Monday, October 12, 2009

Happy Birthday (10.10.81 - 10.10.09)


မွေးနေ့ကိတ်လေး

ပြီးခဲ့တဲ့ စနေနေ့ (၁၀-၁၀-၀၉) မှာ ကျမအသက် ၂၈နှစ်ပြည့်ခဲ့ပါပြီ။
မွေးနေ့ပွဲအဖြစ်နဲ့ ကျမရယ် မောင်ရယ် အတူနေသူငယ်ချင်းတစ်ယောက်ရယ် ကျမရဲ့ကြောင်ကလေးနှစ်ကောင်ရယ်
နဲ့ညပိုင်းမှာ တိုးတိုးတိတ်တိတ်ကျင်းပဖြစ်ခဲ့ပါတယ်။
အဲဒီမွေးနေ့မတိုင်ခင်မှာ မောင့်ဆီက မွေးနေ့လက်ဆောင်ပို့စကဒ်တစ်ခုရရှိခဲ့ပါတယ်။
မွေးနေ့မှာ အရာအားလုံးငြိမ်းချမ်းဖို့ ကျမတို့ဇနီးမောင်နှံရှေ့လျှောက်ဆန္ဒတွေပြည့်ဝအောင်မြင်စေဖို့ ဆုမွန်ကောင်း လည်းတောင်းဖြစ်ခဲ့ပါတယ်။
မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေနော်။



Sunday, October 04, 2009

သီတင်းကျွတ်လပြည့်ညရဲ့ မီးပုံးလေးတွေ

သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ ဒီနေ့ညမှာ ကျမတို့အိမ်ရှေ့ဝရန်တာလေးမှာ မောင့်လက်ရာ မီးပုံးလှလှလေး
ငါးလုံးကို အနန္တောအနန္တငါးပါးဦးထိပ်ထားသောအားဖြင့် ထွန်းညှိခဲ့ပါတယ်။

အသည်းပုံလေးတွေ က ကျမတို့ရဲ့ အချစ်သင်္ကေတလေး၊
ကော်ဖီခွက်လေးတွေ က ကျမတို့ရဲ့ အတူဆုံချိန်အမှတ်တရလေး၊
ကြယ်လေးတွေက ကျမတို့မျှော်လင့်ခြင်းသင်္ကေတ၊
သစ်ရွက်စိမ်းစိမ်းလေးတွေက ကမ္ဘာကြီးသာယာစိုပြည်စေဖို့ကျမတို့ရဲ့ဆုတောင်းလေး၊
ပန်းပွင့်လေးတွေက အနာဂတ်မျိုးဆက်လေးတွေရှင်သန်စေဖို့ ကျမတို့ရဲ့ဆန္ဒလေးပေါ့။
အားလုံးလည်း မီးပုံးလေးတွေထွန်းဖြစ်ကြမယ်ထင်ပါတယ်နော်။
ခံစားကြည့်ပါလို့.........






Sunday, September 27, 2009

ချစ်ခြင်းနံရံ


ပန်းသီးတစ်လုံးလို့တင်စား

တယောက်ကခွံ့ရင် တယောက်ကစား

မအောင့်အီးနိုင်တဲ့အခါ

နှစ်ယောက်အတူစား။

နံရံများစွာ ပိတ်လှောင်ကာထား

ချစ်ခြင်းခွန်းတုံ့ရင်း

လက်တွဲရုန်းထွက်တော့

နံရံများစွာဟာ

အတိတ်မှာကျန်ခဲ့ပြီ။

အမုန်းလွင်ပြင်မှာ

အာဃာတမြက်ပင်တွေပြည့်နှက်နေပေမယ့်

ချစ်ခြင်းနံရံနဲ့

ပိတ်ကာထားရင်

ပုံရိပ်ယောင် အလှတရားတွေကို

မြင်ရမတဲ့လား။

ခိုင်မြဲတဲ့ဒီနံရံမှာ

တယောက်ကအင်္ဂတေဆို

တယောက်ကအုတ်ပေါ့

ဒါပေမယ့်ထူးခြားတာက

ချစ်ခြင်းနံရံဟာ

အချစ်တွေနဲ့သာတည်ဆောက်ထားသတဲ့။

သိပ်လှတဲ့ဒီနံရံကို

နှစ်ယောက်ရဲ့အချစ်တွေနဲ့

အမြဲမွမ်းမံနေတော့

အမုန်းလွင်ပြင်က အာဃာတမြက်ပင်တွေကို

မမြင်ရတော့ဘူးပေါ့။