Thursday, April 01, 2010

ဧပရယ်လ်ဖူး


သူမ.... တိမ်ညိုတွေနေရာယူထားတဲ့ ကောင်းကင်ကမ္ဗလာကြီးထဲက ငှက်တွေရယ်သံသဲ့သဲ့ကို နားစွင့်ရင်း အိမ်ရှေ့က ပိတောက်ပင်အောက်မှာ ဒန်းစီးနေရင်း ညဉ့်သန်းခေါင်ကို လွတ်လပ်စွာကျော်ဖြတ်နေလေရဲ့။

ရာသီနွေဦး လေရူးတသုန်သုန်နဲ့အတူ ကခုန်နေတဲ့ ပန်းပိတောက်ပင်ကြီးကိုလည်း သဘောတကျ မော်ကြည့်နေမိတယ်။

လေရူးဂီတတီးဝိုင်းထဲမှာ သူမရဲ့အိမ်ရှေ့ဧည့်ခန်းက ခန်းဆီစ ပြာပြာတို့က နတ်မိမယ်လေးတွေအလား ကနွဲ့ကလျ သွဲ့သွဲ့နွဲ့နွဲ့လေးကလျက်....

သူမခြေအစုံကို သဘာဝကော်ဇောဖြစ်တဲ့ ဖြူလွလွမြေမှုန့်အခင်းလေးကို တော့ကာ တော့ကာနဲ့ တချက်တချက် လေဟာပြင်ထဲ ရောက်အောင် ကိုယ့်ကိုယ်ကို တွန်းရင်း.... သူမဆံနွယ်တွေ လေနဲ့မျောတာကို သဘောတကျ ခါရမ်းရင်း ဆယ်ကျော်သက်ရောဂါကို ပြန်ပြောင်းခံစားနေလေရဲ့...

ပိတောက်ပင်ကြီးမှာ သူမနှစ်သက်မျှော်လင့်နေတဲ့ နွေရဲ့ သင်္ကြန်ရဲ့ ထာဝရအမှတ်သင်္ကေတဖြစ်တဲ့ ပန်းပိတောက်ရွှေဝါတွေ မိုးမင်းသားလေးရဲ့ အတို့အထိ ကျီစယ်မှုနဲ့ ချစ်ရေစင်သွန်းမယ့်အခါသမယကို မျှော်လင့်ရင်း အစိမ်းရောင်ပွင့်ဖတ်အိမ်လေးတွေထဲမှာ ရင်ခုန်စွာပုန်းခိုရင်း စောင့်စားနေကြတာကို မချိတင်ကဲဖြစ်မိနေတာက သူမ...

ရင်ထဲက ဆယ်စုနှစ်တစ်ခုလောက် မှတ်မှတ်ရရ ခံစားခွင့်ရနေတဲ့ အဖြစ်အပျက်လေးတစ်ခုကိုလည်း သူမ ဒီနေ့ညမှာ ခံစားရမလားရယ်လို့ ရင်ခုန်နေသေးတယ်။

အတိတ်ဟာဆွေးမြေ့တတ်တဲ့သဘောရှိသတဲ့။ ပြောကြတဲ့ အများသူတွေရဲ့ ခွန်းတုံ့လှယ်စကားတွေကို သူမ လုံးဝလက်မခံနိုင်လောက်အောင် သူမရဲ့ အတိတ်က သစ်လွင်နေတယ်။ ခံစားချက်ကို သမင်လည်ပြန်တွေးတောလိုက်တိုင်း နွေးထွေးသစ်လွင်တဲ့ ရင်ခုန်သံစည်းချက်တို့က သူမကို အားဆေးတခွက်အလား ခံစားစေတတ် လတ်ဆတ်စေတတ်သား...

ဒီတစ်ညကော... ဒီညလေးမှာကော... သူမ ထပ်မံရရှိပိုင်ဆိုင်ရအုံးမလားဟင်...
ဘယ်သူမှ ဖြေသိမ့်မှုအဖြစ် ဖြေဆိုပေးမယ့်သူမရှိ... သူမကလည်း အသံတိတ်မေးနေတာပဲ... ရှက်သလို ရယ်ချင်သလို ငိုချင်သလိုနဲ့ သူမ ရူးသွပ်ခြင်းကို ဖက်တွယ်ထားနေမိတယ်။

နီစွေးစွေး နှုတ်ခမ်းနှစ်လွှာအကြားကနေ လေထုထဲ သူမအင်အားတွေနဲ့ထုတ်လုပ်လိုက်တဲ့ လေနွေးနွေးလေးကို မျှဝေပေးလိုက်ရင်း မျက်လွှာချကာ လွန်ခဲ့တဲ့ ၂၀၀၀ခုနှစ် ဧပြီလတစ်ရက်နေ့ မနက်တစ်နာရီအချိန်က အဖြစ်အပျက်လေးကို ရင်ခုန်သံကို နောက်ခံဂီတအဖြစ် အသုံးချပြီး မျက်ဝန်းနှစ်လွှာထဲမှာ ပိတ်ကားထောင်ရင်း ခံစားလိုက်တော့တယ်....

အဲဒီနေ့လေးမှာ... သူမ ဒီလိုလေးပဲ ဒီနေရာလေးမှာ ခံစားချက်လေးတွေနဲ့ ကဗျာတောထဲရူးသွပ်နေတုန်းပေါ့...
မှတ်မှတ်ရရ သူမအသက် ၁၈နှစ်...

ခန်းဆီးစလေး လေအဝှေ့မှာ အိမ်ရှေ့ဧည့်ခန်းက တိုင်ကပ်နာရီက ဒေါင်ဒင် ဆိုတဲ့ နာရီသံ တစ်ချက်အထိုးမှာ...
သူမအချစ်တုံး တယ်ရီယာလေးရဲ့ ဒေါသတကြီး ထိုးဟောင်လိုက်သံက တိတ်ဆိတ်နေတဲ့ နွေညကို အသက်ဝင်လာစေခဲ့တာပေါ့။

သူမလည်း ပျော်မွေ့နေတဲ့ အတွေးနုနု စိတ်ကူးရူးရူးတွေထဲကနေ လက်ရှိကာလထဲ ခုန်ပေါက်ထွက်လာမိတော့
ခြံရှေ့မှာ ပိတောက်ခက်တွေကို လှလှပပ ထုပ်ပိုးထားတဲ့ ပန်းစည်းလှလှလေး... နောက် ဘိုမအရုပ်လေး... နောက် လက်နဲ့သေချာဖန်တီးထားတဲ့ ပို့စ်ကဒ်လှလှလေး.... စာတန်းလေးတွေက ရုတ်တရက်ဆို ဂီတသင်္ကေတလိုလိုမို့ သူမ အရမ်းစိတ်ဝင်တစား လှမ်းယူဖတ်ကြည့်လိုက်တော့... စာသားလေးတွေက ရင်ခုန်စရာ ဒီလိုရေးထားတယ်...

"ဟေ့ ဧပရယ်လ်ရေ...

မင်းကို ပိတောက်ပန်းစည်းနဲ့အတူ

ငါ့ရဲ့ လက်နဲ့သေချာဖန်တီးထားတဲ့ ပို့စ်ကဒ်လေး

အဲဒီထဲက စာသားတွေက

ငါ့စိတ်ရင်းထဲကလာတဲ့ မင်းအတွက် ဆန္ဒတွေ...

မင်းသေချာခံစားလိုက်စမ်းပါ

ဒီနေ့မင်းမွေးနေ့ဆိုတာ

ဒီနေ့ နံနက် တစ်နာရီတိတိမှာ

မင်းအသက် ၁၈နှစ်ပြည့်တာ

ငါသေသေချာချာ စီစဉ်ထားတဲ့

ဒီလက်ဆောင်နဲ့အတူ

မင်းရင်ထဲ ငါအရောက်လာခဲ့ပြီ။

နောင် နှစ်တွေ နှစ်တွေ...

ငါ အသက်ရှင်နေသရွေ့

မင်းလည်း အသက်ရှင်နေသရွေ့ပေါ့

ငါ မင်းဆီ အခုလို

အရောက်လာခဲ့အုံးမယ်...

မင်း ရင်ထဲ ဘယ်လိုရှိမလဲ

ငါမသိချင်သေးဘူး

တခုတော့ပြောထားလိုက်မယ်

ဒီဆယ်စုနှစ်အဆုံးမှာတော့

မင်းဆီ ငါအရောက်လာခဲ့မယ်...

အဲဒီအချိန်...

မင်း ငါ့အတွက် တစုံတရာ ပြောဆိုစရာရှိနေလိမ့်မယ်လို့

ငါယုံကြည်တယ်...

ညီလရောင် (ဧပြီတစ်ရက် သက္ကရာဇ် နှစ်ထောင် မနက် တစ်နာရီတိတိ)" .... တဲ့။

သူမ အရမ်းရင်ခုန်ရင်း ညီလရောင်ဟာ ဘယ်သူဆိုတာရယ် ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာရယ် အရမ်းသိချင်နေမိတယ်။

ညီလရောင်သုံးနှုန်းတဲ့ နာမ်စားခပ်ရင့်ရင့်ကို သိပ်အလေးအနက်မထားမိလောက်အောင် ညီလရောင်ပေးသွားတဲ့ ပိတောက်ပန်းနံ့သင်းသင်းတွေကြားထဲ သူမပျော်ရွှင်သွားတယ်...

လေးနက်ခြင်းကိုတော့ သူမအဓိပ္ပါယ်မဖွင့်ခဲ့ မဆန်းစစ်ခဲ့မိဘူး....

နောင် နှစ်တိုင်း နှစ်တိုင်း အရင်လိုပဲ ညီလရောင် လက်ဆောင်ပေးနေဆဲပဲ....ဒီနှစ်တော့ ညီလရောင်ပြောခဲ့တဲ့ ဆယ်စုနှစ်အဆုံးကိုရောက်လာပြီ။


သူလာတော့မယ်.... သူမရင်ခုန်နေတယ်...နာရီသံကို သူမရင်ခုန်သံနဲ့စည်းချက်လိုက်ရင်း ဝင်သက်ထွက်သက်တွေမှားနေလေရဲ့....

"ဒေါင်ဒင်...." ဆိုတဲ့ နာရီသံက သူမနားစည်ကို ဖောက်ခွဲလိုက်တဲ့ ဒိုင်းနမိုက်လိုပဲ.... သူမအတွက် သိပ်ကျယ်လွန်းလှတာမို့ ရင်တုန်နေတဲ့ သူမရင်ဘတ်လေးကို လက်အစုံနဲ့ ယှက်ထားမိတယ်...

ဒီအချိန်မှာ... တယ်ရီယာလေးရဲ့ ထိုးဟောင်မှုက အဆက်မပြတ်ထွက်လာပြီ... သူမ ခြံတံခါးဝကို ခြေဗလာနဲ့ အပြေးလေးသွားမိတယ်.... အိုး... စူးရှတဲ့အလင်းတန်းကြောင့် သူမမျက်လုံးတွေ တဒင်္ဂပြာဝေသွားတဲ့အချိန်...
မျက်လုံးလေးမှိတ်ထားတုန်း ပိတောက်နံ့တွေ နှာဝကို ကျီစယ်လာကြတယ်... သူမ မမြင်မစမ်းနဲ့ တစုံတရာကို ဝင်တိုက်မိတဲ့အချိန်မှာ သူမရင်ခုန်သံက သူမကို အနိုင်ယူသွားတယ်....

တစက္ကန့်...နှစ်စက္ကန့်.....

တမိနစ်... နှစ်မိနစ်...

"ဟေး....သတိထားအုံးလေကွာ... ဖက်နမ်းလိုက်မှ သတိရမှာလား ဟင်"

အိုး... သူမ ဘာတွေဖြစ်သွားမိတာလဲ... ပြာပြာသလဲ ရုန်းထွက်မိတော့ သန်မာတဲ့လက်တစ်စုံက နွေးထွေးတဲ့အငွေ့အသက်တွေရှိတဲ့ နေရာကို ဆွဲဆွဲသွင်းနေတာ သူမခံစားနေရပြန်တယ်။

ခေါင်းမော့ကာ ကြည့်မိတော့ ပိရိသေသပ်တဲ့ အပြုံးကို မပီမပြင် ပုံဖော်ထားတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မျက်နှာပြင်တစ်ခု....

သူပါလား...ညီလရောင်ဆိုတာ

သူမ အရမ်းအံ့သြသွားရင်း မျက်ဝန်းမှ မျက်ရည်လေးတွေ သူမပါးပြင်မှာ လှပစွာလိမ့်ဆင်းလာကြတယ်...

ညီလရောင်...သူ... သူဟာ ညီလရောင်လား။

ူသူမ ခံစားချက်တွေကနေ ရုန်းထွက်လို့မရတော့ပြန်ဘူး။ သူမ အရမ်းအံ့သြနေတယ်...

သူမ ဟိုးအဝေးကြီးက ငှက်တွေရဲ့ရယ်သံတွေ ကြားသလိုလို တစုံတယောက်က တိုးတိတ်ညှင်းသဲ့စွာ လှောင်ရယ်နေသလိုလို ခံစားနေရပြန်တယ်...

မရတော့ဘူး..ဒီအခြေနေကို သူမ လက်မခံနိုင်တော့ဘူး... ဆက်မခံစားနိုင်တော့ဘူး... အပြောင်းအလဲတခုခု ဖြစ်စေချင်တယ်... ဘယ်သူက သူမအတွက်လုပ်ပေးမလဲ... ဒါဆို...
သူမကိုယ်တိုင်း ဒီအခြေနေကြီးကို ပြောင်းလဲပစ်မှဖြစ်မယ်... သူမရုန်းထွက်ဖို့ အင်အားရှိသရွေ့အသုံးချပြီး ညီလရောင်ရဲ့ ရင်အစုံကို ဆောင့်တွန်းလိုက်တဲ့အချိန်....


"ဟဲ့....ဟဲ့ ... ရွှေသံစဉ် ဘာဖြစ်နေတာလဲ၊ ငြိမ်ငြိမ်လေးနေလေ၊ ဒီမှာ အကြောရှာမရသေးလို့ အားဆေးသွင်းလို့မရဖြစ်နေတာကို ဘာတွေယောင်နေပြန်ပြီလဲ... ငါ့နှယ်နော်... ဒီစိတ်ဝေဒနာသည်နဲ့တော့ စိတ်ညစ်ရပါလား..."
အို... သူမ အပြောင်းအလဲတခုလုပ်လိုက်မိပြီ.... ဒါပေမယ့် သူမပြောင်းလဲလိုက်မိတဲ့ ဒီအခြေနေကိုကော သူမလိုချင်တဲ့ပုံစံမဟုတ်ပါလား... သူမကို မျက်လုံးစိမ်းတွေနဲ့ ကြည့်နေတဲ့ ဒီမိသားစုအိမ်လေးထဲ ပြန်ရောက်လာရတာ သူမကျေနပ်တဲ့ပြောင်းလဲခြင်းတခုလား.... မဟုတ်ဘူး။ မဟုတ်ဘူး။

"ညီလရောင်...ညီလရောင်"
သူဘယ်မှာလဲ.... သူ့ရင်ခွင်ထဲ သူမပြန်ပြီးခိုနားပါရစေ... သူမ မောလှပြီ။ မျက်လွှာချရင်း ညီလရောင်ကို ပြန်လည်ပုံဖော်နေမိတယ်....

" ညီလရောင်ရေ.... ဧပရယ်လ်လေ ဧပရယ်လ့်ကို စိတ်ဆိုးသွားပြီလားဟင်...အသံကြားရင် ပြန်လာပါနော်...."

"ညီလရောင်!!!"


မှတ်ချက်။ ဧပြီလတစ်ရက်နေ့တွင်ကျရောက်သော ဧပြီအရူးနေ့အထိမ်းအမှတ်အဖြစ် ဘလော့မိတ်ဆွေသူငယ်ချင်းအပေါင်းအား မျှဝေဖန်တီးပေးဖြစ်တာပါ။




Thursday, March 25, 2010

ရင်ခုန်သံစာတမ်း


နိဒါန်း

နွေနေရောင် ခပ်တောက်တောက်ထဲက ရော်ရွက်ဝါတသိုက် သူ့ထက်ငါအလုအယက် ကမ္ဘာမြေပေါ်တိုးဝှေ့ရင်း
နွေဥသြတွန်သံ တခါတခါနားစွင့်ရင်းနဲ့ တရက်ပြီးတရက်ပေါ့...

ကျွန်မ ဘေးဘီကို လှမ်းကြည့်မိတော့ အားလုံးဟာ လဟာပြင်လိုပါပဲလေ။ အထီးကျန်ခြင်းဆိုတဲ့ဝိသေသကို
ကျွန်မသာမက လူအများစု ပိုင်ဆိုင်နေကြရတဲ့ဒီခေတ်ကြီးထဲမှာ ကျွန်မခံစားရသမျှကို ရင်ခုန်သံနဲ့ထပ်တူ
ရင်ထဲမှာရေးဖြစ်နေလေရဲ့။

တချက်ချက် ဝှေ့ဝဲတိုက်ခတ်လာတဲ့ လေခပ်နုနုဟာ သဲမှုန်တွေကို တနေရာကနေတနေရာ မျှဝေပေးနေ
သလိုပဲ။

ရှင်းလိုက် ရှုပ်လိုက်ဖြစ်နေတဲ့ ရင်တွင်းခံစားချက်တစိတ်တဒေသမှာ ပုံဖော်ရခက်မယ့် ရသနည်းနည်း
ပြင်းရှမှုများစွာနဲ့ ဖွဲ့တည်ရာ ဝေဒနာတချို့ကို လူးလှိမ့်ခံစားရင်း တနေ့ပြီးတနေ့ စက္ကန့်အသင်္ချေအောက်
ဖြစ်သင့်ရာ ဘဝတခုအတွက် မာန်အပြည့်နဲ့လှုပ်ရှားနေရသေးတယ်။

တချိန်ချိန်မှာတော့ ချစ်ခြင်းရဲ့အရသာကို စွန့်လွှတ်သွားနိုင်လိမ့်မယ်လို့ တခါမျှတော့ အိပ်မက်တောင်
မမက်ခဲ့တဲ့ကျွန်မမှာ မြတ်နိုးမှုထပ်တူ ဘဝချင်းလက်တွဲကူနေတဲ့ အကြင်နာကလည်း တနေ့တခြားတိုး
ပွားလာတဲ့ ကျွန်မတို့ရဲ့ ပေးဆပ်ရမယ့်ဝတ္တရားတွေတပုံတပင်ရဲ့အောက် ကျွန်မကို ဘေးမှာထားပြီး
ကြိုးပမ်းနေရတာလည်း မြင်ရတိုင်း ပျော်ရွှင်ခြင်းများစွာနဲ့ ရင်ထဲမှာ ကျင်ခနဲ ကျင်ခနဲပါပဲ။

ဒီလို ပုဂ္ဂလိကခံစားချက်တချို့ရဲ့ အပြင်ဘက်က ကဗျာဆန်ဆန် ဘဝအလှကိုတော့ ကျွန်မကော
အကြင်နာပါ အမြဲတမ်း အာဟာရတခွက်လို သုံးဆောင်ဖြစ်ကြတယ်လေ။

စာကိုယ်

သိပ်ချစ်တတ်တဲ့ နှလုံးသားတစ်စုံဟာ ဝေဝါးသွာပြီဖြစ်တဲ့ အတိတ်ကာလခပ်နွေးနွေးလေးထဲမှာ
ဆုံစည်းဖြစ်ခဲ့ကြတယ်။

ကွန်ပျူတာရှေ့မှာ ရှစ်နာရီလောက် ထိုင်ပြီးအလုပ်တွေတောက်လျှောက်လုပ်နေရတဲ့ ကျွန်မရဲ့
အတိတ်ဘဝကာလတိုတိုလေးတုန်းကပေါ့။

နုနုနယ်နယ် စာသင်သားဘဝကိုစွန့်ခါစ ဘဝပင်လယ်အောက် အမောတကော ဖြတ်သန်းနေကြ
တဲ့ အရွယ်ရောက်သူ ဘဝသမားတွေနဲ့ တပါတည်း ပူးပေါင်းရင်း ကိုယ့်ကိုယ်ကို ဘဝအတွက်
အစချီလိုက်ပြီလို့ သဘောထားလိုက်တဲ့အချိန်လေးအတွင်း ခြောက်ကပ်ကပ်နိုင်တဲ့ ကန္တာရတခု
မှာ အလုပ်တခုလုပ်ဖို့ ဖြစ်ခဲ့တယ်လေ။

လွတ်လပ်စွာနေတတ်တဲ့သဘာဝရှိတဲ့ ပျော်တတ်တဲ့ စိတ်ကောက်တတ် စိတ်တိုတတ် ဒေါသကြီး
တတ် တဇွတ်ထိုးဆန်တတ် တဇောက်ကန်းကလေးဆန်ဆန်စရိုက်အပြည့်ရှိတဲ့ ကိုယ်လုပ်ချင်တာ
ကိုသာ အရာအားလုံးမေ့တဲ့အထိ တစိုက်မတ်မတ်လုပ်တတ်တဲ့ ကျွန်မကို အချစ်ဆိုတဲ့မြှားနတ်ရှင်
လေးက မျက်စိကျသွားတဲ့အချိန်မှာ အကြင်နာကို ကျွန်မစတင်သိကျွမ်းခဲ့ရပါတယ်။

တနေ့ပေါ့... မှတ်မှတ်ရရ ဆယ်ရက်ကိုးလနှစ်ထောင့်ခုနစ် နံနက်ဆယ်နာရီမှာ...ကွန်ပျူတာလက်
ကွက်ပေါ် ကျွန်မလက်တွေဆော့ကစားဖြစ်တဲ့ အဲဒီအချိန်... အင်တာနက်ကို အလုပ်လုပ်ရင်းသုံးနေ
တတ်တဲ့ အထက်လူကြီးငြူစူမှုကိုမသိကျိုးကျွံပြုရင်း လူကြီးကိုကျောခိုင်း အလုပ်တာဝန်တွေ မရပ်
မနားလုပ်ရင်း အီးမေးလ်ကိုဖွင့်စစ်တတ်တဲ့ ကျွန်မရဲ့ ဝသီအတိုင်း အဲဒီနေ့ကလည်း အီးမေးလ်စစ်ခဲ့
တယ်လေ။

(အပြီးမသတ်သေးသော ကျွန်မရဲ့ရသစာတမ်းလေးကို နောက်ရက်တွေမှာဆက်လက်ခံစားပေးဖို့
တောင်းပန်ရင်း...)




Wednesday, March 03, 2010

ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ


ခြေလှမ်းတိုင်း
အားအင်အပြည့်ပေါ့...

ဘေးချင်ယှဉ်လျက်
နောက်ထပ်ခြေလှမ်းတစ်စုံ
ရနံ့မပြယ်မယ့် ရောင်စုံပန်းခင်းထဲ
ထပ်တူ ဆက်ကာလှမ်းရင်း...

ချိုမြိန်တဲ့သစ်သီးတွေ အပြည့်နဲ့
စိမ်းစိမ်းအုပ်အုပ်လေးဆီ
ဟန်ပါပါလှမ်းတိုင်း
သူ့နှုတ်ခမ်းဆီက
ပန်းသီးတစ်ကိုက်ချင်း
ကိုယ့်နှုတ်ခမ်းဆီကို
တယုတယမျှဝေတော့
ကိုယ် ယစ်မူးနှစ်လိုစွာ အရသာခံရင်း
တနေ့ပြီး တနေ့
စက္ကန့်တိုင်း စက္ကန့်တိုင်း....

အင်အားခွန်အားသစ်တွေ
အပြည့်နဲ့
လျှောက်လှမ်းတဲ့လမ်းအပေါ်
မိုးသားအုံ့အုံ့တွေ စိုးမိုးစပြုလာတိုင်း
ကိုယ်နဲ့သူ့ နှုတ်ခမ်းတွေက
ချိုမြိန်တဲ့
အချစ်လေပြင်းတွေ မှုတ်ကာ
ကိုယ်တို့ ကောင်းကင်ကို
ကြည်စင်သွားစေ....

နေခြည်ဖြန်းတိုင်း
မိုးစက်လက်ကျန်တွေက
ရောင်စဉ်ခုနစ်သွယ်ဖြစ်တော့
နှစ်ယောက်သားဟာ
ကြည်နူးရိပ်များစွာနဲ့
သက်တံပေါ်
ရောက် ရောက် သွား...


ပန်းသီး
တစ်ကိုက်ချင်း တစ်ကိုက်ချင်း
ခွန်အားတွေ မျှဝေရင်း
ဆက်လျှောက်မယ်
နေ့သစ်တွေဆီ
ချစ်ရနံ့မပြယ်မယ့်
ကိုယ်တို့ရည်မှန်းရာ ကမ္ဘာရဲ့
အဆုံးမဲ့လမ်းပေါ်ပေါ့...

တွဲထားမယ်
သူ့လက်ကို
တပ်တူကျတဲ့
ဘဝတစ်ခုနဲ့လေ....


(အမှတ်တရ သုံးရက်သုံးလ)