Tuesday, July 08, 2008

ကျွမ်း

နေ့ခင်းစိမ်းစိမ်းလေးတစ်ရက်ပေါ့ မှတ်မိနေလောက်အောင်ကိုသာယာလိုက်တာ
လည်းလွန်ရော အဲဒီနေ့ကလေးကပေါ့ လမ်းပေါ်မှာပျားပန်းခတ်မျှစည်ကားနေတာက နေရောင်ခြည်အလင်းတန်းတွေ
ဟိုတကွေ့ဒီတကွေ့ဖောက်ထားတဲ့လမ်းကလည်း ငြိမ်သက်စွာနဲ့လေ အင်း အပျင်းပြေလို့ပြောရမလားပဲ ဟိုငေးဒီငေးလုပ်နေတာ
ဟောတွေ့ပါပြီစိတ်ဝင်စားစရာ အဘွားအိုတစ်ယောက်ဆွဲခြင်းစုတ်ကလေးဘေးချ ပိန်လှီတဲ့နေလောင်ဒဏ်တပွေ့တပိုက်နဲ့
ကျုံ့ကျုံ့ကလေးထိုင် မှိုင်တွေတွေနဲ့ သဘာဝတရားကိုငေးမော လက်အစုံကဟိုရှာဒီရှာ ရသမျှလေးခြင်းစုတ်ထဲကောက်ထည့်
ကျေနပ်လောက်တော့မှ မနိုင့်တနိုင်ထ မတ်တပ်ကရပ်မိပြန်တော့ ခါးကမမတ်နိုင် ခပ်ကုန်းကုန်းသူ့ခါးလေးကိုအသာပွတ်
ခေါင်းပေါင်းတဘက်ကအရောင်လွင့်လွင့်ရယ် နေပူဒဏ်ကိုအံတုပေးနေတာကိုက အဘွားအိုအတွက်ကျေးဇူးရှင်ပမာပါ
တရွေ့ရွေ့ထွက်သွားတဲ့အဘွားအိုရဲ့ခြင်းလေးထဲမှာ ဘာတွေပါသွားတယ်မှတ်သလဲ တ၀မ်းတခါးအတွက်တတ်နိုင်တဲ့အားလေးနဲ့
ကြိုးစားပမ်းစားရှာထားတဲ့ အမှိုက်ပုံထဲကရောင်းလို့ရတဲ့စွန့်ပစ်ပစ္စည်းတွေလေ စဉ်းစားကြည့်လိုက်တယ် သြော် ဒါလေးကိုရောင်း
သူမအတွက်ထမင်းလေးတနပ်စာတောင်ဝယ်နိုင်ပါ့မလားရယ်လို့ပါ.သူမဟာတချိန်က လူသားတချို့အတွက် ပုခက်လွှဲသော လက်တစုံဖြစ်ခဲ့ပုံပါအင်းခုတော့အဲဒီလက်တစုံက သူမ၀မ်းတစ်ထွာအတွက် အမှိုက်ပုံထဲကရောင်းစားစရာရှာတဲ့လက်တစုံဖြစ်နေရပြီလေ
သူပုခက်လွှဲပေးခဲ့တဲ့လူသားတွေကသက်ရှိထင်ရှားမရှိတော့တာလား အဲဒီလိုဘဲဖြစ်ပါစေလို့ဆန္ဒပြုလိုက်မိတယ်..

No comments: