Monday, May 25, 2009

မေ

ရက်စက်တဲ့စကား
မင်းနှုတ်ဖျားကမထွက်ကျဖူးခဲ့တာတောင်
တစုံတယောက်ကတော့
မင်းကိုမျက်မုန်းကျိုးနေတယ်နော်......

ဥပက္ခာအနန္တနဲ့
မင်းလမ်းကိုယုံကြည်စွာဆက်လျှောက်နေတုန်း
တယောက်သောသူကတော့
မင်းကိုခြေထိုးခံနေသေးတယ်.........

အပြောင်းလဲများစွာနဲ့
သက်တံထက်လှတဲ့အိပ်မက်ကို
မင်းဖန်ဆင်းပေးမယ့်အချိန် ငါငံ့လင့်နေဆဲ.......

အခုတော့
မင်းယုံကြည်ရာကိုလှောင်ချိုင့်ထဲမှာအသက်ဝင်နေစေတုန်း.....
ငါလည်းမင်းကိုမျှော်လင့်နေဆဲမို့
အမြဲတမ်းတော့
ဆုတောင်းပေးနေတာ
ကောင်းရာကောင်းကြောင်းတစုံတရာကိုပေါ့.........

အထူးသဖြင့်
မင်းယုံကြည်ရာ ငါတောင့်တရာ အိပ်မက်ကို
ငါတို့အားလုံး ဖန်တီးအသက်ဝင်စေဖို့
ငါဆန္ဒရှိတယ်
မေ.........



Monday, May 18, 2009

ရပ်လိုက်တော့


လှောင်ရိပ်တခုအောက်
မင်းအပြုံးမျက်နှာက မပီမသနဲ့
ပေးဆပ်မှုတွေက ဗရပွ
ဘယ်အချိန်ထိ ဘယ်လိုအကြောင်းတွေနဲ့
မင်းအမုန်းတွေက ရှင်သန်နေမလဲ
ငါသိချင်တယ်တော့မဟုတ်ပါဘူး........

ဒါပေမယ့်
အခါခါ ရင်နာရအောင်
မင်းရဲ့ အာဃာတတွေအောက် ဝပ်စင်းနေရတာ
ငါ တကယ် ကြေကွဲရတယ်
ငါတယောက်တည်းတင်မဟုတ်ပါဘူး
နင့်အမုန်းအောက် အသက်ပျောက်သူတွေ
ဘဝပျောက်သူတွေ အများအပြားပဲ.....

အခုထိတော့
မင်းစရိုက်တွေနဲ့ မင်းအကျင့်ဆိုးဆိုးအောက်မှာ
ဖြူစင်သူတွေပေးဆပ်နေရတုန်းပဲ.....

မင်းကတော့ မိန့်မိန့်ကြီးပြုံးပြီး
ကောက်ကျစ်တဲ့အမုန်းတွေနဲ့
အားလုံးကို နှောင့်ယှက်ဆဲပဲ...

ငါ့ရင်တွင်းဆန္ဒကို
လှစ်ဟပြရရင်တော့
မင်းအပြုအမူအားလုံးကို
ဖြူစင်ခြင်းမှတ်တိုင်မှာ
အခု
ရပ်လိုက်တော့........




Tuesday, May 12, 2009

ပုံရိပ်တစ်ခုသို့

အတိတ်ပြန်မြင်
ဆွေးရိပ်ထင်သည်
မျှော်လျှင်မောမည့်ချစ်ခြင်းတည်း.........