Saturday, April 07, 2012

ဧပြီရဲ့ဧဒင်ဥယျာဉ်


အပြုံးချိုချိုတွေနဲ့ဘဝကိုအေးချမ်းအေးဆေးစွာဖြတ်သန်းချင်တဲ့သူအဖြစ်
ကျွန်မသူ့ကိုစတင်သိကျွမ်းခဲ့ရတယ်...

နုငယ်တဲ့အတွေ့အသိတွေနဲ့ဘဝကိုဖြူစင်စွာလျှောက်လှမ်းနေရင်းပျော်ရွှင်
ရမယ့်ဧဒင်ဥယျာဉ်ကိုသူရှာဖွေနေခဲ့တယ်...

အရမ်းသိမ်မွေ့တဲ့ခံစားချက်တွေနဲ့သူကအရာတိုင်းကိုနားလည်ပေးထား
သေးတယ်...

ချစ်စဖွယ်အပြုံးတွေရဲ့နောက်ကွယ်မှာသူ့ဘဝအမောတွေကလဲကဗျာဆန်
ဆန်နဲ့ရသပေါင်းစုံပါဝင်နေပြန်တယ်...

အရိုးသားဆုံးရင်ခုန်သံတွေနဲ့သူဟာအမြဲတမ်းပေါ့ပါးလန်းဆန်းအောင်
ကြိုးစားနေသူအဖြစ်ခံစားမိသေးတယ်။
ပွင့်လင်းတဲ့ရင်ခုန်သံတေးသွားတခုကိုလဲသူဆိုညည်းခွင့်ရမလိုဖြစ်ခဲ့
သေးတယ်။

အဲဒီအချိန်တုန်းကသူဟာရင်နဲ့အမျှချစ်ခြင်းတရားဆိုတဲ့အရာကိုလန်း
ဆန်းစွာလက်ခံခဲ့တယ်...သူပျော်နေခဲ့တယ်ပေါ့....

အပျော်တွေရဲ့ နောက်ပါးမှာ မလွန်ဆန်နိုင်တဲ့ အဆိုးရွားဆုံး အိပ်မက်
တခုကသူ့ကိုအပျော်ကမ္ဘာထဲကဆွဲထုတ်သွားမယ်လို့သူထင်မှတ်ထားပုံ
မရခဲ့ပါဘူး...

ဗြုန်း ဆိုခံစားလိုက်ရတော့လဲ သူ့မှာရင်ဖွင့်ဖော်အဖြစ်အနားကခင်မင်
ရသူတွေကိုမောင်နှမသဖွယ်မျှဝေခံစားစေခဲ့သေးတယ်...

အဲဒီတုန်းကသူ့မျက်ဝန်းမှာအရည်ကြည်တချို့လတ်ဆတ်နေခဲ့တယ်
လေ...

သူပြောသမျှတွေဟာ အရမ်းသိမ်မွေ့စွာခံစားပြီးယုံကြည်ချက်အပြည့်နဲ့
မျှော်လင့်နေတဲ့အိပ်မက်ဖြစ်တဲ့ဧဒင်ဥယျာဉ်ကိုအတူသွားဖို့အဖော်တ
ယောက်အဖြစ်ပိုင်ဆိုင်ခွင့်ရချင်ပုံပါ...

အမှားတွေကိုရုတ်သိမ်းဖို့ခွင့်ပြုတယ်ရင်ခွင်မှာခိုးနားဖို့အလွမ်းအမောနဲ့
အကျည်းတန်တဲ့အိပ်မက်တွေကိုနှစ်သိမ့်ခွင့်လွှတ်တယ်လို့သူပြောခဲ့တယ်...

သူ့ရင်ထဲကအကြင်နာတွေဟာမေတ္တာထုသိပ်သည်းဆကြီးမားကြောင်း
ခံစားမိသေးတယ်....

ဒါပေမယ့် မေ့ပစ်လိုက်တော့ ဆိုတဲ့အားလုံးရဲ့နှစ်သိမ့်မှုအလည်မှာသူမချိ
မဆန့်ခံစားခဲ့ရသေးတယ်...

ဖြူစင်တဲ့စိတ်ထားကတော့သူ့ကိုအိပ်မက်ဆိုးကလွတ်မြောက်အောင်ဖန်တီး
ပေးခဲ့ပြန်တယ်...

အဲဒီအခါသူဟာပျော်ရွှင်တဲ့အပြုံးတွေနဲ့လက်တွဲဖော်ကိုဧဒင်ဥယျာဉ်ထဲ
အရောက်ခေါ်ဖို့ကြိုးစားခဲ့တော့တယ်...

ဘဝဆိုတဲ့နာမဟာသိပ်ခက်ခဲတယ်လို့ယူဆရပေမယ့်ယုံကြည်မှုတွေကို
ရိုးရိုးသားသားပိုင်ဆိုင်ချင်တဲ့အခါမှာတော့အခက်ခဲအားလုံးဟာတချို့တ
လေလောက်သာကာလအကန့်အသတ်တခုလောက်သာလွှမ်းမိုးနေနိုင်
တော့တာကို သူလက်တွေ့ခံစားလိုက်ရတယ်...

သူ့အိပ်မက်တွေအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့တယ်..
ဧပြီနွေရဲ့နေ့တနေ့မှာပေါ့...

သူဟာသူ့ဘဝလက်တွဲဖော်နဲ့အတူဧဒင်ဥယျာဉ်ကပန်းသီးလေးကို
ချိုမြိန်စွာစားသုံးခွင့်ရနေပြီလေ.......

သူအဲဒီနေ့ကရင်ခုန်နေတယ်...
ဟန်ပန်အမူအရာတွေအားလုံးဟာလဲအောင်မြင်မှုလက်တကမ်းအလို
မှာရောက်နေတဲ့ဟန်နဲ့စိုးရိမ်စိတ်တွေလွှမ်းနေတာကိုလဲခံစားခဲ့ရတယ်...

ဒါပေမယ့်သူအောင်မြင်ခဲ့ပါတယ် ကျန်ရှိတဲ့သူ့ဘဝခရီးမှာလဲအောင်မြင်မှု
တွေရရှိအောင်သူစွမ်းဆောင်နေအုံးမှာပါ....

သူ့စွမ်းဆောင်ချက်တွေအားလုံးမှာတော့ချစ်ခင်ကြင်နာသနားတတ်တဲ့
သိမ်မွေ့တဲ့ဖြူစင်ရိုးသားတဲ့သူ့စိတ်ထားလေးကခေါင်းဆောင်ခြယ်လှယ်
နေအုံးမှာကိုကျွန်မယုံကြည်နေမိပါတယ်.......

(၄ရက်၎လ၂၀၀၉ကကျင်းပခဲ့တဲ့မောင်လေးစောဗညားရဲ့မင်္ဂလာပွဲအမှတ်တရ)


Sunday, March 11, 2012

တစ်ချိန်က မိုး... တစ်ခါက မိုး... အတိတ်က မိုး... ဒီနေ့မိုး



တစ်ချိန်က မိုး..

ကျွန်မ သိတတ်စ အရွယ်ငယ်လေးကတည်းက မိုးကို အရမ်းချစ်တယ်... ကောင်းကင်ကြီးကို မော့ကြည့် လိုက်တုန်း မည်းမှောင်တဲ့ တိမ်လိပ်တွေ ဟိုတစ ဒီတစကနေ စုစုပြီး အုံခဲလာပြီဆိုရင်... နေလုံးပျောက်ပြီး မိုးကြိုးတွေပစ် လျှပ်စီးတွေလက်လာပြီဆိုရင် ကျွန်မရင်ထဲ သိမ့်သိမ့်တုန်သွားတတ်ပေမယ့် မိုးစက်လေးတွေ တဖောက်ဖောက်ကျလာပြီဆိုရင်တော့ ကျွန်မက အိမ်တံစက်မြိတ်ကနေ မိုးရေတွေ မြေပြင်လေးပေါ် ခုန်ပေါက်ကျလာတာကို အိမ်ရှေ့ကြမ်းခင်းပေါ်မှာ ဝမ်းလျားလေးမှောက် မေးလေးထောက်ကာ စောင့်ကြည့်နေ တတ်တယ်။ တစ်ခါတလေ မေမေမသိအောင် အိမ်တံစက်မြိတ်က ကျလာတတ်တဲ့ မိုးရေတွေကို အိမ်ရှေ့ပြတင်းပေါက်ကနေ လက်ဖဝါးလေးဖြန့်ကာ မိုးရေခံတတ်တဲ့ အကျင့်ကလည်း ရှိတတ်တယ်။ အဲဒါနဲ့အတူ ကျောင်းသွားချိန်မှာ မိုးကာလေးဝတ် ထီးကလေးဆောင်းပြီး မိုးတွင်းများ ကျောင်းသွားရ ချိန်ရောက်ရင်တော့ ဘယ်ပြောကောင်းပါ့မလဲ... လမ်းမှာတွေ့သမျှရေအိုင်တွေထဲကရေတွေကို မိုးစီးလည်ရှည် ဖိနပ်လေးထဲ ခြေထောက်ကလေးတွေကို စောင်းပြီး ခပ်ခပ်ထည့်တတ်တာ။ ရေတွေအပြည့်နဲ့ မိုးစီးရော်ဘာ ဖိနပ်လေးကို မနိုင့်တနိုင်စီးရင်း ပြေးရတဲ့အရသာကိုလည်း အရမ်းနှစ်သက်တာလေ။

တစ်ခါက မိုး...
ကျွန်မရင်ထဲ အမှတ်ရစရာတွေ များလာတဲ့ တစ်ချိန်တစ်ခါ ဆယ်ကျော်သက်အရွယ်က မိုးနေ့များစွာကိုလည်း အမှတ်တရပါပဲ... ကျောက်ခဲကြမ်းတွေခင်းထားတဲ့ အာရှလမ်းမကြီးဖြစ်မလာသေးတဲ့ မော်လမြိုင်မြို့ပြင်က လမ်းမကြီးရဲ့ဘေးမှာရှိတဲ့အလယ်တန်းကျောင်းမှာ ကျောင်းတက်ခဲ့တုန်းကပေါ့...ကျွန်မလေ... ကျောင်းက ကျောင်းသားကျောင်းသူအချို့နဲ့အတူ ကျောင်းသွားကျောင်းပြန် လိုင်းကားမရတတ်တဲ့နေ့တွေမှာမိုးသည်းသည်းထဲ နှစ်ဆင့်ချိုးခိုတံဆိပ်ထီးမည်းလေးအားကိုးနဲ့အိမ်ကိုလမ်းလျှောက်ပြန်ဖြစ်ခဲ့တဲ့ နေ့တွေ.... ကျောက်ခဲကြမ်းခင်းထားတဲ့ စိုစွတ်စွတ်လမ်းမကြီးဘေးက ရေအိုင်ကြည်ကြည်တွေထဲ ခြေလှမ်းတွေခပ်ကြမ်းကြမ်းနင်းရင်း ကျောင်းလွှတ်လို့ ပြေးထွက်လာကြတဲ့
ကျောင်းသားကျောင်းသူတွေအားလုံးထက် ကျွန်မက ရှေ့ပိုရောက်အောင် ခပ်သွက်သွက်လျှောက်တတ်ခဲ့တဲ့နေ့ တွေ... တခါတခါ မနက်စောစောထမိတဲ့အကြိမ်တွေနဲ့ တိုးလို့ လိုင်းကားနဲ့ကျောင်းသွားခွင့်ကြုံတဲ့အခါ မနက်စောစော လိုင်းကားပေါ်မှာ ကျွန်မနဲ့ ကျောင်းသားတယောက် က အတူတူ ကားစီးဖြစ်ကြမြဲ... သူနဲ့ကျွန်မက ကျောင်းမှာ အတန်းလည်းအတူတူ... အတန်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့ အသင်းလေးသင်းဖွဲ့ထားတဲ့အထဲက အဝါအသင်းထဲမှာလည်းအတူတူဖြစ်ခဲ့တာ... အဝါအသင်းခေါင်းဆောင်ဖြစ်တဲ့ သူက ကျွန်မကို သန့်ရှင်းရေးလုပ်ဖို့ တခါမှ အမိန့်မပေးခဲ့ဖူးတာ... အထက်တန်းကျောင်းပြောင်းတော့ ကျွန်မတို့ ဖေဖေအလုပ်ကပေးတဲ့ ကျောင်းကားကို သူက ကျွန်မတို့နဲ့အတူ တစ်နှစ်လောက် လိုက်စီးခဲ့တာတွေကို တစ်ခါက မိုးနဲ့အတူ အမှတ်ရဆဲပါ.... ကျွန်မလေ အဲဒီတုန်းက ကျောင်းကားပေါ်မှာ မိုးသည်းသည်းကိုငေးရင်း တစုံတရာကို ဥပေက္ခာပြုခဲ့ရတာ ကိုလည်း တွေးမိတိုင်း ကျေနပ်ဝမ်းသာနေတုန်းပဲ....

အတိတ်ကမိုး....
ဆယ်စုနှစ်တွေကျော်ဖြတ်လာတိုင်း မိုးသည်းသည်းတွေကျလာတိုင်း ကျွန်မ အတိတ်ကို သမင်လည်ပြန် လှည့်မကြည့်ဖြစ်ပါဘဲ တခါတခါ မိုးအေးအေးထဲမှာ ဖြတ်သန်းမိပြန်တာပါပဲ... အဲဒီစိတ်ကူးယဉ်ခဲ့တဲ့ အချိန်တွေတုန်းကပေါ့... တက္ကသိုလ်ကျောင်းသူဘဝဖြတ်သန်းခဲ့တုန်း ကန့်ကော်တန်းက လမ်းသွယ်လေးပေါ်မှာ ကျောင်းမှာ မေဂျာတူ အတန်းတူ အက်တမ်တူတဲ့ ဘော်ဒါတစုနဲ့ ကျွန်မတို့ဘဝတွေကို ညီမျှခြင်းတွေချ... သီအိုရီတွေထုတ်ကြနဲ့ တယောက်က သုံညလို့ထွက်မယ်ဆိုတဲ့အဖြေကို ကိုယ်က တစ်ထွက်တယ်ဆိုပြီး တွက်ကြ ငြင်းကြခုံကြနဲ့.... မိုးသည်းသည်းကြားမှာပါပဲ...
ကျောင်းကားပေါ်မှာ မိုးရေစိုစိုတွေကြားထဲ စာအုပ်ကိုယ်စီထုတ်ပြီး တောင်မြောက်မှတ်ရင်း စာမေးပွဲတွေနဲ့ နပန်းလုံးခဲ့တာတွေ... မိုးသည်းသည်းတွေကြားမှာပဲ ကျောင်းလစ်ပြီး စက်စဲသွားခဲ့ကြတာတွေ.... ကံ့ကော်ပန်းတွေဝေလာတဲ့အချိန်မှာ မိုးစိုစိုကြားထဲ ငယ်နိုင် ဘော်ဒါတယောက်က ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ကျွန်မလိုချင်တဲ့ ကံ့ကော်ပန်းတွေကို အစွမ်းကုန်ခူးပေးခဲ့တာတွေ... အားလုံးက သဘောတကျ အားကျရတဲ့ ကျွန်မရဲ့သူငယ်ချင်းကောင်းတစ်စုနဲ့ အတူ မိုးသည်းသည်းကြားက အပျော်စွက်တဲ့ ကျောင်းသားဘဝတွေ... ဒါတွေအားလုံးဟာ အတိတ်က မိုးသည်းသည်းကြားမှာ လှုပ်ရှားခဲ့ကြတဲ့ ပုံရိပ်တွေမို့ ကျွန်မရင်ထဲ တွေးဖြစ်တိုင်း ဖြူစင်စွာ ကြည်နူးမိပြန်တာပါပဲ...

ဒီနေ့မိုး....

မိုးဆိုတာ ကျွန်မမွေးဖွားကြီးပြင်းလာရာ သက်တမ်းတလျှောက်မှာ လှလှပပနေရာယူထားတဲ့ ရာသီ.... အခုတော့ ပစ္စုပ္ပန်တည့်တည့်မှာ ကျွန်မ တခါမှ မကြုံဖူးတဲ့ အတိတ်မှာမရှိခဲ့ဖူးတဲ့ ဘဝသစ်တစ်ခုမှာ ချစ်ခွန်းတွေဖွဲ့သီရင်း ကံဇာတ်ဆရာက အလှည့်ချလာတဲ့ ဇာတ်ရုပ်တခုမှာ လှလှပပကရင်း မိုးကလည်း ကျွန်မဘဝထဲမှာ အရင်နည်းတူ ကျီစယ်ရင်းပေါ့.... ဒါပေမယ့် ဒီနေ့လို ဆောင်းအကုန်နွေအကူး ရာသီလေးမှာ မိုးဟာ ကျွန်မထင်မှတ်မထားတဲ့ အချိန်လေးမှာ ထစ်ချုန်းရွာလိုက်လေရဲ့... မိုးနဲ့အတူ လျှစ်စီးပြက်သံတွေကလည်း မိုးကို အထောက်ပံ့ပေးထားတဲ့ နောက်ခံဂီတအလားပါပဲ... မိုးကိုချစ်တဲ့ မိုးကိုမျှော်နေရှာတဲ့ တွင်းအောင်းဖားလေးတွေရဲ့အသံဟာလည်း ဟိုက သည်က စီစီညံလာတာမို့ ကျွန်မ သူတို့နဲ့အတူ မိုးကို ထပ်မျှော်မိပြန်ပါတယ်....
မိုးဟာ ညနေစောင်းမှာ ရုတ်တရက်အလည်လာပြီး နေအဝင် ဆည်းဆာချိန်မှာ မပြောမဆို နှုတ်ဆက်သံမပေးပါဘဲ တိတ်တဆိတ် ထွက်ခွာသွားပြန်ပါတယ်.... ကျွန်မထက် မိုးကို တောင့်တနေတဲ့ ကျွန်မအိမ်နားက ဖားကလေးတကောင်ဟာ မိုးထွက်ခွာသွားတဲ့တခဏမှာပဲ သူအသံစာစာ နဲ့ မိုးကိုပြန်လာဖို့ အော်နေတော့တာ.... တဖြည်းဖြည်းနဲ့ ညဥ့်နက်လာတော့ ဖားကလေးရဲ့အော်သံဟာ စိတ်မရှည်တော့သလို ခပ်ပြတ်ပြတ်အော်ရင်း တစတစ တိတ်ဆိတ်သွားတော့တယ်....
မိုး... မိုး...
မိုးရယ်... မင်းကို တို့အားလုံးက အချိန်မှန်လာဖို့ မျှော်လင့်တယ်... မင်းရဲ့ မေတ္တာရေစင်နဲ့ တို့အားလုံး အသက်တွေရှင်သန်နေရတာမို့ မင်းအချိန်မှန်လာ... အချိန်မှန်ရွာမှ တို့တွေအားလုံးပျော်နိုင်မှာ... လို့ ကျွန်မရင်ထဲ မိုးကို တိတ်တိတ်ကလေး တိုင်တည်မိနေရဲ့...

ဒါပေမယ့်လေ... ကျွန်မတိုင်တည်သံကို မိုးက ဂရုမထားတာလေလား... မိုးကပဲ သူ့ကို မလေးမစားလုပ်ကြတဲ့၊ ကမ္ဘာပေါ်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးအောင် နည်းမျိုးစုံနဲ့ အားထုတ်နေကြတဲ့၊ ဝိသမလောဘစီးပွားရေးသမားတွေဖြစ်တဲ့ လူသားတွေကိုပဲ သစ္စာပျက်ပြီလားမသိ... အချိန်မတန်ဘဲ ရွာပြီး အခုတော့ နွေ၊ မိုး၊ ဆောင်း ဆိုတဲ့ ရာသီစက်ဝန်းတောင် အချိန်မမှန်တော့အောင် ဖြစ်နေပြီလားလို့ ကျွန်မတွေးရင်း....
သြော်... အိမ်ရှေ့က ပန်းပင်တွေတောင် အဝါရောင်သန်းနေပြီလားရယ်လို့ သက်ပြင်းမောချပြီး ကောင်းကင်ကိုသာ ခပ်ဆဆလေးငေးနေမိပါတယ်....

(မိုးရွာတဲ့ မတ်လ ၁၀ရက် ၂၀၁၂ခုနှစ် အမှတ်တရ)



Thursday, January 12, 2012

အာရုဏ်ဦးရဲ့ အမုန်းမဲ့နှစ်သစ် ၂၀၁၂


ချစ်သူပေးတဲ့ နှစ်သစ်လက်ဆောင်

ဇီးကွက်လေးကောင်ကတဲ့ ကဒ်လေး

လက်ခံရရှိလိုက်တော့

အာရုဏ်တက် နှစ်သစ်နေနဲ့အတူပေါ့....

၂၀၁၂ တဲ့

ပေါင်းခြင်းကတော့ ငါး...

စကားလုံး ငါးလုံးပါတဲ့

“အမုန်းမဲ့နှစ်သစ်” ရယ်ပေါ့....

ချစ်သူနဲ့ကိုယ့်အတွက်

နှစ်သစ်မှာ အမုန်းမဲ့နေမယ်...

အားလုံးအတွက်လည်း

အမုန်းမရှိတော့တဲ့ နှစ်သစ်

အဲဒါ...

၂၀၁၂ ပေါ့...

ကိုယ်မျှော်လင့်နေမိတယ်...

ယုံကြည်စွာပေါ့...

ဒါဟာ

အားလုံးအတွက်

အထင်ကရနှစ်သစ် ၂၀၁၂ ....

သိပ်ချစ်မိတဲ့ချစ်သူ

သူနဲ့အတူ ကိုယ်ပျော်နေမယ်

အမုန်းမဲ့နှစ်သစ်အစမှသည်.....

နောင်ထာဝရ အမြဲ...

အားလုံးနဲ့လက်တွဲ

ငြိမ်းချမ်းရာဆီ

ခွန်အားအပြည့်နဲ့

သက်လုံလည်းမကျစတမ်း

အလွမ်းဗလာ အနာဂတ်ကဗျာဆီပေါ့...

သွားကြမယ်အတူတူ...

အခု ၂၀၁၂ ကနေ...

သက်ဆုံးတိုင်...

ကမ္ဘာတည်သရွေ့လေ...

အားလုံးပျော်မယ်ဆို...

ဆုတောင်းရကျိုး နပ်မယ်လို့

ကိုယ်တွေးရင်းကြည်နူး

ကြည်နူးရင်းခံစား....

အတွေးကို ပုံဖော်

အမုန်းကိုပယ်

အတ္တကို ဥပေက္ခာပြု

နှစ်သစ်ရဲ့အာရုဏ်ဦးရောင်ခြည်လို

အတွေးမြူးမြူးတွေနဲ့

ကဗျာတပုဒ်ကို

လှပစွာပုံဖော်နိုင်ကြဖို့

အားလုံး အားယူရုန်းကြွ နိုးထကြစို့...

၂၀၁၂မှာ...

မျက်ရည်တွေသိမ်း

အမုန်းမီးတွေငြိမ်း

အာဃာတလျှောက်လမ်းပေါ်က

ရန်ငြှိုးဆူးညှောင့်တွေအားလုံး

အဝေးက အတိတ်ထဲ

လုံးချေလွှင့်ပစ်ကြဖို့

အားလုံးအားယူကြစို့လား...

ကိုယ်... ချစ်သူ.... ခင်သူ... အားလုံး အားလုံးပေါ့....


၂၀၁၂

နှစ်သစ်ကူးအမှတ်တရ

(ရင်မှကဗျာ)