးနဲ့ တစ်ရွာလုံးလိုလို ကျွန်မကိုချစ်ခင်ကြပါတယ်။ မူလတန်းကျောင်းဆရာမဘဝမှာ ကျွန်မမျှော်လင့်တာက သူတို့လေးတွေကို စာသင်တဲ့အခါ သင်ထောက်ကူပစ္စည်းတွေနဲ့ သူတို့ စိတ်ဝင်စား ပျော်ရွှင်လာအောင် ဆွဲဆောင်ပေးချင်တာပါ။ ဒါပေမယ့် ကျောင်းအတွက် အထက်ကချထားပေးတဲ့ ငွေကြေးကအဲဒီစိတ်ကူးကို ရိုက်ချိုးလိုက်ပါတယ်။ ဒါကြောင့် သူတို့တွေကို ကျွန်မက ဗဟုသုတရအောင် အိတ်စိုက်သုံးသင်ကြားရေးစနစ်ကို ကျင့်သုံးနေရပါတယ်။ ဥပမာ ကလေးတွေကို အင်္ဂလိပ်ဝေါဟာရတစ်ခု ပန်းသီးဆိုပါတော့။ ပန်းသီးကိုမြင်ဖူးအောင် ပန်းသီးပုံလေးကိုဆွဲတတ်အောင် သင်ပြပေးချင်တာပါ။ ကလေးအများနဲ့ သင်ကြားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သင်ယူနိုင်စွမ်းတွေ မတူညီတာမို့ သူတို့စိတ်လေးတွေ အနာတရမဖြစ်ဘဲ သင်ကြားမှုကို လက်ခံမှတ်သားပျော်ဝင်လာအောင် စွမ်းဆောင်ရမှာ ကျွန်မတို့ဆရာတွေရဲ့ တာဝန်ပဲလေ။ ကလေးတွေကို ရိုက်နှက်သင်ကြားတာ စည်းမျဉ်းနဲ့ လုံးဝမကိုက်ညီပါဘူး။

သူတို့တွေရဲ့စိတ်အာဟာရကို ဖြည့်ဆည်းပေးနိုင်မှ ကိုယ်သင်ကြားပြသတာကို နာယူမှတ်သားဖို့ အဆင်သင့်ဖြစ်လာမှာပါ။ ကျွန်မက ရန်ကုန်ကအိမ်ကိုပြန်တိုင်း သူတို့လေးတွေအတွက် ရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေးတွေ၊ ကဗျာစာအုပ်လေးတွေ၊ ကာတွန်းစာစောင်တွေ၊ ပုံပြင်စာအုပ်လေးတွေ၊ ကစားစရာလေးတွေ နိုင်သလောက် သယ်လာပါတယ်။ ကျောင်းမှာ သင်ကြားပြသတဲ့အခါ သူတို့လေးတွေကို ဘာသာရပ်အလိုက် လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုအသုံးတည့်တယ်ဆိုတာက အစ၊ သူတို့လက်လှမ်းမမီတဲ့ အရပ်ဒေသတွေရဲ့ လူနေမှုပုံစံတွေအဆုံး ကျွန်မတတ်သမျှ ဝေမျှပေးပါတယ်။ အဲဒီအခါ သူတို့လေးတွေရဲ့ မျက်ဝန်းတွေမှာ အရောင်တလက်လက်နဲ့ပေါ့။

ကျွန်မသင်ကြားလိုက်တဲ့ ဘာသာရပ်တွေအပေါ် တပည့်ဖြစ်တဲ့ သူတို့လေးတွေ အသိရှိရှိတတ်မြောက်ဖို့ကိုပဲ ဦးတည်ထားပါတယ်။ မြို့ပြရဲ့အဝေးက ငွေကြေးမပြည့်စုံတဲ့ ဒီရွာလေးရဲ့ ရင်သွေးငယ်တွေအပေါ် ကျွန်မစေတနာကို အတိုင်းအဆမဲ့ ထားရှိခဲ့တာပါ။ ကျွန်မတို့ ဆရာမတွေရဲ့ဘဝဟာ နိုင်ငံတကာစံချိန်နဲ့ တိုင်းဆလိုက်ရင် ဘာအဆင့်မှမရှိတာ အမှန်ပါပဲ။

ဆရာတစ်ယောက်အတွက် ဘဝအာမခံချက်တွေ၊ ဆရာတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေအတွက် အထောက်အပံ့တွေ၊ သင်ကြားမှုအပိုင်းမှာ ကလေးတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် သင်ထောက်ကူပစ္စည်းတွေ ဒါတွေ အားလုံးချို့တဲ့လှပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဆရာ၊ဆရာမ လုပ်တဲ့သူတွေ အားလုံးရဲ့ အကျင့်စာရိတ္တ၊ ဆရာ့ဂုဏ်ကို ငွေကြေးမပြည့်စုံခြင်းဆိုတဲ့ အခက်အခဲတစ်ခုက လွှမ်းမိုးဖျက်ဆီးထားတာပါ။ ဆရာတစ်ယောက်ရဲ့ ဝင်ငွေ(လစာ)ဟာ သူတစ်ယောက်တည်းအတွက်တောင် မပြည့်စုံပါဘူး။

ဒါကြောင့် ဆရာတွေအများစုမှာ တာဝန်ကျချင်တာ မြို့ကြီးကနာမည်ကြီးကျောင်းတွေ၊ ကျူရှင်ပြလို့အဆင်ပြေမယ့်နေရာတွေ၊ ကိုယ့်အိမ်နဲ့နီးတဲ့ ကျောင်းတွေမှာပဲ တာဝန်ကျချင်ကြတာပါ။ ဘာကြောင့်လဲဆိုတော့ ငွေရေးကြေးရေး ပြဿနာကြောင့်ပါ။ အခွင့်အလမ်းနည်းပါးလွန်းတဲ့ ကျွန်မတို့နိုင်ငံမှာ ဝန်ထမ်းဆိုတဲ့အမည်နာမကို ပိုင်ဆိုင်သူတိုင်းဟာ ငွေကြေးမပြည့်စုံမှုကို ခါးစည်းခံရပါတယ်။ မလွန်ဆန်နိုင်တဲ့ ဒီအကြောင်းတရားရဲ့နောက်ကွယ်မှာ သိက္ခာတရားကို ပြောင်တင်းတင်းရောင်းစား၊ ခြစားမှုတွေဟာ ဖက်ရှင်တစ်ခုအလား ဝန်ထမ်းလောကမှာ နေရာယူလာတာ ကြာပါပြီ။ ဝန်ထမ်းတစ်ယောက်အတွက် ဘဝလုံခြုံမှုတွေဟာလဲ ဘာမျှမရှိပါဘူး။ ပင်စင်ရသွားတဲ့ လူတစ်ယောက်အတွက် ယနေ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းစာရင် နည်းပါးလှတဲ့ ပင်စင်လစာငွေအပြင် အခြားဘာအာမခံချက်မှ၊ ဘာခံစားခွင့်မှ မရှိပါဘူး။ ဒါကြောင့် အသေခက်၊ အနေခက်တဲ့ဘဝအဖြစ် တင်စားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အနေခက်လောက်အောင် ငွေကြေးကမပြည့်စုံ၊ မပြည့်စုံခြင်းကိုလွန်မြောက်အောင် ခြစားမှုတွေ၊ အကျင့်ပျက်မှုတွေနဲ့ နေရတော့ သေတဲ့အခါ ဘယ်ဘုံဘဝမှာ စံမြန်းရမလဲဆိုတာတွေးရင်း ကြောက်လာမိတဲ့အတွက်ပါ။

ဒီလိုအခြေနေတွေနဲ့ ရုန်းကန်နေရတဲ့ ကျွန်မဟာ စေတနာကို အသပြာနဲ့ ရောင်းစားနေကြသူတွေထဲက တစ်ယောက်မဖြစ်ဖို့တော့ ကယ်တင်ထားတဲ့ အခြေနေလေးကတော့ ပြည့်စုံတဲ့အသိုင်းအဝိုင်းကပေါက်ဖွားလာတဲ့ တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် ကျွန်မအနေနဲ့ ငွေရေးကြေးရေးကို သိပ်ပူပင်စရာမလိုတဲ့အတွက် ဝါသနာကို စိတ်ရော၊ကိုယ်ပါ နှစ်ပြီး ဖန်တီးနိုင်တာပါ။

ဒီရွာလေးမှာ ငါးဖမ်းသူ၊ ငါးအဝယ်ဒိုင်၊ လယ်လုပ်သူတွေနဲ့ စည်ကားလှတယ်လေ။ ကျွန်မရဲ့တပည့်လေးတွေနဲ့ သူတို့မိဘတွေရဲ့စေတနာတွေက သိပ်လှလွန်းပါတယ်။ ကျွန်မကို သူတို့ဟင်းစားတွေထဲက တစ်နေ့တစ်ခွက်တော့ လာပို့ကြတာပါ။ အစားအသောက်အတွက် သူတို့ကပဲ တာဝန်ယူပေးတာ။ ချစ်ခင်စရာကောင်းတဲ့ ဖြူစင်တဲ့ သူတို့စိတ်ထားလေးတွေကို ကျွန်မ ခင်တွယ်နေမိတာနဲ့ပဲ အခုဆို သုံးနှစ်ထဲဝင်လာတဲ့အထိ ဘယ်ကိုမှ ပြောင်းရွှေ့ခွင့်မတင်ဘဲ နေနေတာပါ။ မိသားစုတွေလို တစ်ရွာလုံးနဲ့ တသားတည်း ဖြစ်နေပြီလေ။ ဒီလိုနဲ့ပဲ တနေ့မှာ…

အဲဒီနေ့က ကျွန်မတို့ရွာကလေးက ပုံမှန်အတိုင်း လှုပ်လှုပ်ရှားရှားပဲ... မိုးက တဖြည်းဖြည်း သည်းလာတယ်။ မနေ့ကတည်းက မိုးမှောင်နေတာမို့ စိတ်ထဲကလဲ မသိုးမသန့်ပေါ့. ကျွန်မက မိုးကို ကြောက်တယ်။ မိုးချုန်းသံဆို ပိုကြောက်တယ်။ မနက်က ကလေးမိဘတစ်ယောက်နဲ့တွေ့တော့ ကျွန်မကို “မုန်တိုင်းရှိလား မသိဘူး ဆရာမရေ့…… ယောက်ျားကတော့ ငါးဖမ်းထွက်သွားလေရဲ့…..တတ်နိုင်ဘူးလေ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ဘဝမှာ မုန်တိုင်းလဲ မရှောင်အားပါဘူး ဆရာမရယ်……ကျွန်မတော့ လယ်ထဲ သွားလိုက်အုံးမယ်။ ကျောင်းအပ်ဖို့အတွက် လုံးပန်းလိုက်အုံးမယ် ဆရာမရယ်” လို့ ဆိုလေရဲ့….။ သူတို့ မိသားစုက သူရင်းငှားတွေ။ လက်လုပ်လက်စား။

သူမထွက်သွားတော့ သူမကျောပြင်ကို တချက်ငေးကြည့်နေမိသေးတယ်။ အတွေးတွေက ပုံဖော်ရတော်တော်ခက်မယ်။ အဲဒါ သူမကို နောက်ဆုံးတွေ့လိုက်ရခြင်းလို့ ကျွန်မတွေးမိခဲ့မယ်ဆိုရင် အတွေးတွေ ပုံဖော်လို့ လွယ်သွားမှာပါ။ မိုးအေးအေးနဲ့ အိပ်ယာထဲကွေးနေတုန်း နေ့လည်လောက်မှာ လေပြင်းတွေ တိုက်လာတယ်။ မိုးတွေ ပြင်းလာတယ်။ လှိုင်းတွေ ကြီးလာတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲပေါ့။ ကျွန်မကို ကလေးမိဘတစ်ယောက်က “ဆရာမရေ…… မုန်တိုင်း ဝင်နေပြီဗျ၊ ဒီမှာနေလို့မဖြစ်ဘူး ရွာဦးကျောင်းမှာ သွားခိုနေမှ ဖြစ်မယ်။


ကျွန်တော်တို့နဲ့ လိုက်ခဲ့….လာ ဆရာမလာ” ဆိုပြီးပြောတော့ ကျွန်မလည်း သူတို့နဲ့အတူ ဒရောသောပါး ပါသွားတော့တာပေါ့။ ကျောင်းရောက်တော့ လူတွေပြည့်နေပြီ။ အိမ်တွေလဲ ရေစီးထဲ ပါသွားတယ်။ လူတွေ၊ တိရိစ္ဆာန်တွေ…….အရာအားလုံး ပေ၂၀လောက်မြင့်တဲ့ လှိုင်းရဲ့အောက်မှာ ပျောက်ချင်းမလှ ပျောက်ကုန်တယ်။ ယူပါကယ်ပါ တစာစာအော်တဲ့ အသံတွေ ကြားနေရတယ်။ ကျွန်မလဲ ဆွဲမိဆွဲရာကို တင်းတင်းဆုပ်ထားရင်း ဘုရားကိုအာရုံပြုနေရပေမယ့် ကြောက်စိတ်ကတော့အပြည့်ပေါ့.။ တအောင့်ကြာလို့ လှိုင်းလုံးမှောင်မှောင်ကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကျွန်မအာရုံတွေ နေရာတစ်ခုကို လွင့်သွားလေရဲ့…….။

သတိရတော့ ကျွန်မကို လူတစ်စုက ကယ်ထားတယ်။ ဘေးမှာလဲ ဘဝတူတွေ စုနေတယ်။ သတိရလာပြီလားတဲ့။ ကျွန်မဘေးက လူတွေက ကျွန်မတို့ရွာက မဟုတ်ဘူး။ အို……ဒါဆို၊ ကျွန်မ မတွေးရဲတော့ဘူး။ ဆွံ့နစ်နေတဲ့ရင်ကို ဘယ်သူက ဖြေသိမ့်ပေးနိုင်မလဲ။ အင်အားတွေ ချည့်နဲ့နေတုန်းမို့ မျက်လုံးစုံမှိတ်ရင်း နာကျင်စွာ တွေးနေမိတယ်။ဘဝကို ဒုက္ခတွေခါးစည်းခံရင်း ရိုးသားစွာ ဖြတ်သန်းနေသူတွေ၊ စားဝတ်နေရေး အခက်ခဲတွေကြားမှာ ရှင်သန်နေတဲ့ အပြစ်ကင်းကင်း ကလေးငယ်တွေ၊ မိရိုးဖလာလုပ်ငန်းနဲ့ မိမိတို့ရွာလေးကို သစ္စာရှိရှိ သက်ဝင်လှုပ်ရှားနေစေသူတွေ…..သံယံဇာတအရင်းအမြစ်တွေ အားလုံးအားလုံး အတ္တရဲ့ပျက်ရယ်ပြုခြင်းကို ခံစားလိုက်ရပြီ။ ကျွန်မမျက်ရည်ပူတွေ စီးလာရင်း အာတွေခြောက်လာရင်းနဲ့ အတွေးထဲဖြတ်ခနဲဝင်လာတဲ့ တပည့်လေးတွေရဲ့မျက်နှာ၊ ရိုးသားလှတဲ့ သူတို့မိဘတွေ……..အခုတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီ။

မုန်တိုင်းဆိုတာ ငလျင်လိုမဟုတ်ဘူး။ ခန့်မှန်းလို့ရတယ်။ ဒီလိုခန့်မှန်းလို့ရတဲ့မုန်တိုင်းကို လွတ်ကင်းအောင် ဘာလို့မရှောင်နိုင်ခဲ့ကြတာလဲ။ အသက်အိုးအိမ်တွေပျက်စီး၊ ဘဝတွေပျက်၊ အခြေအနေမဲ့တွေဖြစ်သွားတဲ့အခါမှာကော နှစ်သိမ့်ပေးမှုတစုံတရာက အစားထိုးပေးနိုင်မယ်တဲ့လား။ အခုတော့…….

တွေးရင်း မွန်းကျပ်လာတာမို့ ဘေးကိုငေးလိုက်တော့ မျက်ရည်ခြောက်စမျက်နှာနဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ဟိုဒီကြည့်နေရှာတဲ့ ကလေးငယ်တစ်ယောက်။ သူ့လက်ထဲမှာ ထမင်းခဲတစ်တုံး၊ သူ့ကိုယ်မှာ အကျီင်္မပါဘူး။ ဘောင်းဘီတိုလေးကလဲ ရွှံ့တွေပေကျံလို့။ ကျွန်မနဲ့ မျက်ဝန်းချင်းဆုံတော့ ငိုမဲ့မဲ့မျက်နှာနဲ့ ကြည့်နေတယ်။ အို….ကျွန်မဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခြောက်ခြားသွားတယ်။ ဒီလိုကလေးငယ်တွေ မုန်တိုင်းအပြီး မှာ ဘယ်လောက်များနေပြီလဲ။ ကျွန်မဆက် မတွေးရဲတော့ဘူး။

တကိုယ်လုံးလည်း နာကျင်နေတယ။် အစာရေစာပြတ်လပ်ခြင်းဒဏ်ကို ခါးစည်းခံရင်း ကျွန်မအိမ်နဲ့အဆက်သွယ်ရမယ့်နေ့ကို စောင့်နေရတယ်။ အိမ်ကို ပြန်ရောက်တော့ ကျွန်မမောင်လေးကပြောတယ်။ “မမရာ….သားသူငယ်ချင်း ဘန်ကောက်ကကောင်က ဒီမုန်တိုင်းမတိုင်ခင် တစ်ပတ်လောက်ကတည်းက အင်တာနက်မှာ တွေ့တော့ပြောတယ်။ မုန်တိုင်းဝင်လိမ့်မယ်တဲ့။ အားတော်တော်ပြင်းတယ်လို့။ သားက သိပ်ဂရုမထားမိဘူး။ တကယ်အားပြင်းတဲ့ မုန်တိုင်းဆို မိုးလေဝသက သေချာ ကြေငြာချက်ထုတ်ပြန်မှာပေါ့လို့ တွေးမိတာကိုး။ တခြားနိုင်ငံတွေမှာ မုန်တိုင်းဝင်တော့မယ်ဆို ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ နှိုးဆော်တယ်။ ဘေးလွတ်တဲ့ဒေသကို ပို့ပေးတယ်လေ။ ဒါတွေမလုပ်တော့ သားက အေးဆေးပဲ ထင်တာပေါ့။ တော်သေးတာပေါ့ မမကံကောင်းလို့။ နောက်ဆို သားတို့ မိုးလေဝသနဲ့ပတ်သက်ရင် နိုင်ငံတကာသတင်းဌာနတွေကလွှင့်တဲ့ မိုးလေဝသသတင်းတွေကို နားစွင့်ရတော့မယ်။ ဒါပေမယ့် မမတို့ရွာလိုနေရာမျိုးကိုတော့ အဲဒီလိုသတင်းရရင် ဖြန့်ဝေပေးဖို့ကျ သားတို့ ဘယ်လုပ်နိုင်မလဲနော်…” လို့ပြောရင်း သူ့မျက်မှောင်ကို ကျုံ့ထားပြီး တခုခု မကျေလည်ဟန်မျက်နှာပေးနဲ့……..။

ကျွန်မမှာတော့ ဘာမှဆွေးနွေးချင်စိတ်၊ ပြောချင်စိတ်တွေမရှိတော့ဘူး။ အဲဒီနေ့ရဲ့အဖြစ်ဆိုးအောက်က ရုန်းမထွက်နိုင်လောက်အောင် စိတ်ဒဏ်ရာက တော်တော်ပြင်းနေတယ်လေ။ မောင်လေးပြောတဲ့ မုန်တိုင်းနောက်ကွယ်က အတ္တမုန်တိုင်းအတွက် ပေးဆပ်လိုက်ရတဲ့ စတေးလိုက်ရတဲ့ ဘဝတွေ အများကြီးရှိဆဲဆိုတာကို ကျွန်မတွေးနေမိတယ်။

အချိန်မနှောင်းသေးခင်မှာသာ အန္တရာယ်စက်ကွင်းတွေက လွတ်မြောက်အောင် စေတနာကောဝါသနာကောအရင်းခံပြီး ကယ်တင်ချင်တဲ့သူတွေပေါ်လာခဲ့ရင်……. ဝန်ထမ်းတွေအားလုံးလဲ သူတို့ဘဝအမောတွေအောက်က ရုန်းထွက်ပြီး တာဝန်တွေကို ကိုယ်ဖိရင်ဖိ ထမ်းဆောင်လာနိုင်ခဲ့ရင်.. ဒေသနေရာတိုင်းမှာ တပြေးညီတိုးတက်မှုတွေ မှန်ကန်စွာရလာခဲ့ရင်…..လူတိုင်း ပရဟိတစိတ်တွေ ပွင့်လင်းလာခဲ့ရင်…အခုလို စတေးခံရတဲ့ အဖြစ်ဆိုးတွေအောက်မှာ ပေးဆပ်လိုက်ရသူတွေ ရှိလာတော့မှာမဟုတ်ဘူးလို့ တွေးရင်း ဝေဝါးနေတဲ့မြင်ကွင်းကို အာရုံစိုက်လိုက်တော့ ကောင်းကင်မှာ တိမ်မည်းတွေက အပြည့်နေရာယူထားသေးတာမို့ မျက်ဝန်းအစုံကို တင်းတင်းမှိတ်လိုက်မိတယ်…….။ ။



(နာဂစ် တစ်နှစ်ပြည့် အမှတ်တရအဖြစ် ရင်နှင့်ရင်း၍ ခံစားရေးဖွဲ့ပါသည်)

ညနေဥာဏ်

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း
အတွဲ၃၊ အမှတ်၃ (ဇူလိုင်လ ၂၀၀၉ခုနှစ်)
(၅)နှစ်ပြည့်အထူးထုတ်



Saturday, July 30, 2011

ပိတောက်တစ္ဆေ


နွေဆိုတာ ဥတု သုံးပါးထဲ အပူပြင်း အတောက်ပဆုံး ရာသီလေး၊ ဒီအချိန်မှာ ပုရစ်ဖူးတွေကလဲ နေရာတော်တော်များများမှာ ကျိုးတိုး ကျဲတဲပဲ။ သစ်ပင်တွေက လွင်တီးခေါင်ထဲ ကျိုးတိုးကျဲတဲ။ မြေပြင်က ပတ္တမြားရောင်ခေါ်ရမလောက် နီကျင်ကျင်ရယ်။ အရင်တုန်းကတော့ ဒီနေရာမှာ မြန်မာ့ ကျွန်းတောအဖြစ် အထင်ကရ နေရာ။ ဘုံဘေဘားမားသစ် ကုမ္ပဏီက သစ်တွေ ခိုးထုတ်ခဲ့တဲ့နေရာ။ ဗကပတွေ ဌာနချုပ်အခြေစိုက် စိုးမိုးခဲ့တဲ့နေရာ………။ သမိုင်းထဲက ဂန္တဝင်နေရာပေါ့။ တချိန်တုန်းကလေ…………….။ ခုတော့………

နေပူရှိန်က တဖြည်းဖြည်း ပြင်းလာတာ တံလျပ်တွေ ခင်းတဲ့ ပြဒါးရောင် လမ်းပူပူထဲ လျှောက်နေရပြန်ပြီ………။ ရုံးအပြန် လမ်းတလျောက် ဖယ်ရီကားပေါ်ကနေ ငေးရင်း မြင်ရသမျှကို ပူပူလောင်လောင် ချွေးသံရွှဲရွှဲထဲ မိန်းမောလာမိလေရဲ့။ မနီးမဝေးက ကမူပေါ်မှာ ပိတောက်ပင်လေး…..။ အရွက်လေးက စိမ်းစိုစိုရယ်။ ပိတောက်ဖူးလေးတွေနဲ့။ ခုနောက်ပိုင်း ပိတောက်တွေ သင်္ကြန် မတိုင်ခင်ပွင့်တာ တော်တော်လေးကို ရှားသွားပြီ။ ပိတောက်တွေ ပွင့်သင့်နေပြီလို့ စိတ်ထဲ မချိမဆန့် တမ်းတ တွေးနေမိတယ်။သင်္ကြန်မိုးကလဲ ဘယ်နေမှန်း မသိတာ ကြာပေါ့။ ပန်းဆိုတာ ရေဖြန်းမှ လန်းအာနိုင်တာမို့လဲ မိုးမဖြန်းတော့ ဘယ်လန်းနိုင်ပါ့မလဲလို့ တွေးနေမိပြန်တယ်…။

ဒီနယ်မြေမှာ ပိတောက်တွေ ငုတွေ ရှားတယ်။ မရှိသလောက်ပဲ။ ဘာကြောင့်လဲဆို ဒီနယ်က အရင်တုန်းက လူနေထူထပ်တဲ့ နေရာမဟုတ်တဲ့ သစ်တောဟောင်းကြီးရယ်လေ။ ရွာငယ်၊
ဇနပုဒ်တွေပဲ ရှိခဲ့တာကလား။ ပဲခူးရိုးမရဲ့ အလယ်ရိုးမ တကျောမှာရှိတဲ့ ကြိုးဝိုင်းဟောင်းကြီးကို မြို့ပြပုံစံပြုလို့ အဆင့်မီ အဆောက်အအုံကြီးတွေ ဆောက်၊ ကတိုက်ကရိုက် အရွှေ့ပြောင်းတွေကြားမှာ နေသားကမကျတော့ ဂါဝန်တိုတိုကို ပုံမကျ ပန်းမကျ ဝတ်ထားတဲ့ ရွာသူလုံမေကညာရဲ့ ဟန်ပန်လို အချိုးမကျမလှမပပေါ့……..။ ရုံးတွေဘက်ကတော့ သစ်တောပင်တွေသာရှိတယ်၊ သစ်ကြီး ဝါးကြီး တောကောင်ကြီးတွေ မရှိတော့ဘူး။ ခုတ်ရောင်းတာ၊ သတ်ရောင်းတာနဲ့ ပြုန်းကုန်တာ ကြာပေါ့။ ဝါးပင်စုစုလေးတွေ၊ အပင်ပေါက်လေးတွေပဲ ရှိတဲ့ ချုံသာသာတောတွေရယ် လွင်တီးခေါင် နေရာတွေရယ်က ဟိုဟိုဒီဒီငေးတိုင်း တွေ့ရမယ့် ရှုခင်း။ အဲဒီလိုနေရာမျိုးကို ရွှေဥာဏ်တော်စူးရောက်ပြီး ဝန်ထမ်း မြို့တော် တည်လိုက်တာကလား။

တခါတလေ ဖုန်နီနီတွေက လေရှူတိုင်း ထိတွေ့ရတယ်။ ခုလိုနွေမှာ လေပြင်းပူပူတွေက ဟိုနေရာ ဒီနေရာ လေပွေလိုလို လေရူးလိုလိုနဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တခါတလေ လေရူးနဲ့အတူ တောမီးတွေကလောင်တတ်သေးတယ် ။ မြို့ပြအရသာကို တစက်ကလေးမှ မခံစားရတဲ့ ရွှေမြို့တော် အမည်တပ်နေရာဆို မှန်တယ်။ပိတောက် မမြင်ရတဲ့ အဝါရောင်တွေမရှိတဲ့ ခံစားချက် အပြင်ဘက်က ဒီနေရာမှာ ဘဝအခြေအနေအရ ရုန်းကန်နေမိတာ ခုဆိုသုံးနှစ်ထဲဝင်နေပြီ။ သွေးသားရင်းခြာတွေနဲ့ အဝေးမှာ အသပြာ ခပ်ချာချာ အလုပ်ကို လက်လှမ်းလို့ မီလာတာနဲ့ ခပ်အေးအေးလေး လုပ်ကိုင်နေမိတယ်။ ဝေးတမြေမှာဆိုလို့ တိုင်းတပါးလို့ မထင်လိုက်ပါနဲ့။ မှားမယ်။ Thanlwin Ain Matရွှေမြို့တော်သစ်ဖြစ်တဲ့ ပြည်တွင်း တနေရာကို ရည်ရွယ်ချက်တွေ တပုံတပင်နဲ့ ဘဝကို စတင်ဖို့ ပြင်ဆင်လာခဲ့တာ ခုတော့ ကန္တရအလယ် အိုအေစစ် မတွေ့သူလို ရေရာတဲ့ ကဏ္ဍလဲ မရှိ၊ အဝင်ရှိပြီး အထွက်မရှိတဲ့ တံခါးပေါက်ဘေးမှာ ငုတ်တုတ်ထိုင်နေခဲ့ရတာ တော်တော် တရားကျနေမိတယ်။ ဘဝမှာ ဖြစ်ချင်တာတွေအတွက် အင်အားတွေ ထုတ်ခဲ့ အိပ်မက်တွေ တောက်ပနေတဲ့ အချိန်မှာ ဘဝကို ခါးဆစ် အလည်က ရိုက်ချိုး ခံလိုက်ရသလိုချည့်နဲ့ သွားခဲ့ရတာ ဒီပိတောက် မရှိတဲ့ လမ်းကို စလှမ်း ကတည်းကပါပဲ။ ရေသောက်တိုင်း ပိုငတ်တတ်တဲ့ ဘဝတော့ မဟုတ်ဘူး။ ရေကြည်တပေါက်ကို တမ်းတ ရှာဖွေနေမိတာကိုက မဟာအမှား၊ နေရာမှားပြီး လာရှာနေတာကိုးလို့ အပြစ်တင်ရင်လဲ ကိုယ့်အခြေနေအရ ရေနစ်တုန်း ကောက်ရိုး တစ်မျှင်အနေအထားနဲ့ ဒီနယ်မြေကို ရောက်လာတာ။

တခြား အခွင့်အလမ်း ဖမ်းဆုပ်လို့လဲမရဘူး။ လမ်းတွေ့နေတာက ဒီကန္တာရလမ်းလေးကို စိုပြေလာအောင် စွမ်းဆောင်မယ်ဟဲ့လို့တော့ ကြွေးကြော်ခဲ့တာတွေ၊ တောက်ပမယ့် သစ္စာတရားကို ရိုးသားစွာစောင့်သိမယ်ဟဲ့လို့လဲ ရည်ရွယ်ခဲ့တာတွေ၊ တထောင့်တနေရာကနေ သွေးချင်းတွေအတွက် ပေးဆပ်မယ်ဆိုတာတွေ အားလုံးအားလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ ဒီပိတောက်ရှားတဲ့ရပ်ဝန်းထဲ ခြေချမိတယ်ဆိုရင်ပဲ…………။

ကာရံကော ရစ်သန်ကော ဟန်ချက်ပျက်ပြီး အသုံးမဝင်တဲ့ ကားအိုတစ်စီးလိုလို၊ တောဓလေ့ အသုံးနဲ့ပြောရရင် သားသတ်ရုံပို့ဖို့သာ အသုံးဝင်တော့တဲ့ နွားအိုလိုလို ကိုယ့်ဘဝကို လက်ညှိုးထိုးတတ်တဲ့ အသိုင်းအဝိုင်း၊ အမှန်တရားရဲ့ဆန့်ကျင်ဘက်နောက် ကမောက်ကမမာယာတွေနဲ့ မဆုံးသောလမ်းကို တွဲလျှောက်မလား၊ ရိုကျိုးသေဝပ်စွာ မာနခဝါချ၊ အငှားလူမိုက် လုပ်မလား၊ တဇွတ်ထိုးတယူသန်နဲ့ သေသပ်တဲ့အမိန့်တွေနောက် ကလန်ကဆန်လုပ်မလား ဒါတွေတွေးရင်း ချာချာလည်နေတုန်း ခုတော့တစ်နှစ်ဟောင်းလို့ တန်ခူးကာလ ပိတောက် အတာအခါသမယကို တဖန်ရောက်လာပြန်ပြီဆိုတော့ ပိတ်ရက်ရှည်ထဲ အမေ့အိမ်ကို တခေါက်ပြန်ရတော့မှာပါလားဆိုပြီး လေးတွဲ့တွဲ့ သက်ပြင်းပူကို မှုတ်ထုတ်မိတယ်။

ပြန်မယ်လို့သာတွေးနေရတယ် ပြန်ဖို့အတွက် လုပ်ရကိုင်ရမှာတွေက တသီတတန်းကြီးကို ပြန်စဉ်းစားလိုက်တိုင်း မောတယ် ဒေါသဖြစ်တယ်။ အဖြစ်က ဆိုးပုံပြောပြမယ်။ သင်္ကြန်ပိတ်ရက်ရှည်ထဲပြန်ဖို့က ဒီအရပ်က စိတ်သိပ်ပျက်ဖို့ကောင်းတယ်။ ပြန်မယ့်သူနဲ့ ရထားထွက်တဲ့ အစင်းအရေအတွက် အခေါက်ရေက မလောက်မငှ စတိုင်လ်နဲ့၊ ကားကလဲ ဈေးကြီးပေးဝယ်မယ်ဆိုရင်တောင် သင်္ကြန်ပိတ်ရက်မတိုင်ခင် နှစ်လလောက်ဆိုကုန်ပြီ။ အသိတွေ အဆက်အသွယ်တွေနဲ့ ဝယ်မှ အိုကေတဲ့ပုံနဲ့ ပရမ်းပတာအဖြစ်တွေကို ဂုဏ်တင်ပြောနေကြတာကလဲ နားထဲမဆန့်အောင်ကြားရတတ်တဲ့ အခါကြီးရက်ကြီးအချိန်……..။ ပြည်တွင်းမှာရှိတဲ့ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ရေး ဆိုးတဲ့အထဲ မြို့တော်သစ်ကြီးဖြစ်တဲ့ ဒီနေရာက အတော်စိတ်ပျက်ဖို့ ကောင်းတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အတွက် အိမ်ပြန်ဖို့ ပိတ်ရက်ရှည်အတွက် ရထား၊ ကားလက်မှတ်က အတော်လေးခက်တယ်။

“ ဒို့ကတော့ ဟိုမာစတာရဲ့ အကူအညီနဲ့ အိုကေတယ်။ ရှူး တိုးတိုးနော်။ အသိမို့လို့ ဒီလို လက်မှတ်ရအောင် လုပ်ပေးတာ နောက်ဆို ပြန်ဖို့ မလွယ်ဘူး” ဘာညာ ဘာညာပေါ့။ အဲလိုလေး။ အသက်ရှူချောင်ပြီး အိုကေတဲ့ ရထားကတော့ မစဉ်းစားနဲ့ အပ်ပါးဆိုတာဝေး၊ ရိုးရိုးခုံတောင်မရလို့ ခုံမဲ့နဲ့ ခြေကျင် မပြန်ရရုံတမယ် တိုးပိတ် ကြပ်သိပ်နေတာကို အတင်း တိုးဝှေ့စီးပြီး အတင်းအဖျင်းတွေ နားမဆန့်အောင် ကြားရမယ်………. လက်မှတ်က အလုအယက်ကြားထဲ ဝယ်ရတာမို့ ကိုယ်ကျတဲ့ရထားက မိုးမလင်းခင် ထွက်မယ်ဆိုလာထား မနက်လေးနာရီ လောက်ထပြီး နေထိုင်ရာအဆောင်ကနေ ပျဉ်းမနားမြို့ထဲမှာရှိတဲ့ ဘူတာရုံဆီကို သွားဖို့ လုံးပန်းရမယ်……..ရထားလက်မှတ်ခက ၅၀၀ နဲ့ ၁၀၀၀ကျပ် ကြားပဲကျတဲ့ ရထားကို ကိုယ်နေတဲ့ အဆောင်ကနေ တုတ်တုတ် လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်ကို တစ်ထောင်ပေးစီးမလား၊ ဆိုင်ကယ်တက်စီကိုပဲ သုံးထောင် ပေးစီးမလား ကတိုက်ကရိုက် ပြေးပေတော့ပဲ။ ဒီကြားထဲ
ဘယ်ခရီးသည်တော့ ဆိုင်ကယ်သမားက ရိုက်နှက်လုယက် သွားပြန်ပြီစတဲ့ သတင်းဆိုးတွေကလဲ ကြားနေရပြန်တော့ ကွန်မန်ဒိုလို စိတ်ထားပြီး တက္ကစီသမား နောက်လိုက်ရတဲ့ ဒုက္ခကလည်း မသေး၊ ထမ်းပိုးထက် လက်ခကကြီးတဲ့ အိမ်တော်ပြန်ခရီးကို ရင်လေးစွာ တွေးနေမိတယ်။

အိမ်တော်ကလူတိုင်း ပြန်ချင်ကြပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ရုံးအရောက် ပြန်ရမယ့် ဒုက္ခကလည်း အတော်ကြီးသေးတယ်။ ကားလက်မှတ်က ကိုယ့်အရည်အချင်းနဲ့ ဝေလာဝေး။ ရထားလက်မှတ်ကလည်း ရထားရုံးချုပ်မှာ M.O နဲ့တကွ သွားတိုးရဦးမယ့်ဒုက္ခ၊ နောက်ညရထားမရှိပဲ နေ့ထွက်တဲ့ရထားကို မနက်အစောဆုံး ရထားနဲ့ကျလို့ကတော့ ကိုယ်နေတဲ့နေရာနဲ့ ဘူတာရုံက ညအိပ်စောင့်ရမယ့်အဖြစ်။ ရထားခထက် အိမ်ကနေဘူတာရုံကို လာမယ့်ကားခက ပိုမြောက်နေသေးတယ်။ နောက် မိန်းမသားဖြစ်တဲ့ ကျွန်မကို ရန်ကုန်မြို့စွန်မှာရှိတဲ့ အိမ်က ခြောက်ဆယ်ကျော် အဖေက ဘူတာကြီးကို မနက် အစောဆုံးထွက်မယ့် ရထားအမီ လိုက်ပို့ရတယ်လေ။ သူ့ခမျာ အိပ်ရေးပျက်၊ ပင်ပန်းတယ်။ ပြန်တွေးလိုက်တော့ အိမ်ကို မပြန်ဖြစ်တော့ပဲ ကျွန်မနေတဲ့အဆောင်နားက မိုးကုတ် တရားရိပ်သာမှာ ဆယ်ရက်တရားစခန်းဝင်ပြီး တစ်နှစ်လုံးလုပ်ခဲ့တဲ့ အကုသိုလ် အညစ်အကြေးတွေကို မစင်ကြယ်ရင်တောင် ဗုဒ္ဓတရားရိပ် ခိုလှုံခွင့်ရချိန်လေးမှာ ပွားများအားထုတ်မယ်လို့ ရည်သန်ပြီး ယောဂီစာရင်း ပေးလိုက်ပါတော့တယ်။ အိမ်ကလဲ ရုံးပိတ်ရက်ရှည်မှာ မပြန်ပဲ နေပြည်တော်မှာ တရားစခန်းဝင်မယ့်အကြောင်း ပြောတော့ သာဓုသုံးကြိမ်ခေါ်ပြီး ခွင့်ပြုခဲ့တယ်။

ဒီလိုနဲ့ သင်္ကြန်ရက်ရှည်ကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တာပေါ့။ ပြန်ဖို့အတွက် ကရိကထတွေများသူနဲ့၊ ဗျာပါဒများသူနဲ့ စည်စည်ညံနေတဲ့အချိန်မှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် တရားရိပ်သာကို အထုပ်လေးဆွဲပြီးဝင်ခဲ့တော့တယ်။ တရားရိပ်သာကို ဝင်တယ်ဆိုရင်ပဲ အေးမြတဲ့အရိပ်အာဝါသကိုခံစားလိုက်ရတယ်။ ဒါပေမယ့် ရိပ်သာထုံးစံအတိုင်း စာရင်းပေးထားသူတွေကို နေရာချတာ အတော်ကြာကြာ စောင့်နေရသေးတယ်။Thanlwin Ain Mat ဒါပေမယ့် အိမ်ပြန်ဖို့ ရထားစီးရတာနဲ့စာရင် ဒါက မြတ်သေးတယ်လေ။ ခဏလေးကြာတော့ ကိုယ့်အတွက် သတ်မှတ်နေရာကို ရောက်တော့တယ်။ ပျဉ်ထောင်ဇရပ်လေး အပေါ်ထပ်မှာတဲ့။ ကြည့်လိုက်တော့ အမယ်အိုနှစ်ယောက်က ကိုယ့်ဘေးနားမှာ။ သူတို့က ကလေးမလေးဆိုတဲ့အကြည့်နဲ့ တချက်လှမ်းကြည့်ပြီး နှစ်ယောက်သားစကားတွေ ဖောင်ဖွဲ့နေကြတယ်။ စကားပြောနေလိုက်ကြတာ သူတို့ရဲ့သွားလေသူတွေကို တမ်းတမ်းတတနဲ့ နောက်ပြီး သားသမီးတွေအကြောင်း ပြောနေလိုက်ကြ ရယ်လိုက်ကြ တရားစကားလေး စွက်လိုက်ကြနဲ့ ငယ်ပေါင်းတွေဖြစ်ပုံရတယ်လေ။

ကျွန်မကိုတော့ ငဲ့ပြီး အသိအမှတ်ပြုရုံပေါ့။ အမယ်အိုနှစ်ယောက်က ဖွေးဖွေးလှုပ် ဆံနွယ်တွေကြား ဆေးလိပ်ခိုးငွေ့တွေ တလူလူနဲ့ပေါ့။ စကား ပြောပေါက်တွေကလဲ ဒီနယ်သားမှန်း သိသာတယ်။ ခဏနေကြာတော့ သားနှစ်ယောက်ဖြစ်ဟန်တူတဲ့ အမျိုးသားလူရွယ်နှစ်ယောက်ဟာ အမယ်အိုတွေဆီ ရောက်လာပြီး သူတို့ ပါလာတဲ့ စားဖွယ်ရာတွေကို ပေးပြီး ထိုင်ကန်တော့တယ်။ အမယ်အို နှစ်ယောက်ကလဲ ဆုတွေပေးပြီးတော့ပေါ့။ နောက်တော့ သားတစ်ယောက်က “အလုပ် သွားလိုက်အုံးမယ် အမေ”လို့ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။

ဒီလိုနဲ့ပဲ ကျွန်မဘေးနားက အမယ်အိုနှစ်ယောက်ကလဲ သူတို့ရဲ့ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောရင်း၊ ကျွန်မကိုလဲ အလာပသလာပပြောရင်းနဲ့ ခင်မင်ရင်းနှီး လာခဲ့တော့တယ်။ ငယ်ငယ်လေးနဲ့ ခုလိုတရားစခန်းဝင်ဖြစ်တဲ့ ကျွန်မကို သူတို့က အသိအမှတ်ပြုကြတယ်။ ကျွန်မကို ဘယ်ဌာနကလဲ ဘာလုပ်ရတာလဲ စသဖြင့်မေးမြန်းကြသေးတယ်။ “အိမ်မပြန်ပဲ တရားစခန်းဝင်တာ ကုသိုလ်ရတာပေါ့။ ခုလိုလူငယ်တွေ ဘာသာတရား ကိုင်းရှိုင်းတာကိုလဲ ကြည်နူးမိတယ်”ဆိုပြီး ချီးမွမ်းနေကြလေရဲ့။ ဆယ်ရက်စခန်းပွဲ အစနေ့တွေမှာတော့ ဟောတရားနာလိုက် ရှုမှတ်ပွားလိုက်နဲ့ နေသားတကျပါပဲ။ ဝန်ထမ်းအများဆုံးပါတဲ့ ယောဂီတွေကြားမှာ နယ်ခံရွာခံ အမယ်အိုတွေကတော့ အတော်လေး အနေကျုံ့နေရရှာ တာတွေ့ရသေး။ ဆယ်ရက်ပြည့်တဲ့နေ့မှာတော့ ရေစက်ချတရားနာပြီး စခန်းသိမ်းပွဲလုပ်တော့ ကိုယ်တို့အားလုံးလဲ ကိုယ့်နေရာကိုယ်ပြန်ဖို့ လုံးပန်းရတော့တာပေါ့.။ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ နောက်နေ့ ရုံးတက်ရမှာမို့ နေ့လည်ဆွမ်းစားပြီးတဲ့အချိန် ဆရာတော် ဘုရားကို ခွင့်ပန်ကန်တော့ပြီး ပြန်ဖို့လုပ်ရတော့တာပေါ့။

ပစ္စည်းတွေသိမ်းနေရင်း ဘေးနားက အမယ်အိုနှစ်ယောက်က ဆေးပြင်းလိပ်လေး ဖွာရှိုက်ရင်းက “အင်း….ပြန်ကြတော့မှာပေါ့လေ….ဒို့များတော့ အသက်ရှင်သခိုက်လေး အားထုတ်လိုက်အုံးမလို့ နေရစ်ခဲ့မယ်ဟေ့……”လို့ ပြောနေတယ်။ နောက် ကျွန်မကို ကြည့်ရင်း “ကလေးက ဘယ်ရုံးကလဲ” လို့မေးတော့ ကျွန်မက ကိုယ့်ဝန်ကြီးဌာန နာမည်ကို ပြန်ဖြေရတယ်။

နောက်တော့ ခေါင်းတညိတ်ညိတ်နဲ့ “အင်း….ကလေးတို့ရုံးတွေ မဆောက်ခင်၊ မရောက်ခင်တုန်းကတော့ ဒို့များရွာက သိပ်သာယာ သပေါ့၊ ဒို့ဝိုင်းကလဲအကျယ်ကြီး ကိုင်းတွေကလဲများတယ်၊ အိမ်ကအဘိုးကြီးက သူကြီးလေ ဘုရားဒကာကျောင်းဒကာပေါ့၊ အရင်တုန်းက ဒီတောရကျောင်းလေးကို ငါတို့တွေပဲ ပစ္စည်းလေးပါး ထောက်ပံ့ခဲ့ရတာ၊ ကုသိုလ်တွေ မနည်းခဲ့ဘူး၊ ခုတော့ အဲဒီကိုင်းတွေအကုန်လုံး ကလေးတို့နေဖို့ အဆောင်တွေ၊ ရုံးတွေဆောက်ဖို့သိမ်းလိုက်ပြီ၊ ကိုင်းတွေကုန်ပြီ၊ အိမ်ဝိုင်းလဲပေ ၄၀-၆၀ အဝိုင်းတွေချပေးတဲ့ နေရာမှာ အိမ်ဆောက်နေရတယ်၊ ချွေးနဲစာနဲ့ လက်ကျန် အတွင်းပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ဆောက်ရတာကလား၊ အိမ်က သေးသေးရယ်ပဲ၊ ဘာဆက်လုပ်ရမှန်းလဲမသိပါဘူး…….” ဆိုတော့ ကျွန်မ အတော်ခံစားသွားရတယ်။

မနေနိုင်တဲ့အဆုံး ကျွန်မက “ဒါဆို အဘွားတို့ လျော်ကြေးရမှာပေါ့ ဘယ်လောက်ပေးလဲ” ဆိုတော့ “တစ်ဧက နှစ်သိန်းတဲ့ ၊ ဒို့များမြေကအများကြီးလေ ဆယ်ဧကကျော်တယ်။ နောက်ထပ် သိမ်းတဲ့အထဲမှာပါသွားတာလေ၊ ခုလုပ်နေတဲ့ တည်းခိုရိပ်သာတွေနားကပေါ့၊ လျော်ကြေးကလဲ ပေးမယ်ပေးမယ်နဲ့ ခုထိတော့မရသေးဘူး၊ စိုက်စားဖို့မြေလဲမကျန်တော့ဘူး”လို့ ရီဝေဝေမျက်လုံးတွေနဲ့ ငေးပြောပြောတယ်။

ကျွန်မက “သူများတွေကော လျော်ကြေးအပြည့်ရကြလား၊ အဘွားက ဆိုင်ရာကိုသွားပြောပေါ့၊ တစ်ဧကနှစ်သိန်းက နည်းနည်းလေးရယ်၊ ဒါကိုတောင် ချက်ချင်းမပေးတာ၊ သားသမီးတွေက ခုဘာတွေလုပ်စားကြလဲ”လို့ မေးတော့ အဘွားအိုက “အို ကလေးရယ် အများပဲဟာ ဒို့တဦးတည်း မရတာမှမဟုတ်တာ အားလုံးခံကြရတာပဲ ဝဋ်ကြွေးလို့ပဲ သဘောထားတယ်။ ဘယ်ကိုသွားပြောရမှာလဲကွယ်။ သားသမီးတွေအရင်က ကိုင်းစိုက်ယာစိုက်ပေါ့၊ ခုတော့ သားတွေက “ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူးအမေရယ် ဈေးပဲရောင်းတတ်တာ”ဆိုပြီး ဟင်းရွက်စိမ်းလေးတွေရောင်းတယ် ပန်းရံတွေလဲလိုက်လုပ်တယ် ခုတော့ဆိုက်တွေ တော်တော် နည်းသွားပြီ လမ်းပြင်တာလောက်ကလဲ လူလိုမှ အလုအယက်လိုက်လုပ်ရတာ။ လူပြည့်ပြီဆို အလုပ်ကမရတော့ဘူး၊ သမီးတွေက ပန်းရံလုပ် ကုန်စိမ်းရောင်း၊ သားတွေက ဆိုင်ကယ်တက်စီဆွဲဖို့လဲ ပိုက်ဆံကမရှိ ဆိုတော့ ကျပန်းတွေလုပ် စည်ပင်သာယာမှာ နေ့စားဆိုလားလုပ်တယ်၊ နေ့စားအလုပ်က တခါတလေမှ လုပ်ရတာ၊ ဒီကြားထဲ ကုန်စိမ်းရောင်းတယ်၊ ဈေးရောင်းတာကလဲ မလွယ်ဘူး၊ ဆိုင်ခန်းမရှိတော့ သတ်မှတ်တဲ့ ဈေးကောက်ပေးမှ ရောင်းရတာ၊ ဈေးကောက်နဲ့ မလွယ်ဘူး။ ဝန်ထမ်းအိမ်ရာတွေထဲလဲ လှည့်ရောင်းတာ မိရင်ဖမ်းတယ်တဲ့။ အိမ်း…. ဒို့လဲ ဘာတွေ လုပ်ကိုင်စားသောက်ပြီး အသက်ဆက်ရအုံးမလဲ မသိဘူးအေ၊ သေခါနီးနေတဲ့ ငါတို့ကအရေးမကြီးပေမယ့် သားသမီးတွေက ခုမှဘဝ စကြတုန်း သူတို့ရှေ့ရေး ရင်လေးတယ်အေ” လို့ပြောလေရဲ့။

စိတ်ကူးတည့်ရာ အသစ်တစ်ခုရဖို့ စတေးပေးရတဲ့သူတွေရဲ့ လည်ချောင်းသွေးတွေကို အာမခံချက် မပေးနိုင်တဲ့ အဖြစ်အတွက် နားရည်ဝနေတဲ့ သံစဉ်ခပ်ပဲ့ပဲ့တစ်ခုကို ပြန်ကြားနေရသလို မချိတင်ကဲ ဖြစ်နေရတယ်။ ကျွန်မလဲစိတ်မကောင်းဘူး၊ အခြေအနေတွေကို နားလည်ပေးထားရတာကိုပေါ့။ အဘွားအိုပြောတဲ့ ဝဋ်ကြွေးနဲ့ ပတ်သက်တာကိုလဲ ဆန်းစစ်နေမိပြန်တယ်။

အတွေးတစ်ခုရတာနဲ့ ကျွန်မက “အဘွားတို့ တခြားရပ်ရွာမှာ အမျိုးဆွေမရှိဘူးလားဟင်” လို့မေးတော့ “ဘယ်……မရှိဘူးအေ့ ကျုပ်တို့က ဒီမှာမွေး ဒီမှာကြီးတရွာလုံးက အမျိုးချည့်နေတာ ခုတော့တမျိုးလုံး ဒုက္ခရောက်တာ ဆိုတော့ ဘယ်သူ့ကယ်ခိုင်းရမလဲ” ဆိုပြီး ငေးရီရီမျက်လုံးတွေက မျက်ရည်လဲ့နေတာကို ကျွန်မတွေ့လိုက်ရတော့ တော်တော် စိတ်ထဲထိခိုက်လာရတယ်။

ဆေးလိပ်ကို တစ်ချက် ဖွာရှိုက်လိုက်ရင်းက အဘွားအိုက “ဒီလိုအချိန်ဆို အရင်တုန်းက တရွာလုံး ရှင်ပြုမင်္ဂလာနဲ့ ခြိမ့်ခြိမ့်သဲပေါ့အေ……ခုတော့ စားဖို့တောင် မနည်း ရှာကြံနေရတာ ဆိုတော့ မလုပ်နိုင်ကြတော့ဘူးလေ ငါတို့လိုလူအိုတွေအတွက် သူတို့တွေ မနည်းရှာဖွေပေးနေရတာ၊ ကလေးတွေက သိတတ်လို့ နောက်မဟုတ်ရင် ခွက်ဆွဲရမယ်……အိမ်း ကလေးတွေလဲ ကျန်းမာချမ်းသာကြပါစေလို့ အမြဲဆုတောင်းပေးနေမိတယ် ခုတရားစခန်းဝင်တော့လဲ ဆရာတော်ဘုရားက ဝန်ထမ်းတွေကို ဦးစားပေးရတော့တာပေါ့။ သူ့ကို ပစ္စည်းလေးပါးလှူတဲ့ ဒကာတွေ ဒကာမတွေကိုတော့ ကျေးဇူးပြုရတော့ ငါတို့မလဲ ဘေးရောက်နေရပြီ ခုလိုအချိန်တရား အားထုတ်စရာက ဒီကျောင်းလေးရှိတာကိုး ငါတို့ကတော့ ကျောတခင်းစာ အတော်ရှာရတာနော့ တရားအားထုတ်ချင်လို့သာ လာခဲ့ရရှာတာ ခုဆိုအိမ်မှာ ငါ့မြစ်ပေါက်စလေးတွေဆို အထိန်းအကွပ်မရှိနဲ့ ကျောင်းလဲ မထားနိုင်ဘူးလေ စားဖို့ကို တစ်အိမ်လုံးထွက်ရှာနေရသကိုး ငါမရှိတော့ အဲမြစ်ကလေးတွေလဲ ထိန်းတဲ့သူ မရှိဖြစ်နေတော့တာ မတတ်နိုင်ဘူးလေ၊ ရသခိုက်လေး ကိုယ့်အတွက် လုပ်ရဦးမှာမို့ မျက်စိမှိတ်လာခဲ့တာ…..” လို့ ဆက်ပြောနေတယ်။

ကျွန်မလဲ အားပေးနှစ်သိမ့်ပေးစရာ စကားစရှာနေမိပေမယ့် လည်ချောင်းတောင် ခြောက်နေတဲ့ အဖြစ်နဲ့မို့ အပြန်ခရီးအတွက် အသက်ကြီးသူတွေအားလုံးကို ဦးချကန်တော့ပြီး ပြန်လာရတော့တယ်။ လမ်းမှာလဲ ပိတောက်ပင်တွေမရှာမိတော့ဘူး။ နေကလဲ ပိုပူပြင်းနေသလိုပဲ..။ လက်ပြကျန်ရစ်ခဲ့တဲ့ အဘွားအိုမျက်နှာကိုပြေးမြင်နေမိတယ်………..။ နေတော်တော် ပူနေတယ်….။

အဆောင်ပြန်ရောက်တော့  ဝမ်းစာအတွက် မြို့မဈေးအပြေးသွားမိတယ်။ ကားပေါ်မှာ အမယ်အိုတစ်ယောက် ခြင်းတောင်းစုတ်လေး တစ်လုံးနဲ့ရယ်။ လက်ထဲမှာ တစ်ထောင်တန်လေး တစ်ရွက်နဲ့။ ဈေးတောင်းလေးအသာချပြီး ကားကြမ်းခင်းမှာထိုင်ပြီးမှိန်းနေတယ်။ ကြည့်ရတာဒီလိုကားတွေနဲ့ ခရီးမသွားဘူးတဲ့ပုံနဲ့  အန်ထားပုံရတယ်။ သူလဲ ဟိုအဘွားအိုတို့လို ဘဝတူတွေလား။ သားသမီးမရှိတော့ ရုန်းကန်နေရပုံရတယ်။

ဈေးရောက်တော့ ဟင်းရွက်သည်က အတော်လေးနည်းနေပြီ။ မိုးချုပ်စပြုနေပြီ။ လမ်းဘေးပလက်ဖောင်းမှာ ဟိုယောင်ဒီယောင်လုပ်နေတဲ့ ခပ်ငယ်ငယ်မိန်းကလေးသုံးယောက်လောက်က ကျင့်သားမရသေးတဲ့ ဟန်ပန် တစ်ခုကို မျက်နှာပြင်မှာ နေရာပေးထားတယ်။ ပါးမှာလဲ တတ်သလောက် မှတ်သလောက် ခြယ်သထားဟန်နဲ့ ဟန်ပန်မကျဖြစ်နေတယ်။ သူမတို့ မျက်ဝန်းတွေက တစုံတရာကို ဝမ်းစာအတွက်ရှာနေဟန်နဲ့ ဘဝတစ်ခုအပေါ် သစ္စာရှိစွာ ရုန်းကန်ဖို့ အသင့်အနေအထားတွေနဲ့။

Thanlwin Ain Mat ဆိုင်ကယ် တက်စီသမားတွေကလဲ မျက်ဝန်းချင်း ဆုံလိုက်တာနဲ့ ဘယ်သွားမလို့လဲဆိုပြီး အလုအယက် ဈေးခေါ်ကြတယ်။ ဝမ်းစာအတွက်ကိုး။ အားလုံးကို ခြုံကြည့်တော့ ကျွန်မ ဒီနယ်မြေမှာ နေထိုင် လုပ်ကိုင်နေရတာကို မသတီဖြစ်လာတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျထားတဲ့ နေရာအလုပ်အကိုင် အသိုက်အမြုံတွေ ပျက်စီးပြီးမှ ဖြစ်လာတဲ့ အဆောက်အဦးတွေကို ကြည့်ရင်း ရင်မှာ နာကျင်နေမိတယ်။ သူတို့သဘာဝ သူတို့ အိုးအိမ်လေးတွေ ပျောက်၊ ကံအကြောင်းမလှတဲ့ အခြေအမြစ်မရှိတဲ့ သူတွေအဖြစ် ဘဝပြောင်းပြီး မြို့တော်အင်္ဂါရပ်နဲ့ မညီညွတ်တဲ့ မလိုလားအပ်တဲ့ အာမခံချက်မရှိတဲ့ ဘဝတွေကို မျက်နှာလွှဲခဲပစ် လုပ်ပြီး ကိုယ့်ဝမ်းစာအတွက် ရှာကြံနေကြတဲ့ အသိုင်းအဝိုင်းကိုလဲ တော်တော်လေး စက်ဆုပ်မိနေတယ်။

ပိတောက်တွေလဲ မမြင်တဲ့ ဒီသင်္ကြန်ကတော့ ပြီးသွားခဲ့ပေမယ့် ကျွန်မကတော့ သင်္ကြန်ချိန်ခါရောက်တိုင်း အဲဒီနှစ်တုန်းက တရားစခန်းမှာ ဆုံခဲ့ကြားခဲ့ခံစားခဲ့ရတဲ့ အရာအားလုံးဟာတော့ ရင်ထဲစွဲကျန် နေရစ်တော့တယ်လေ။ သင်္ကြန်နဲ့ ပိတောက် ခွဲမရသလို၊ ပိတောက်မြင်တိုင်း ကျွန်မ ရင်ထဲ နှလုံးသားထဲမှာ ကာရံမလှတဲ့ ဘဝများစွာအတွက် အိပ်မက်ဆိုးလို တစ္ဆေခြောက်ခံနေရတာ ခုချိန်ထိပါပဲ။

ရပ်ဝေးမြေခြားမဟုတ်တဲ့ ကိုယ့်အမိမြေရဲ့ အထင်ကရနေရာ အသစ်တစ်ခုမှာ ဖြစ်ပျက်ကြုံတွေ့ကြရတဲ့ အမှန်တရားတွေဟာ မင်ရည်ဖြူဖြူနဲ့ ရေးထားတဲ့ စက္ကူဖြူစာတမ်း တော့မဟုတ်ဘူး။ ပုံပြင်လို့လဲ ပြောမထွက်ပါဘူးနော်။ စက္ကန့်မလပ်မရိုးနိုင်တဲ့ မျက်ရည်စတွေကို ခြေနဲ့ နင်းကန်လိုက်ပုံတွေကလဲ သိုသိုသိပ်သိပ်ပါပဲ……….။ “အများပဲလေ……။ အများပဲ……။ တစ်ယောက်ထဲ မဟုတ်ဘူးလေ……။ ဝဋ်ပေါ့……” ဆိုတဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ဒုက္ခဆိုတာ ပေါ်ပေါ်ထင်ထင် တွေ့ရမှ လူသိတတ်ကြပေမယ့် ဒီလို လူမသိသူမသိတဲ့ ဘဝဆိုးတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ကိုယ်ချင်းစာစိတ်နဲ့ ကူညီနိုင်ကြမလဲ ဆိုတာ ကျွန်မ ဝေခွဲမရပါဘူး။ အများပဲလေ ဆိုတဲ့ အမယ်အိုရဲ့ စကားကလဲ နားထဲ ပဲ့တင်ထပ်နေဆဲပါ……………။

ငွေအတွက် ဘဝပျက်နေရသူတွေ၊ ဘဝမပျက်သင့်ပဲ ပျက်နေရသူတွေ၊ ပညာတတ်ပေမယ့် အလုပ်လက်မဲ့ ဖြစ်နေရသူတွေ၊ အလုပ်ရှိပေမယ့် စားမလောက်၊ သောက်မလောက်ဘဝနဲ့ အကြွေး ပတ်လည်ဝိုင်းနေသူတွေ၊ ဘဝတွေအတွက် ကိုယ့်ဘဝကို ရောင်းစားခံထားကြရသူတွေ၊ အမြတ်ထုတ်ခံနေရသူတွေ၊ အာမခံချက်မရှိတဲ့ ပြည့်စုံခြင်းတွေကြား လုံးပါးပါးနေကြရသူတွေ… …….။

မျက်ကန်းတစ္ဆေ မကြောက်တော့သလို အဖြစ်ဆိုးကို သဘောတွေ့နေရသူတွေ၊ မချစ်သော်လည်း အောင့်ကာနမ်းနေရသူတွေ၊ နားလှည့်ပါးရိုက် ခံနေရသူတွေ၊ သကာလောင်းထားတဲ့ ပုံရိပ်ယောင်အပေါ် အတ္တတွေနဲ့ ခယနေကြသူတွေ…………သေချာတွေးလိုက်တော့  အားလုံး ဒုက္ခသည်တွေ ပါလားလို့လေ။ ကိုယ့်ကိုကိုယ်ရော မိတ်ဆွေတို့ ဘယ်လို သတ်မှတ်ပါသလဲ…..။ အာမခံချက်ရှိတဲ့ နိုင်ငံသားတွေ အဖြစ်လား။ ဒီလို သင်္ကြန်ခါထဲ ရောက်ပြီဆိုရင်ဖြင့် ၂၀၀၈ခုနှစ် သင်္ကြန်ပိတ်ရက်ရှည်က ကျွန်မ ကြားခဲ့ခံစားခဲ့ရတာတွေကို တစ္ဆေခြောက်သလို ပြန်ပြောင်းခံစားနေရပါပြီ……..။ မိတ်ဆွေတို့အားလုံးလဲ ဒီလို ဒုက္ခသည်တွေအတွက် နည်းလမ်းလေးများရှိရင် ဝေမျှပေးကြပါလို့………။

(မှတ်ချက်။ ၂၀၀၈ခုနှစ် သင်္ကြန်တွင်း နေပြည်တော်တွင် ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ခံစားချက် တစ်ခုအား မျှဝေခြင်းဖြစ်ပါသည်။)

ညနေဥာဏ်
သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း
အတွဲ၃၊ အမှတ်၂ (၂၀၀၉ခုနှစ် ဧပြီလ)

Friday, July 29, 2011

အချစ်မရှိသော ဒီနေ့စွဲများ


ခပ်ဝေးဝေးမှာ ငှက်တစ်ကောင်လား? နှစ်ကောင်လား?.... ခိုဖြူတွေမဟုတ်တာတော့ သေချာတယ်။

အိပ်မက်အစစ်လား? တကယ် ဖြစ်နေတာလား?

ခံစားလိုက်ရတာ တိုက်ရိုက် မဟုတ်တာတော့ သေချာပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားနောက် စိမ်းလန်းခြင်းဆိုတာပါ ဖြည့်စွက် နေကြပါလား။ ကြားမိတာပါ…. နားစွန်နားဖျား လက်တွေ့ မြင်တွေ့ရတာက တခြား။

ဘာပဲ ဖြစ်ဖြစ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတာထက်စာရင် မျှဝေ ပေးလိုက်ချင်ပါတယ်။ ခံစားပေးချင် ကိုယ်ချင်းစာချင်တဲ့ သူတွေအတွက်ပေါ့။ အားလုံးကတော့ သနားစရာတွေ့ရင် ကရုဏာသက်ဖို့တော့ ဝန်လေးကြမှာ မဟုတ်သလို ဒေါသထွက်စရာ ရွံစရာအနေအထားတခုကိုကော ဝေဖန်ကြဖို့ ဝန်လေးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါးစပ် ကိုယ် တန်ဖိုးထားကြတာကိုးနော့်။

တွေးရင်းနဲ့ မဲ့ပြုံးလေးတစ်ခု ကိုယ့်နှုတ်ခမ်းမှာ ဖန်ဆင်းပြီးသား ဖြစ်သွားတယ်။ အော်……..မိုးတိမ်သားတွေကလဲ ထူထပ်နေလိုက်တာ။ နေရောင်တောင် တိုးမပေါက်တော့ပါလား။ တိမ်စိုင်တွေကို သေချာကြည့်လိုက်တော့ အိုး….. အမည်တပ်ရ တော်တော်ခက်မယ့် ပုံရိပ်တွေ သဏ္ဍာန်တွေပါလား။ အဲလိုပဲ သူ့ထက်ငါ အပြိုင် လေလွင့်နေကြတာတွေကကော လောကကြီးကို ရည်ညွှန်းတာပါလား။

ကာလ အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်လိုက်ပြီးတဲ့နောက်…….ရင့်ကျက်မှုကို အရေခြုံ ဟန်ဆောင်မှုကို ရှေ့တန်းတင် ဝန်တိုမှုတွေကို ရင်ဝယ်ပိုက်လိုက်မိတာ ငွေကြေးဖောင်းပွမှုနဲ့ အပြိုင်ပါပဲ။

xxxxxxxxxxxxxxxxxxx

မှုန်ပျပျ အလင်းရောင်လေးက လမ်းပေါ်ကို ထိုးကျနေတယ်။ အဝေးတနေရာဆီက ညဥ့်ငှက်တစ်ကောင် အော်သံဖြတ်ကနဲ ကြားလိုက်ရတယ်။ တဖြည်းဖြည်း အဝေးက ကားတွေ ဆိုင်ကယ်တွေ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ အသံတွေ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ စာအုပ်တွေ လှန်လှောနေတဲ့ သူမ မျက်နှာလေးက ဝင်းပကြည်စင်နေတယ်။ ကရုဏာအပြည့်ပါတဲ့ ဟန်အမူအရာတွေကိုလည်း သူမအပြုအမူတိုင်းမှာ တွေ့ရတယ်။ ဒီနေ့ သောကြာနေ့။ မနက်ဖြန်ဆို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ။ သူမက ကလေးကို စိတ်ရှည်လက်ရှည် စာပြပေးနေတုန်း။

အိမ်က သားငယ်လေးရဲ့ ကျောင်းက အတန်းပိုင်ဆရာမဖြစ်တဲ့သူမကို ကျွန်တော် ရင်းနှီး လေးစားမိနေတာ ကြာပါပြီ။ အိမ်မှာ အိမ်သူကလည်း သူ့အလုပ်နဲ့၊ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ ဆိုတော့ သားငယ်ရဲ့ ပညာရေးကို သူ့ဆရာမလက်ထဲ ဝကွက်အပ်ထားရတာ။ ဆရာမလေးကလည်း အတော်စေတနာ ကောင်းရှာတယ်။ အခုလိုသောကြာနေ့ဆို သူမက ကျွန်တော့်သားငယ်လေးကို အချိန်ပိုပေးပြီး စာပြတတ်တယ်။

အခု စာမေးပွဲကြီးနီးလာတော့ သားငယ်လေးကို စာမေးပွဲအတွက် ပိုပြီး အားသွန်ခွန်စိုက် သင်ကြား ပြသပေးနေလေရဲ့။ သူမ လက်ချောင်းတွေက သားငယ် တွက်ထားတဲ့ ပုစ္ဆာတစ်ပုဒ်ကို စစ်ဆေးပြီး သားငယ်ကို အမှားတွေ ပြန်ရှင်းပြနေလေရဲ့။ သူမက ကျွန်တော်တို့ အိမ်နဲ့ မျက်စောင်းထိုး တစ်အိမ်ကျော်မှာ နေတာဆိုတော့ အိမ်ပြန်ခရီးကလဲ မပူမပင်ရဘူးပေါ့။

အမေတစ်ခု သမီးတစ်ခုဘဝနဲ့ သူမဟာ တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တစ်ယောက်။ သူမလည်တိုင်မှာ စိန်ပွင့်လေးတွေနဲ့။ လက်ချောင်း တချို့မှာလည်း ရတနာတွေက နေရာယူထားတယ်။ အပြင်အဆင်ကလည်း ခေတ်မီ အထက်တန်းကျကျပါပဲ။ အခုလို ရန်ကုန်မြို့စွန် ဆင်ခြေဖုံးက အလယ်တန်းပြ ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ သူမဟာ ရတဲ့လခအပြင် အပိုဝင်ငွေကလည်း မဆိုစလောက်လေးပါ။ သူမအပြင်အဆင်က သူမ လခကော အပိုဝင်ငွေထက်ပင် များနေသလားလို့။ ကျွန်တော် တွေးနေမိတယ်။ ရှင်းရှင်းပြောရရင်တော့ သားငယ်ရဲ့ဆရာမဖြစ်တဲ့ သူမကို ကျွန်တော်လေ့လာ နေမိတာပါ။

ဒီလိုနဲ့ သားငယ်စာမေးပွဲကြီး ဖြေပြီး ကျောင်းပိတ်တဲ့တစ်ရက်မှာ ဇာတိမြို့က ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ငယ်ပေါင်းတချို့ အိမ်ကိုအလည်ရောက်လာတယ်။ ကျွန်တော့်ကိုလဲ အားတဲ့ တစ်ရက် သူတို့မပြန်ခင် ကျွန်တော့်ကို သူတို့အတွက် အချိန်ပေးပါလို့ တောင်းဆိုကြတယ်။ ကျွန်တော်လည်း အလုပ်ကလွဲပြီး ဘယ်နေရာမှ မသွားဖြစ်တာ ကြာပြီဆိုတော့ သူတို့ မပြန်ခင်တစ်ရက်တော့ ဘီယာဘား တစ်ခုလိုက်ပို့ပေးဖို့ ကတိပြုလိုက်ရတယ်။

အဲဒီနေ့ ညနေခင်းလေးက အတော်သာယာတယ် ပြောရမယ်။ ကျွန်တော့်ဘော်ဒါတွေနဲ့ အခုလို အပြင်ကို လွတ်လွတ်လပ်လပ် ထွက်ခွင့်ရတော့ ငယ်ဘဝကို ပြန်ရောက်သွားသလို ကျွန်တော့် အသက်တွေ ဆယ်ကျော်သက်ပေါ့ဗျာ။ ဒီကောင်တွေက ကျွန်တော့်ထက် အသွက်တွေဆိုတော့ ဘီယာဘားရောက်တာနဲ့ လွတ်လပ်မှုကို အပြည့် ခံစားဖို့ စည်းစိမ်ယူကြတော့တယ်။ မီးရောင်အောက်မှာ ကချေသည်တွေကလည်း သူတို့ ရဲ့ ကြေးစားဘဝကို ခုံမင်ပျော်ရွှင်နေကြတယ်။

ကျွန်တော်လည်း ရစ်ရွှေရည်ကို တမြုံ့မြုံ့နဲ့စုပ်ကောင်းတုန်း ဘေးနားက ရနံ့တစ်ခုကြောင့် စိတ်လှုပ်ရှားမိသွားပြီး စောင်းငဲ့ကြည့်လိုက်မိတော့ ဘေးတိုက်အနေအထား ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရရင်ပဲ အသက်ရှူ တခဏရပ်သွားမိလေရဲ့ဗျာ။ ကျွန်တော့် အကြည့်က စက္ကန့်သုံးဆယ်လား မိနစ်သုံးဆယ်လား သေချာတော့ မမှန်းမိဘူးဗျ။ အတော်ကြာတဲ့ ကျွန်တော့် အကြည့်ကြောင့် ဘေးတိုက် ပုံရိပ်လေးဟာ သူမအဖော်ဘက် တွတ်ထိုးနေရာက ကျွန်တော့်ကို လှည့်ကြည့်လာပါတယ်။ အဲဒီမှာ…...အဲဒီမှာပေါ့ဗျာ။

“အို……ဟင်”

အာမေဋိတ် စကားသံ သူမနှုတ်ခမ်းဖျားက ထိန်းမနိုင်သိမ်းမရ ဖိတ်ကျလာပုံရတယ်။

ကျွန်တော့်မျက်ဝန်းကို သူမမျက်ဝန်းအစုံက အံ့သြမှု ရှက်ရွံ့မှု သိမ်ငယ်မှု ဝမ်းနည်းမှု.. နောက်ထပ် အမည်တပ်ဖို့ ခက်မယ့်ခံစားမှုများစွာနဲ့အတူ ရွှန်းရွှန်းစားစား ကြည့်နေတယ်။

သူမတကိုယ်လုံးကို ကျွန်တော်အခုမှ အသေချာကြည့်မိတော့ အပြင်အဆင်က ဘီယာဘားရဲ့ အဖြည့်ခံ တစ်ယောက်ပုံစံနဲ့။ သူမလက်ထဲမှာ သူမအဖော်အတွက် သူမထည့်ထားတဲ့ ရစ်ရွှေရည်ခွက်ကလေးလား။ သူမကိုယ်တိုင်ကတော့ အနည်းငယ်ဇိမ်ကျ နေပုံပါ။ ကျွန်တော့်ကို စူးစိုက်ကြည့်ရင်းက သူမ ကျွန်တော့်အနား ဖြတ်ကနဲကပ်လာတယ်။

ကျွန်တော့်နားနား သူမနှုတ်ခမ်းဖျားတွေက တစုံတရာကိုပြောပြီး သူမအဖော်လက်ကိုတွဲ ချာကနဲ ကျွန်တော့်အနားက ပျောက်ကွယ်သွားတော့တယ်။

အိမ်အပြန်လမ်းမှာ ကျွန်တော် စိတ်ရှုပ်ထွေးနောက်ကျိစွာနဲ့ တစုံတရာကို လျှို့ဝှက်ထား ရတဲ့ဝေဒနာကို အသည်းအသန်ခံစားလာရတယ်။ သူမရဲ့ တိုးသက်ညင်သာတဲ့ စကားသံလေးက ကျွန်တော့် အိပ်မက်ထဲ နေရာယူနေပါတော့တယ်။

သူမစကားလေးက…….“ဘယ်သူ့ကိုမှ မပြောပါနဲ့နော်……..”တဲ့။

အဲဒီညနေခင်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ အိမ်အပြန်လမ်းမှာ မီးတွေမှောင်လို့။ လေကြမ်းကလဲ တဖြည်းဖြည်းထန်လို့။ အိမ်ရောက်တော့လဲ ငြိမ်သက်လွန်း တဲ့ပတ်ဝန်းကျင်မှာ ကျွန်တော် တစ်ယောက်တည်း ကြောင်တောင်တောင်ရယ်။

အိမ်မြှောင်စုတ်ထိုးသံ သဲ့သဲ့ကြားတော့ အဝေးက ကားမီးရောင်လေးကိုမြင်ရင်း ငေးနေမိပြန်တော့ သူမလေ…သူမပေါ့။ ကားပေါ်ကဆင်းပြီး သူမအိမ်ထဲဝင်သွား လေရဲ့။

ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ရောင်နီကပျို့နေပြီ။ အရုဏ်တက်တဲ့မနက်ခင်းက မင်္ဂလာရှိတယ်တဲ့။ ရှေးလူကြီးသူမတွေပြောတာ ကြားဖူးပေမယ့် အခုတော့ ညဥ့်ငှက်က အိပ်တန်းတက်ဖို့ထက် ဝမ်းစာရှာနေတုန်း။

……….

တစ်သက်မှာ တစ်မင်္ဂလာတဲ့။ သမီးတစ်ကောင် နွားတစ်ထောင်တဲ့။ ကျွန်တော့်ဆီမှာလဲ နောက်ထပ် သမီးကြီးတစ်ယောက်ရှိသေးတော့ သူမအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာပေါ့ဗျာ။ တနေ့ထက်တနေ့ ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းနဲ့အညီ ကျွန်တော်ရုန်းကန်ရတာလဲ တနင့်တပိုးပါပဲ။ အိမ်မှာက အိမ်သူကော ကျွန်တော်ကောအလုပ်တွေ တက်ညီလက်ညီ လုပ်နေတာ တောင်မှ အိမ်စားရိတ်ကာမိရုံရယ်လေ။ အရေးထဲ သမီးကြီးက အခု တက္ကသိုလ်တက်နေပြီ။ ခပ်ချောချောမိန်းကလေးတို့ရဲ့ ထုံးစံအတိုင်း ရည်းစားသနာ ကတော့ များတာပေါ့။ ခေတ်မီတဲ့ဖက်ရှင်ဆန်းတွေကိုလဲ သမီးက စိတ်ဝင်စားလေတော့ တဦးတည်းသောသူမအတွက် ကျွန်တော်တို့မိဘနှစ်ပါးက အင်တိုက်အားတိုက်ရှာကြံ ဆင်ယင်ဖြည့်တင်းပေးရတာပေါ့။

သူမကလဲ အတော်လေးလိမ္မာတာပါပဲ။ စာတော်သလို အရှုပ်အရှင်းလဲကင်းသူမို့ သူ့အမေက ဖူးဖူးမှုတ်ထားတယ်။ ရပ်ကွက်ထဲမှာလဲ သမီးက စူပါစတားပေါ့။ ဆယ်ကျော်သက်ရွယ်တူတွေထဲမှာ ဝတ်နိုင်စားနိုင် ပြင်နိုင်ဆင်နိုင်ဆိုတော့ အများတကာ ငေးမောရှုချင်ဖွယ်ရာထဲမှာပါတယ်လေ….။ သူ့အမေကလဲ သူ့သမီးအတွက် ဆို ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ဖြည့်ဆည်းပေးဖို့အသင့်. ။

တက္ကသိုလ်တက်တော့ နည်းပညာတက္ကသိုလ် တက်ခွင့်ရတယ်။ မိဘနှစ်ပါးကတော့ ပျော်တပြုံးပြုံးပါတဲ့ဗျာ။ မျိုးဆွေထဲမှာလဲ တစ်ယောက်တည်း ထွန်းပေါက်တာကလား။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အထိတော့ သမီးကအေးဆေးပါပဲ။ စတုတ္ထနှစ်လဲရောက်ကော ကျူရှင်တဲ့။ တက်လိုက်ရတဲ့ကျူရှင် သိန်းကျော်ချည်း။ ဘီအီးပါဖို့ဆိုလား တက်ရတာတဲ့။ အော် တက်ပေါ့။ ရှာပေးလိုက်ရတဲ့ငွေ သောက်သောက်လဲ။ အင်း တဖြည်းဖြည်း ပြီးတော့မယ် ဆိုပြီးတောင့်ထားတာ။ နောက်ဆုံးနှစ်ဖြေပြီး သွားမှ ဟင်းချနိုင်တယ်။

အမောပြေဖို့ကြံကာရှိသေး။ သမီးက နိုင်ငံခြားမှာ ပညာတော်သင်သွားချင်ပါတယ်တဲ့။ အော်……ခေတ်မီတဲ့ပညာတွေကို ခေတ်နဲ့အမီ အသုံးချချင်မှာပေါ့ဆိုပြီး လွှတ်ဖို့ ငွေထုတ်ပေးရပြန်တယ်။ တိုဖယ်လ်ဆိုလား အိုင်အီအယ်လ်တီအက်စ်ဆိုလား ဖြေသေးတယ်။ တစ်ခါနဲ့အဆင်မပြေလို့ သုံးခေါက်။ တစ်ခါဖြေရင် ဒေါ်လာနဲ့သွင်းရတယ်။ အင်း…….အမြင့်ရောက်ဖို့တော့ ရင်းရမှာပေါ့ဆိုပြီး ရှာပေးရပြန်။

ဒီလိုနဲ့ စင်္ကာပူမှာ ကျောင်းတက်ခွင့်ရပါပြီတဲ့။ သူ့သူငယ်ချင်းလေးတွေပါ အတူသွားရတော့မှာ ဆိုပြီးပျော်နေတဲ့သမီးကို ကျွန်တော် အမောပြေ ကြည့်နေရတယ်။ သမီးရဲ့ အမေကတော့ တွေ့သမျှ ကြုံသမျှလူတွေက သမီးအကြောင်း မမေးလိုက်နဲ့။ အိုး နိုင်ငံခြားမှာ ပညာတော်သင်သွားရမယ်ဆိုပြီးကြွားနေလိုက်တာများ နားတောင်ရှက် လာရတယ်။ အမေဆိုတော့လဲ ဂုဏ်ယူချင်ရှာမှာပေါ့ ဆိုပြီး နားလည် ပေးထားလိုက်ရတယ်။

လေယာဉ်ကွင်းဆင်းတော့ မိခင်ခမျာငိုရှာတာ။ သမီးလေးကတော့ ငိုပျော်လေးပျော်လို့။ အချိန်ကလဲ တရွေ့ရွေ့ကုန်ရင်း တစ်နှစ်ကနေ နှစ်နှစ် သုံးနှစ်ပြည့်တဲ့နေ့မှာ သမီးဆီက သတင်းရတယ်။ သူ လက်ထပ်တော့ပါမယ်တဲ့။ သူမ ငယ်ချစ်နဲ့ပါပဲတဲ့။ ကျောင်းအတူတက်ရင်း သံယောဇဉ်ပိုသွားလို့ အခုဆို ဟိုမှာ အတူနေနေပါပြီတဲ့။ သမီးတို့ အဲဒီမှာပဲ လက်မှတ်ထိုးဖြစ်မှာမို့ လှမ်းအကြောင်းကြားတာပါတဲ့။ သမီးရဲ့ ကောင်လေးမိဘတွေက သူတို့ သားအတွက် ကုန်ကျထားတာတွေ မကျေသေးလို့ သမီးအတွက် မင်္ဂလာပွဲမလုပ်ပေးနိုင်ပါဘူးတဲ့။ အဲဒါကြောင့် သမီးတို့ နှစ်ဦးသဘောတူလက်မှတ်ထိုးကြမှာမို့ လှမ်းအကြောင်းကြားတာပါတဲ့။ ကောင်းရော…။

မိခင်ကတော့ ငိုကြွေးပူဆွေးပေါ့။ ဒါပေမယ့် ပတ်ဝန်းကျင် ကိုတော့ သမီးလေးက ငွေ ဘယ်လောက် ပို့တယ်။ ဘာတွေ သင်နေတာ။ ဘာတွေလုပ်နေတာ။ အလုပ်မအားလို့ မပြန်လာနိုင်တာ ဘာညာနဲ့ မိုးမွှန်အောင်ကြွားနေရသေးတာ။

အင်း မိဘ မိဘ။ နားလည်မှုအပေါင်းသရဖူဆောင်းပြီး ခန္တီပါရမီ ရင့်သန်နေတဲ့ လူတွေကတော့ မိဘတွေပဲ ထင်ပါတယ်လေ။ အခုဆို သမီးလေးထွက်သွားတာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်နေပြီ။ စာတွေ ဖုန်းတွေတော့ လာပေမယ့် သမီးလေးဆီက “ဖေတို့အဆင်ပြေလား” ဆိုတဲ့ မေးခွန်း မကြားဖူးသေးတာ အမှန်ပဲ။ ဘာတွေလုပ်နေတယ် ဘာတွေ ဖြစ်နေတယ် ဆိုတာ အသေးစိတ် မသိရပေမယ့် သမီးလေး အဆက်သွယ် လုပ်နေတာကိုပဲ ဂုဏ်ယူရမလိုပေါ့။

မိခင်ဖြစ်သူကို သမီးအကြောင်းပြောမိတော့ ဘာပြောတယ်မှတ်လဲ။ “တော်သေးတာပေါ့ရှင် သမီးလေးရဲ့ ကျောင်းနေဖက် တစ်ယောက်ဆို အခြေအနေ အတော်ဆိုးတာ။ သူ့ရည်းစား ဟိုကုမ္ပဏီ ပိုင်ရှင်ကောင်လေးနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခါနီးမှာမှ တခြားကောင်လေးတစ်ယောက်နဲ့ တွဲရင်း အဲဒီကောင်လေးကို လက်ထပ် ယူလိုက်တာ။ အဲဒီကောင်မလေးက အရင်ရည်းစားနဲ့ ကိုယ်ဝန် ပါလာတာလေ။ အခုယူထားတဲ့ ကောင်လေးက သူ့ကလေးပဲထင်နေတာ။ အဲလိုအဖြစ်မျိုး သမီးလေးမကြုံတာပဲ ကျေးဇူးတင်ရမယ်ရှင့်။ နောက် ဟိုတစ်ယောက်ဆိုလဲ အင်တာနက်ကနေ တွေ့ပြီး ချစ်တာ။ အဲလူက လိုအပ်တာတွေ ဖြည့်ဆည်းပေးတာကို သာယာနေတာ။ နောက်မှ အဲဒီလူက အိမ်ထောင်တွေ ဘာတွေနဲ့ ဆိုတာသိရတာ။ သိရပေမယ့် လွန်နေပြီလေ။ ယူလို့လည်း မဖြစ်။ အဲလိုတွေက ရှိသေးမဟုတ်လား။ ကျွန်မသမီးလေးအတွက် ကျွန်မ စိတ်ချမ်းသာပါတယ်။ အခုခေတ် မိန်းကလေးတွေရဲ့ အချစ်ကိစ္စတွေက အတော်ရှုပ်သားကလား။ အဲဒီထဲမှာ သမီးလေးအဖြစ်က ကောင်းပါသေးတယ်တော်” ပြောနေရင်းက လှည့်ထွက်သွားတဲ့ အိမ်သူကို ကြည့်ရင်းက ကျွန်တော်အပြုံးမဲ့မဲ့တစ်ခုနဲ့ ကျန်ရစ်ခဲ့ရပါတယ်။

သူမ မသိသေးတဲ့ ဟိုတစ်ယောက်အကြောင်းကို သိရင် သူမ ဘာတွေပြောဖြစ်မလဲ ကျွန်တော် မစဉ်းစားကြည့်တော့ဘူး။ လမ်းပေါ်ကိုကြည့်လိုက်တော့ တံလျှပ်တွေနဲ့ လမ်းမမည်းမည်းပေါ်မှာ သစ်ရွက်ခြောက် တစ်စ လေထဲ လွင့်သွားလေရဲ့။ ကောင်းကင်မှာ ငှက်လေးတွေလဲ တူစုံ မပျံကြတော့ဘူး။ နေ အတော် ပူတာကိုး။
ညနေဥာဏ်

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း

အတွဲ၃၊ အမှတ်၎(အောက်တိုဘာလ ၂၀၀၉ခုနှစ်)


Wednesday, July 27, 2011

ခြတောင်ပို့


တချွတ်ချွတ်နင်းလာသော ခြေသံကြောင့် အလန့်တကြား ဖြစ်သွားရသည်။ ခေါင်းအုံးအောက်ထဲ လက်နှိုက်ပြီး သော့တွဲကိုစမ်းမိသေးသည်။ တော်သေးရဲ့ ရှိသေးသား။ အမှောင်ထဲကျင့်သားရနေသော မျက်လုံးတစ်စုံအားကိုးဖြင့် ခြေသံလာရာကို မှန်းဆကြည့်မိသည်။ လားလား.... သားကြီး သြရဿပါလား။ ဒင်း ကတုန်ကယင်ဖြစ်နေတဲ့ လက်တစ်စုံနဲ့ ကျွန်မခေါင်းအုံးကို စမ်းနေသေးသည်။ ကျွန်မ လူးလွန့်လိုက်သဖြင့် တွန့်ဆုတ်ကာ နောက်ကြောင်းလှည့်ဟန်ပြင်သည်။ သို့ပေမယ့် မှန်ခုံပေါ်က ပိုက်ဆံအိတ်ထဲ လက်ထိုးကာ အထုပ် တစ်ထုပ် ဆွဲထွက်သွားသည်။

သက်ပြင်းရှည်ဆွဲရင်း ကျွန်မစိတ်တို့ နောက်ပြန်လည်သွားသည်။

ကိုသက်မောင် ရှိစဉ်က ကျွန်မတို့မိသားစု အတော်ပင် ပျော်ရွှင်ခဲ့ရသည်။ ကိုသက်မောင်သည် တပ်မတော်မှ ဆေးပင်စင်အနားပေးခံရကာ ဝန်ကြီးဌာနတစ်ခုမှ အင်ဂျင်နီယားမှူးကြီးအဆင့်ရှိသူဖြစ်သည့် အားလျော်စွာ သူ့အရှိန်အဝါဖြင့် ရရှိခဲ့သော အပိုဝင်ငွေ ရပိုင်ခွင့်တွေက မနည်းလှ။ ရေလှောင်တမံစီမံကိန်း၊ လမ်းတံတားစီမံကိန်းများကလည်း အခါမလပ် ရှိနေသောကြောင့် စီမံကိန်းတစ်ခု တစ်ခု ပြီးလျှင် ကျွန်မတို့မိသားစုလက်ထဲ မရဘူးဆိုလျှင် မုန့်ပုံးတစ်ပုံးစာမျှ ရွှေများ ပိုင်ဆိုင်နိုင်ခဲ့သေးသည်။ ကိုသက်မောင်ရာထူးအရ မိုဘိုင်းဖုန်း၊ အိမ်ဖုန်း၊ မြေကွက်များလည်း မရှားပေ။ တပ်မတော်တွင် တပ်ရင်းမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်စဉ်က ရရှိခဲ့သည့် ဈေးဆိုင်ခန်း၊ မြေကွက်၊ ဖုန်း၊ ရွှေငွေရတနာများ နှင့် ငွေလုံးငွေရင်းများကလည်း အလွန်များပြားသည်။

သို့ဖြစ်၍ ကျွန်မတို့မိသားစုသည် မတောင့်မတ မကြောင့်မကြ ဆင်းရဲခြင်းမှ ကင်းဝေးခဲ့ရသော ရွှေအိုရောင်နေ့ရက်များကို ဇိမ်ဖြင့် ဖြတ်သန်းခဲ့ရသည်။ မကြာသေးသော ကာလအပိုင်းအခြားတစ်ခု၌ ကိုသက်မောင်သည် သွေးတိုးရောဂါဖြင့် ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် တိမ်းပါးသွားခဲ့သည်။

ယင်းကာလနောက်ပိုင်း ကျွန်မနှင့်အတူ ကျန်ရစ်ခဲ့သော သားနှစ်ယောက်မှာ ၎င်းတို့ဖခင်ရှိစဉ်က မြေတောင်မြှောက်ပေးခဲ့သော အသုံးအဖြုန်းကြီးခြင်း၊ ငွေတန်ဖိုးမသိခြင်း၊ ရေပေါ်ဆီလူနေမှုစရိုက် အပြည့်ဖြင့် ဆက်လက်ရှင်သန်လာခဲ့ကြသည်။ ကျွန်မအနေဖြင့် ကိုသက်မောင်ချန်ထားရစ်သော အတွင်း အပြင် ပိုင်ဆိုင်မှုများစွာဖြင့် ဘဝရဲ့ ကျန်အစိတ်အပိုင်းကို တည်ငြိမ်အေးဆေးစွာ ဖြတ်သန်းချင်ပါသော်လည်း သားနှစ်ယောက်၏ မပြည့်ဝသော ကိုယ်ရည်ကိုယ်သွေးများ အကျင့်စာရိတ္တများကို မျက်ကွယ်ပြုထား၍ မရ။

သားကြီး သြရဿမှာ ယာဘ ခေါ် စိတ်ကြွဆေး စွဲနေပြီး သူ၏ အပေါင်းအသင်းများမှာလည်း ယနေ့ခေတ်အာဏာပိုင်အဖွဲ့အစည်းများတွင် ရာထူးကြီးသူများ၏ သားသမီးများဖြစ်လေသောကြောင့် သူ့တစ်ရက် အသုံးစရိတ်မှာ သိန်းဂဏန်း ရှိသည်။ ဘဝရဲ့တိုးတက်မှုကို ဘယ်သို့သော နည်းလမ်းများဖြင့် ရှာကြံမည်.. ဘဝကို မည်သို့မည်ပုံဖြတ်သန်းမည်.. လူ့လောကနဲ့ ဝန်းကျင်ကို မည်သို့ အကျိုးပြုမည်.. အစရှိသည့် အတွေးအခေါ်ရည်ရွယ်ချက်များ စိုးစဉ်းမျှမရှိ။ တနေ့တာတွင် ယာဘ မည်မျှချမည်၊ မည်သူနှင့် ကလပ်တက်မည်၊ မည်သည့် အဆိုတော်ရှိုးပွဲ သွားကြည့်မည် စသည့် ဗာဟီရကိစ္စများဖြင့်သာ ဘဝ၏ တောက်ပသော နေ့ရက်များကို မှေးမှိန်စေအောင် ကြံဆနေသည်သာ။

သားငယ် နိဂုံးသွေးမှာလည်း ထို့နည်းတူ။ ယနေ့ခေတ် လူငယ်ရေပေါ်ဆီများ၏ ဓလေ့ထုံးတမ်းများဖြင့်သာ ပျော်မွေ့နေတတ်သူ။ ထိုသားနှစ်ယောက်၏ မိခင်ဖြစ်ရသော ကျွန်မဘဝမှာ အသက်ရှင်လျက် သေနေသူကဲ့သို့ပင်။

ယခုမူ သားကြီးသည် သူ့မူးယစ်ဆေးသုံးစွဲရန်အတွက် လိုအပ်သည့်ငွေကြေးမှာ ကျွန်မပေးသော ငွေကြေးထက်ပင် ပိုလာသဖြင့် လိုငွေပြနေသော သူ့အသုံးစရိတ်အတွက် ကျွန်မလက်ထဲသိမ်းဆည်းထားသည်များကို သူခိုးသူဝှက်ပုံစံဖြင့် နှိုက်တတ်နေပြီ။

ကိုသက်မောင်၏ ပေါပေါရသော အဂတိလောင်းရိပ်အောက်က ပိုင်ဆိုင်မှုများစွာသည်လည်း သူ့ရင်သွေးနှစ်ယောက်လက်ချက်ဖြင့် လုံးပါးပါးလျက်။ ကျွန်မသည်လည်း အထီးကျန်ခြင်းကို ဖြေသိမ့်ရန် ကိုသက်မောင်ချန်ထားရစ်သော ဥစ္စာများဖြင့် အလှဆင်လျှက် မင်းပွဲစိုးပွဲများ တက်ခြင်း၊ ဈေးထဲရှိ ဆိုင်ခန်းတွင် ဆိုင်ထိုင်ရင်း ဆိုင်နီးချင်း ယောက်ျားဖော်များဖြင့် အချိန်ဖြုန်းခြင်းများဖြင့် ဖြေဖျောက်တတ်လာပြီ။

တရံတခါမျှ မတောင့်တဖူးသော အရာတချို့ကိုလည်း ရင်းနှီးခုံမင်လာပြီ ဖြစ်လေသည်။

x x x

ခြင်ထောင်အပြင်ဘက် အမှောင်ထုအတွင်း ဝီခေါ်နေသော ခြင်ကျားများအသံကြောင့် အိပ်မရဖြစ်နေသည်မှာ ဤအိမ်တွင် စအလုပ်ဝင်သည့်နေ့ကတည်းကဖြစ်လေသည်။ ယနေ့ညလည်း ယခင်ညများနည်းတူ ခြင်သံများကြား လူးလွန့်နေမိပြန်သည်။www.thanlwin.com ချွတ်ချွတ်နင်းလာသောခြေသံသည် အိမ်ရှင်အဒေါ်ကြီးအိပ်ခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ တအောင့်ကြာလျှင် ခြေသံသည် သူမအိပ်ရာသို့ ဦးတည်လာနေပြန်လေပြီ။

မကြာခင် ခြေသံရှင်သည် သူမအိပ်ယာအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာကာ ညဥ့်နက်ရမ္မက်ပြင်းပြင်းကို အဆိပ်အပ်နှင့်ထိုးသွင်းရန် ကာယကံမြောက် ကြံစည်နေလေသည်။ သူမသည် ပုံသေနည်းတစ်ခုအား အလွတ်ကျက် အသေမှတ်ပုံစံဖြင့် အခြေအနေအရပ်ရပ်ကို ရင်ဆိုင်လက်ခံနေရသူ ဖြစ်သည်။ ပုံရိပ်တချို့မှာ ထပ်တူကျခြင်း မှန်ကန်ခြင်းထက် အရေးကြီးသော ဖြစ်သင့်စွမ်းတစ်ခုကြောင့် သူမဘဝသည် ရှင်လျက်ဖြင့် သေခြင်းကို လက်ခံနေရသည်။ ထိုသို့လက်ခံပြီးနောက် သူမသည် သူမမိသားစုကို ပြန်လည်ရှင်သန်စေပြန်သည်။

ဆောင့်ကနဲ ထထွက်သွားသော ခြေသံရှင်၏အပြုအမူကြောင့် သူမသည် အတွေးရေစုန်မှ ပြန်ဆန်တက်လာမိသည်။ သူမလက်ထဲတွင် ဆုပ်ကိုင်ထားသောအရာအား ဖြေလျော့ကြည့်လိုက်သောအခါ ပုံမှန်ပမာဏဖြစ်သော ထောင်တန် ငါးရွက်သာ။ စိတ်တွင်းတွက်ချက်မှုတစ်ခုကို ချက်ချင်းပြုလုပ်မိလိုက်လေသည်။

ထို့နောက် စိတ်ထဲမှ “အင်း... ဒါနဲ့ပါဆို လေးသောင်း ငါးထောင်” လို့ မသိမသာရေရွတ်မိသည်။

မကြာခင် သူမ မေမေ အတွက် ဆေးဖိုးအကြွေးကို ပြန်ဆပ်နိုင်ပေတော့မည်။ သူမတို့ အိမ်လေး ဓနိမိုးနိုင်ပေတော့မည် စသည့် အတွေးလန်းလန်းများဖြင့် သူမနွမ်းနယ်နေရသမျှကို ဖြေဖျောက်နိုင်ခဲ့လေသည်။

စိတ်ကိုပြန်စုစည်း၍ သူမအိပ်ရာနံဘေးရှိ ဆေးပုလင်းထဲမှ ဆေးတစ်ပြားကို ရေဖြင့်မျှောချလိုက်သည်။ ဤညအတွက် သူမတာဝန်သည် ဆုံးခန်းတိုင်ခြင်း ဖြစ်ပြီ။

x x x

ဝေဝါးနေသော ရှုခင်းမှုန်ပျပျအောက်တွင် ခမ်းခြောက်သောမျက်ရည်စတချို့ သူမမျက်ဝန်းမှ အငွေ့ပျံသွားသည်။ တောအုပ်တနေရာရှိ ဤဒုက္ခသည်စခန်းသို့ သူမရောက်လာသည်မှာ တစ်နှစ်နီးပါးရှိပြီ။

သူမ မိခင်နေအိမ်ရှိရာ ကရင်ရွာလေးသို့ သူမအလုပ်ရှိရာမြို့မှ အလည်တခေါက်ပြန်ရောက်ချိန်တွင် စစ်တပ်မှ ရှင်းလင်းရေးစစ်ဆင်မှုတစ်ရပ်ကြောင့် စစ်ပြေးဘဝသို့ တမုဟုတ်ချင်း ရောက်ရှိခဲ့ရသည်။
စစ်ပြေးရာလမ်းတလျှောက် သူမမိခင်မှာ ငှက်ဖျားအပြင်းအထန် ခံစားရသည်။ နောက်ဆုံး ဤစခန်းအရောက်တွင် မိခင်ဘုန်းဘုန်းလဲသည်။ ငါးလအကြာတွင် ရုတ်တရက်တိမ်းပါးခဲ့ရသည်။ အနေအစား ဆင်းရဲမှုထက် ရှင်သန်မှုပျောက်ဆုံးနေတဲ့ ရင်တွင်းမျှော်လင့်ခြင်းအိပ်မက်များစွာအတွက် ဝမ်းနည်းခဲ့ရသည်။ လောကကြီးရဲ့ ပကတိဖြူစင်ခြင်းတွေပြည့်နှက်နေသော နေရာလေးမှာ မလိုလားအပ်တဲ့ ခြတောင်ပို့တွေကိုလည်း တွေ့နေရသည်။ ဘာတွေလဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်ရင်း ရပ်တည်မှုတစ်ခုကို အားစိုက်ရှင်သန်နေစေရန် ကြိုးပမ်းရင်း မာယာကျော့ကွင်းများစွာရဲ့အောက် ဝမ်းလျားမှောက်ရင်း ကိုယ့်ကိုယ်ကို တံတားခင်းပေးနေသည်လည်း အကြိမ်ကြိမ်ပင်။

ယခု သူမရောက်နေသော ဒုက္ခသည်စခန်းတွင် မြန်မာပြည်တွင်း စစ်ပြေးဒုက္ခသည်မြောက်များစွာ နေထိုင်ကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကူအညီဖြင့် ဒုက္ခသည်များမှာ နိုင်ငံရပ်ခြား တိုင်းတပါးသို့ သွားရောက် အခြေချနေထိုင်နိုင်ကြသည်။ သို့သော် အဆင့်ဆင့် မေးမြန်းစစ်ဆေးမှုများကို အောင်မြင်စွာဖြတ်သန်းနိုင်ပါမှ နိုင်ငံရပ်ခြားသို့ သွားရောက်အခြေချနိုင်ကြသည်။
သူမသည်လည်း ထိုသို့သော ဒုက္ခသည်များထဲမှ တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ကျီးလန့်စာစားဘဝဖြင့် လင်းလက်သော ဘဝအစိတ်အပိုင်းတချို့ကို ဤရပ်ဝန်းတွင် မြှုပ်နှံကုန်ဆုံး နေစေရသည်ကို သူမနှမြောလှသည်။ သို့ရာတွင် မတတ်သာသော အခြေအနေတွင်သာ သည်းခံခြင်းဖြင့် စောင့်စားနေရသည်။ နိုင်ငံရပ်ခြားသို့ ငွေကုန်ကြေးကျမရှိဘဲ ရောက်ရှိနိုင်သော တစ်လမ်းတည်းသော အခွင့်အရေးအဖြစ် လူအများစုမှ မှတ်ယူထားသော ယင်းဒုက္ခသည်စခန်းများတွင် ရေပေါ်ဆီ ကိုယ်ကျိုးရှာ အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသေးသည်။

တစ်နေ့ သူမမျှော်လင့်နေသော နေ့ရက်တစ်ရက်သို့ ဆိုက်မြိုက်စွာရောက်ရှိလာလေသည်။ သူမအပါအဝင် သူမနည်းတူ ဒုက္ခသည် အုပ်စုတစ်ခုအား နိုင်ငံတစ်နိုင်ငံမှ ခေါ်ယူရေးအစီအစဉ်ဖြစ်သည်။ ဒုက္ခသည်များကြား ညှပ်ပါနေသော ကိုယ်ကျိုးရှာ လူတစ်စုလည်း ထိုအထဲတွင်ပါသည်။ သက်ဆိုင်ရာမှခေါ်ယူစစ်ဆေးမှုပြုလုပ်မည့် နေ့ရက်တွင် ထိုသူများထဲမှ တစ်ယောက်အား သူမ မျက်လုံးချင်းဆုံသွားသည်။

“ဟင်” ဟူသော အာမေဋိတ် သူမနှုတ်ဖျားမှ လျှံကျသွားရလောက်အောင် အံ့သြခြင်းများသည် ထိုသူနှင့်အတူ ကပ်ငြိပါလာသည်။ ထိုသူ သည် အခြားသူမဟုတ်။ သူမအလုပ်လုပ်ခဲ့သောနေအိမ်မှ ထိုသူပင်။ သူသည် အများနည်းတူပုံစံဖြင့် နိုင်ငံရပ်ခြားသို့ထွက်ရန် စီစဉ်နေမှုများကို စိတ်ဝင်တစား စောင့်ကြည့်နေသူဖြစ်သည်။

သူမ မျက်လုံးအစုံကို မြေသို့စိုက်ချလိုက်သောအခါ တွေ့လိုက်ရသည်က ခြတောင်ပို့။ သူမခြေထောက်အောက်တွင်ရှိနေသော ခြတချို့ သူမ ခြေအား တွယ်ကပ်နေကြလေသည်။
သူမ စိတ်များ ပြာဝေသွားသည်။ ရှက်ရွံ့နာကျည်းမှုနှင့်အတူ ယင်းခြတောင်ပို့ကိုကြည့်နေရင်း ကမ္ဘာကြီးအား ခြတောင်ပို့ကဲ့သို့ မြင်ယောင်လာသည်။ သူမနှင့်အတူ တခြားသောလူသားအားလုံးကိုလည်း ခြတောင်ပို့အတွင်းမှ ခြအဖြစ် မြင်လာမိသည်။

သူမကိုယ်တိုင်က ခြတစ်ကောင်လေလား။ ခြတောင်ပို့က ကမ္ဘာလား။ ကမ္ဘာက ခြတောင်ပို့၏ ဝါးမြိုခြင်းကို ခံနေရသည်လား။

မေးခွန်းအတွက် အဖြေကိုစဉ်းစားရင်း မျက်စိတစ်ဆုံးတွင် အပေးအယူများစွာအောက် ဝမ်းလျားထိုးကာ ကိုယ့်ကိုယ်ကို တံတားခင်းသူများကို မြင်ယောင်နေမိလေသည်။

ညနေဥာဏ်

သံလွင် အိပ်မက် အင်တာနက်မဂ္ဂဇင်း
အတွဲ၎၊ အမှတ် ၁ (၂၀၁၀ ခုနှစ် ဧပြီလ)

စေ


“စေ”

မဟုတ်ဘူးလို့

ငြင်းကန်ခြင်းတစုံတရာအောက်

ခေါင်းညိတ်လိုက်တဲ့

အမူအရာက

တထပ်တည်းဖြစ်အောင်.................... စေ။

ပေါက်ကွဲခါနီးဒေါသ

အဖာတစ္ရာမကတဲ့ အက်ႌေအာက္က

ရင္ဘတ္ကလဲ

ဟာမိုနီမပျက် စုတ်ပြတ်ကာသိမ်းဆည်း

အေးချမ်းတဲ့အမူကျင့်နဲ့ တည်ငြိမ်အောင်............စေ။

ဘာမှန်းမသိတဲ့

လူးလွန့်နေစိတ်တွေရဲ့နောက်

မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့

အားလုံးတိကျသေသပ်လှပအောင်...............စေ။

ပုပ်အဲ့အဲ့အညှီအဟောက်

စွန်းထင်းတဲ့အပိုင်းစများက သွေးအဖြစ်စုစည်း

ချစ်ခြင်းကိုခေါင်းပေါ်ရွက်

အနီရောင်သဘောတရားပျောက်ကွယ်အောင်..............စေ။

အခု ဒီနေ့ ဒီအချိန် ဒီနေရာ

အပြောင်းအလဲမရှိ

ယုတ်ညံ့တဲ့လက်စောင်း မပြောင်းဘဲဆက်ကာနေတဲ့

နှုတ်ခမ်းတွေနဲ့

ကိုယ်သေမယ့်နေ့ကိုကိုယ်တိုင်.................စေ။

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း။
အတွဲ (၃)၊ အမှတ် (၁)၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ။
ကဗျာလေးတပုဒ်ပါဝင်ခွင့်ရခဲ့တဲ့အတွက်အတိုင်းမသိကျေနပ်မိပါတယ်.........။




Tuesday, July 19, 2011

ကဗျာဂါရဝ

အမှတ်တရပါပဲ...
အခက်ခဲပေါင်းများစွာကြားက
ငါတို့မြန်မာဆိုတာ ဒီလိုပါလို့
ကြွေးကြော်နိုင်အောင်
မြန်မာပြည်ကြီး လှလှပပ ကပြနိုင်အောင်
မြေပုံလှလှနဲ့
အက်ဒမမ်ဆီးနဲ့ ဘေးအော့ဖ်ဘင်းဂါးကြားမှာ
ထည်ဝါစွာ ငွားငွားစွင့်စွင့်ပေါ့...
သွေးတွေ တဆက်ပြီးတဆက်
အသက်တွေ တသက်ပြီးတသက်
တယောက်ပြီးတယောက်
အဆုံးသတ်မရတဲ့ ချစ်စိတ်တွေနဲ့
သူတို့အလှကို ဖော်ကျူးရင်း
ငါတို့ချစ်မြေကို
ထိန်းသိမ်းနိုင်ကြဖို့
သူတို့တွေ ကိုးဦး တချိန်တည်းတပြိုင်တည်း စတေးခဲ့ကြရ...
အတ္တလောဘ အမှောင်ဖုံးသူတွေကြား
သူတို့ကျဆုံးပြီးနောက်
တဖြည်းဖြည်းပြိုကျခဲ့ရတဲ့
ငါတို့ ပြည်မြန်မာ
သာစွဆိုတာ ဟုတ်ရဲ့လား။
နောင်လာနောက်သား
ငါတို့တတွေလည်း
အဖြစ်ကတော့ ဒါပါပဲလို့
တဖွဖွညည်းတွားရင်း
အတွေးပင်လယ်မှာချာချာလည်ရင်း
မာယာတောမှာ မောဟအမှောင်ကြားက
အတ္တဟိတကိုပဲ ဗဟိုပြုရင်း
ကကြ ခုန်ကြ ကစားကြနဲ့
တဖြည်းဖြည်းကြီးပြင်းလာကြ
သို့ပေမယ့်
ဒီနေ့ ဇူလိုင် ၁၉ရက်ရောက်လာရင်တော့
အားလုံးရင်ထဲ
အဖြစ်ဟောင်းကို သမိုင်းကြောင်းပေါ်က
ဖုန်ထူထူစာရွက်ကြားထဲ
ဂါရဝပြုရင်းအဆုံးသတ်ရုံနဲ့
ပြီးရမလား...
သူတို့ဖြစ်စေချင်ကြတာ ဒါပဲလို့
မထင်ဘူး။
အားလုံးဟာ ကိုယ့်အာယုကို ကိုယ်ချစ်ပေမယ့်
သူတို့လို စတေးဖြစ်ခဲ့ကြရင်
အခုအချိန်ဆို ငါတို့
ငါတို့မြေပေါ်မှာ
လှလှပပ ဂါရဝပြုနိုင်ကြမှာ
အသေအချာ....

Sunday, May 08, 2011

သွေးထဲက သွေး


ကောင်းကင်နဲ့မြေပြင်
သြကာသလောက တခွင်
ဘယ်ပင် သွားသွား
ဘာပင် ကြားကြား
အားလုံးဟာ တသားတည်းကျနေတတ်တာက
မျိုးဆက်ဆိုတဲ့ စကား...
အသင်လူသား
အာဒံနဲ့ဧဝ
ဗြဟ္မာကြီးနှစ်ဦး
ဘာနဲ့ပဲစစ
ဧဝဆိုတဲ့ မိန်းမ
သူ့သန္ဓေကမှ လောကမှာခြေချ
လူဆိုတဲ့ မျိုးဆက်စခဲ့တာ
အသေချာပဲ မဟုတ်လား???...
အဆက်ဆက် ဖြစ်တည်ခဲ့
အဆက်ဆက် စီးဆင်းဆဲ
သူတို့ သူတို့သွေးတွေနဲ့
မျိုးဆက်တွေ တဆက်ပြီးတဆက်
ခက်ခဲတဲ့ စွန့်စားမှုတွေကြား
အသက်နဲ့ အလောင်းအစားထား
သူတို့ရဲ့သွေးတွေထဲက
သွေးသစ်တွေ စီးဆင်းသွား
တယောက်ပြီးတယောက်
တယောက်ပြီး တယောက်ပေါ့...
ဒီနှစ် ၂၀၁၁ မှာတော့
သန်းခြောက်ထောင်ကျော်တဲ့ လူသားတွေကြား
ရေပန်းအစားဆုံးနဲ့ ကိုးစားမှုအားလုံးဆုံတဲ့အရာဟာ
“အမေ” ဆိုတဲ့ မာတာမိခင်ကလွဲရင်
ဘာဖြစ်အုံးမလဲ???
ငါ့မှာလည်း သွေးတွေရှိတယ်ဆိုရင်
မင်းမှာလည်း သွေးတွေရှိမယ်
ငါတို့အားလုံးမှာ သွေးတွေ သွေးတွေ
သူတို့ သူတို့ ရဲ့ သွေးတွေနဲ့သာ
အသက်ရှူသံတွေ ကဗျာဆန်ခွင့် ရနေကြတာ....
အားလုံးအတွက် “မေမေ”
ငါချစ်ရတဲ့ ငါ့အမေနဲ့အတူ
မင်းတို့ အားလုံး....
လူသားအားလုံးလည်း
“မေမေ”ဆိုတဲ့ ခေါ်သံတွေ တမ်းတမှုတွေနဲ့
အရိုအသေပေးမှု အောက်မေ့တသ သတိရစွာ
ချစ်ခြင်းတွေနဲ့ အလှဆင်ကြတော့မှာ
အသေအချာ....

(အမေနေ့အား ဤစာသားဖြင့် ဂုဏ်ပြုအပ်ပါသည်)



Friday, April 01, 2011

သင်္ကြန်မိုး

သင်္ကြန်ကာလ အခါသမယ နီးလို့လာပြီမို့ မြန်မာသင်္ကြန်သင်္ကေတတစ်ခုဖြစ်တဲ့ သင်္ကြန်မိုးဇာတ်ကားကို ကျွန်မအပါအဝင် မြန်မာရုပ်ရှင်ပရိသတ်တွေအားလုံး ရှုစားချင်ကြမှာပါနော်...
သင်္ကြန်ရဲ့ လှပတဲ့မြန်မာဓလေ့တွေ ထုံမွှန်းနေတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာတည်သရွေ့ မြန်မာတွေရဲ့ရင်ထဲသာမက ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာသင်္ကြန်ချစ်သူတွေအားလုံးအတွက် စံတစ်ခုအဖြစ် တည်ရှိနေမယ်လို့ ထင်ပါတယ်။

သင်္ကြန်ရနံ့တွေထုံသင်းလာတဲ့ ဒီလို ဧပြီလရောက်တိုင်း ပိတောက်နဲ့အတူ လွမ်းမောမိတာက သင်္ကြန်မိုး ဆိုတဲ့ ဒီဇာတ်ကားလေးပါပဲ။
အချစ် ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မြန်မာ့ဓလေ့ရိုးရာတွေ ထုံမွှန်းထားတဲ့ ဒီဇာတ်ကားကို ရှုစားချင်ကြရင်ဖြင့် ဒီနေရာလေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ကြပါပြီလို့ သတင်းကောင်း ပါးလိုက်ပါရစေ....။
မိတ်ဆွေအားလုံး မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ရက်မြတ်များမှသည် နောင်နှစ်သစ်များစွာတိုင် ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ ထာဝရ ငြိမ်းချမ်းစွာနဲ့ ဘေးဘယာဝေးကွာပြီး လှပတဲ့ ချစ်စရာ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း....


Friday, March 18, 2011

သဘာဝဘေးဆိုးကြီးမှလွတ်မြောက်လာတဲ့ခွေးကလေးများ

သတ္တဝါတိုင်း သဘာဝဘေးတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများစွာတွေ ကြားထဲက ရုန်းထွက် လွတ်မြောက်နိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။
တချို့တချို့သော သူတွေကတော့ ဒုက္ခတွေနဲ့ရင်ဆိုင်ရတိုင်း လက်မြှောက်အရှုံးပေးခြင်းနည်းလမ်းကိုသာ ကျင့်သုံးတတ်ကြ တာကို အမြဲလိုလိုတွေ့ကြရပါတယ်။
ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနည်းနဲ့ အခက်အခဲတွေရဲ့ ဖိစီးမှုကနေ လွတ်ရာလမ်းကို မြန်းကြတာ နေ့စဉ်နဲ့အမျှတွေ့ရ ကြားရတာ ဝမ်းနည်းဖွယ်ရာပါပဲ။

ထိုအထဲကမှ မလျှော့သောဇွဲ လုံ့လ ဝီရိယတွေနဲ့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ပြီး ဒုက္ခနွံအောက် သည်းခံခြင်း နည်းလမ်းကို ကျင့်သုံးကာ အသက်ရှင်နေထိုင်နေသူတွေလည်း ဒုနဲ့ဒေးပါ။
ဒုက္ခတွေ အခက်အခဲတွေကြားမှာ ရှင်သန်နေကြရတဲ့ လူသားတွေထဲက အများစုကတော့ဖြင့် မိမိတို့ခံစားနေရ တဲ့ ဒုက္ခတွေကိုသာ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြတာမို့ မိမိတို့ပတ်ဝန်းကျင်နဲ့တကွ မိသားစုအတွင်းက သူတွေရဲ့ ခံစားချက်တွေ ဒုက္ခတွေ အခက်အခဲတွေကို လျစ်လျူရှုထားမိသလိုဖြစ်နေကြတာက များပါတယ်။
အခက်အခဲဆိုတာ နိစ္စဓူဝ ခံစားနေရတာတွေက သိပ်မသိသာလှပေမယ့် ကြီးမားတဲ့ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတွေကို အများနဲ့အတူ ရင်ဆိုင် ခံစားကြရတဲ့အခါမျိုးမှာတော့ တဦးချင်းစီရဲ့ အောင်းစိတ်ကလေး များဟာ သိသိသာသာ ပေါ်လွင်လာတတ်ကြပါတယ်။ အချို့သောသူတွေက လက်လှမ်းမီရာ အချင်းချင်း ပရဟိတစိတ်ကလေးနဲ့ ဝိုင်းဝန်းကူညီကြ ဖေးမတတ်ကြပေမယ့် အချို့သော သူတွေမှာတော့ မျက်နှာလွှဲခဲပစ် သဘောမျိုးနဲ့ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ပရဟိတစိတ်ဓာတ်ကလေးများ မရှိတတ်ကြတာကို လည်း တွေ့တတ်ကြရ ပြန်ပါသေးတယ်။
ဒီလိုအခြေနေတွေထဲကမှ ပြီးခဲ့တဲ့ ၂၀၁၁ မတ်လ ၁၁ရက်နေ့က ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် ဆူနမီ ရေလှိုင်းတွေဒဏ်ကို ဂျပန်က သန်းပေါင်းများစွာသော လူသားများ နဲ့ သတ္တဝါများစွာ ခံစားနေကြရပါတယ်။
ဂျပန်လူမျိုးတွေဟာ အချင်းချင်းကူညီနားလည်စာနာတတ်ကြ စည်းစနစ်တကျနဲ့ ဒုက္ခကို ရင်ဆိုင်ကျော်လွှားကြ နဲ့ သူတို့ရဲ့ ငရဲခန်းကာလတွေကို အခုအချိန်တိုင် ကြံ့ခိုင်တဲ့စိတ်ဓာတ် ပရဟိတစိတ်ဓာတ်တွေနဲ့ လူသားဆန်စွာ အသက်ရှင်ရပ်တည်နေကြ ပါသေးတယ်။
ကမ္ဘာအဝှမ်းက လူသားတိုင်းဟာလည်း ဂျပန်တွေရဲ့ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေရမှုကနေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ငွေအား လူအား ပစ္စည်းအား တွေသာမက ဆုတောင်းပွဲတွေပြုလုပ် ကြရင်း ကူညီနေကြတာလည်း မြင်တွေ့ကြားသိရတာကိုက ကြည်နူးစရာပါ။
နေ့စဉ် အိပ်ရာကနိုးထလာတိုင်း ဂျပန်ငလျင်ရဲ့ နောက်ဆက်တွဲ သတင်းတွေ စောင့်ကြည့်နေတတ်ကြတဲ့ လူတွေထဲမှာ ကျွန်မလည်း တယောက်အပါအဝင်ပါ။ ဒီနေ့ နံနက်လေးမှာ Facebook ထဲ ကျွန်မဝင်လိုက်တဲ့အခါ သူငယ်ချင်းတယောက် တင်ထားတဲ့ Link လေးတခုကို သွားတွေ့မိပါတယ်။
သူတင်ထားတဲ့ Link လေးက .....
khin kyu aye: really heart pain :(
Dog in Japan watches over ailing friend - Yahoo!
sg.news.yahoo.com
The video is a stark reminder that, as was the case when Hurricane Katrina devastated the Gulf Coast in 2005, there will likely be thousands of pets orphaned or involuntarily abandoned due to the catastrophe in Japan. If you'd like to … Continue reading..... တဲ့။
စိတ်ဝင်တစားဖြစ်သွားမိတဲ့ ကျွန်မ အဲဒီသူငယ်ချင်းပေးထားတဲ့ Link လေးအတိုင်း ဝင်ရောက်မိပါတော့တယ်။
အဲဒီမှာ တွေ့လိုက်ရတဲ့ သဘာဝဒဏ်ကို ခါးစည်းခံစားနေရတဲ့ ခွေးကလေးရဲ့ဓာတ်ပုံကလေး၊ အဲဒီပုံလေးရဲ့ အောက်မှာ YouTube မှာ တင်ထားတဲ့ ခွေးကလေးကို ရှာဖွေတွေ့ရှိပုံ ဗွီဒီယို မှတ်တမ်းတစ်ခု၊ အဲဒီရဲ့အောက်မှာမှ ဗွီဒီယိုထဲက ကယ်ဆယ်ရေးလုပ်သားတွေပြောထားတဲ့ ဂျပန်ဘာသာစကားကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုရေးသား ထားချက်လေး။
ကျွန်မ စိတ်ဝင်တစားဖတ်ရှုမိလိုက်တော့ အဲဒီခွေးကလေးကို ကယ်ဆယ်ရေးလုပ်သားတွေက မြင်တွေ့လိုက်ချိန် မှာ ခွေးကလေးက အလွန်တရာကြောက်ရွံ့ထိတ်လန့်နေပုံရတယ်။ နောက်ပြီး ခွေးကလေးက သူနဲ့အတူ အသက်ရှင်ကျန်နေခဲ့တဲ့ အဖော်ခွေးထီးလေး တကောင်ကိုလည်း ကာကွယ်ပေးနေတယ်တဲ့။ အဲဒီခွေးထီး ကလေးက အားပြတ်နေပြီး လဲလျောင်းအိပ်စက်မိန်းမူးနေတယ်။ ခွေးကလေးဟာ ကယ်ဆယ်ရေး လုပ်သားတွေ သူတို့အနားလာမှာကိုလည်း စိုးရွံ့နေပုံရတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်သားတွေက ဒီခွေးကလေး နှစ်ကောင် အသက်ရှင်နေတာကို အတော်လေးဝမ်းမြောက်မိကြောင်း၊ သူတို့အနေနဲ့ ဒီခွေးကလေးတွေ ကို မကြာခင်မှာ ကယ်ဆယ်နိုင်မှာဖြစ်ကြောင်း ပြောထားတာကို ဖတ်ရှုရပါတယ်။
အခုတော့ အဲဒီခွေးကလေးတွေဟာ ကယ်ဆယ်စောင့်ရှောက်ထားတဲ့စခန်းကို ရောက်ရှိသွားကြပြီဖြစ်ပါတယ်။
ဒီသတင်းလေးကို ဖတ်ပြီးတဲ့အခါ ကျွန်မဟာ ကယ်ဆယ်ရေးလုပ်သားတွေကိုကော ဂျပန်က လူသားတွေကိုပါ ချီးကျူးမိပါတယ်။ သူတို့ဟာ အခုလို အစားအစာ သောက်ရေ ဆေးဝါးတွေ ခက်ခဲနေတဲ့အချိန် နျူကလီးယား ရောင်ခြည်ပျံ့နှံ့မှု အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာတောင် လူသားအချင်းချင်းသာမက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေအားလုံးထဲအပါအဝင်ဖြစ်တဲ့ ဒီခွေးကလေးတွေလို တိရိစ္ဆာန်လေးတွေကိုတောင် ကြင်နာစွာ ကယ်ဆယ်ခဲ့တာကို လေးစားမိပါတယ်။
ဒီလိုသဘာဝဘေးဆိုးမကျရောက် မခံစားရဘဲ တော်ရုံမီးဘေး လေဘေး ရေဘေးတွေမှာတောင် အိမ်မွေး တိရိစ္ဆာန်တွေသာမက ပတ်ဝန်းကျင်က တမြေတည်းနေ တရေတည်းသောက်သူ အချင်းချင်းကိုတောင် မျက်နှာလွှဲခဲပစ်လုပ်တတ်ကြတဲ့ ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်နဲ့ အတ္တဟိတကိုသာ ဦးစားပေးအသက်ရှင်နေကြတဲ့ ကမ္ဘာ့လူသားတချို့ကိုလည်း ဒီသတင်းလေးထဲက လူသားတွေလို စိတ်ဓာတ်ကလေးများ ရရှိပိုင်ဆိုင်နိုင်ကြစေဖို့ ကျွန်မဆန္ဒပြုမိပါတယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတိုင်းဟာ မေတ္တာတရား နဲ့ စာနာထောက်ထား ကြင်နာတရားကို အလေးပေးထားကြတာပါ။ ဒီတော့ အခုလို အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နေရပေမယ့် မေတ္တာတရား နဲ့ စာနာထောက်ထားမှုတွေ ဖေးမကူညီတတ်တဲ့ ပရဟိတစိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ဂျပန်လူမျိုးတွေ နဲ့ ကမ္ဘာအရပ်ရပ်ကရောက်ရှိနေကြတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အလှူရှင်တွေရဲ့ မေတ္တာတရားခွန်အားတွေက ဒီအန္တရာယ်ဆိုးကြီးကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြမယ်လို့ ကျွန်မ ယုံကြည်နေမိပါတယ်။
ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် စတဲ့ ဆောင်ပုဒ်တွေ အတိုင်း ဂျပန်ပြည်တွေအနေနဲ့ လက်ရှိခံစားနေရတဲ့ ဘေးဆိုးကြီးကနေ မကြာခင် လွတ်ကင်းပြီး ငြိမ်းချမ်း သာယာတဲ့ ဘဝတွေကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြမှာ မလွဲဧကန်ပါပဲ။
နေ့စဉ်လည်း ကျွန်မအနေနဲ့ ဘုရားရှင်ထံမှာ အခုလိုဘေးဆိုးသင့်လူသားတွေအားလုံး ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုမွန်ကောင်းလည်း တောင်းပေးလျက်ပါ။
အားလုံးလည်း ဒီPostလေး ဖတ်ပြီးရင် ဂျပန်ကပြည်သူတွေအတွက် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား ထုံစံအတိုင်း တစ်မိနစ်ခန့် ဆုတောင်းမှုတစုံတရာပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေနော်။

လူသားအားလုံး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်...
(၂၀၁၁ မတ်လ ၁၈ရက် နံနက်ခင်း ၉နာရီ ၅၀မိနစ်)

သတင်းမူရင်းကို ပြန်လည်ဖော်ပြလိုက်ပါရစေ...


Direct Link: http://www.youtube.com/watch?v=J3TM9GL2iLI&feature=player_embedded
UPDATE: CNN and the UK Telegraph have both reported that the dogs have been rescued since the footage aired, and are both receiving veterinary care; the more seriously wounded dog is at a clinic in the city of Mito, while the protective spaniel-type dog is receiving care at a shelter in the same town.
Here is an English translation of the voiceover exchange between the two reporters in the clip (translation courtesy of Toshiyuki Kitamura):
We are in Arahama area. Looks like there is a dog. There is a dog. He looks tired and dirty. He must have been caught in the tsunami. He looks very dirty.
He has a collar. He must be someone's pet. He has a silver collar. He is shaking. He seems very afraid.
Oh, there is another dog. I wonder if he is dead.
Where?
Right there. There is another dog right next to the one sitting down. He is not moving. I wonder. I wonder if he is alright.
The dog is protecting him.
Yes. He is protecting the dog. That is why he did not want us to approach them. He was trying to keep us at bay.
I can't watch this. This is a very difficult to watch.
Oh. Look. He is moving. He is alive. I am so happy to see that he is alive.
Yes! Yes! He is alive.
He looks to be weakened. We need to them to be rescued soon. We really want them rescued soon.
Oh good. He's getting up.
It is amazing how they survived the tremendous earthquake and tsunami. It's just amazing that they survived through this all.
Follow Yahoo! News on Twitter and become a fan on Facebook.
Original Link: http://sg.news.yahoo.com/blogs/what-is-buzzing/dog-japan-watches-over-ailing-friend-20110317-042033-011.html