Wednesday, April 09, 2008

ကာရံညှိမယ့်ကြိုး

သူ
တစ်ပါးသောအာရုံခံစားမှုရဲ့လွှမ်းမိုးစေစားရာအောက်မှာ
အလူးအလဲနလန်မထူနိုင်တော့ဘူးလေ
သူ
ဒီအချိန်မှာအမှတ်ရနေမိတာကအခါတစ်ပါးက
မျှော်လင့်ချက်များစွာနဲ့ငတ်မွတ်တမ်းတနေတဲ့မျက်ဝန်းတစ်စုံ
သူ
အဲဒီမျက်ဝန်းရဲ့ခက်ဆစ်တွေကိုအဘိဓါန်မလှန်ဖြစ်ခဲ့ယင်
သိပ်ကောင်းမှာဘဲလို့လည်းနောင်တမရမိတာကိုကပြုံးမိလျက်သားပါ
သူ
ဒေါသတကြီးတုံ့ပြန်မှုတွေကိုနားမလည်နိုင်စွာလက်ခံရရှိခဲ့ပြီးတဲ့နောက်
မျက်ဝန်းတစ်စုံရဲ့ဝိသေသတွေကိုအငမ်းမရလှန်လှောချင်စိတ်ပေါက်သွားမိတာ။
သူ
ဆင်ခြင်တုံတရားရဲ့အကူအညီနဲ့ခံစားချက်များစွာကိုတနင့်တပိုးပိုင်ဆိုင်နေရတဲ့
အချိန်မှာမျက်ဝန်းတစ်စုံဟာလည်းရောင်နီပျို့မယ်အရုဏ်ဦးကိုငံ့လင့်နေဆဲပါတဲ့။
သူ
လောကကြီးကိုဥပေက္ခာပြုတတ်အောင်ကျင့်ကြံမိလျက်သားဖြစ်သွားတာက
ငါးသိုင်းများဟင်းဟုံဆိုသလိုထပ်တူကျသွားတာပါလေ။
သူ
ရှိစေတော့ရယ်လို့စိတ်လျော့လိုက်ဖို့ကလည်းသူဗီဇကခွင့်မပြုပြန်ဘူး။
သူ
မျက်ဝန်းတစ်စုံရဲ့ခက်ဆစ်တွေကိုအထာကျကျကျက်မိတဲ့အချိန်မှာသည်းခံခြင်း
များစွာဟာခိုင်မြဲနေတာကိုစိတ်ချမ်းမြေ့ဖွယ်တွေ့ထိမိပြန်တော့။
သူ
ကာရံတွေကိုလှပအောင်ညှိယူဖို့မျက်ဝန်းတစ်စုံကကြိုးစားနေတာကိုသိနားလည်တဲ့
အချိန်မှာအလိုလားဆုံးဆန္ဒကကာရံညှိတဲ့ကြိုးအဖြစ်ရပ်တည်ချင်တာပါတဲ့။
သူ
ရင်တွင်းဆန္ဒကိုမျက်ဝန်းတစ်စုံသိခွင့်ရအောင်ကြိုးစားမိပေမယ့်လောကရဲ့နိယာမက
မျက်နှာသာမပေးခဲ့ပြန်တာကိုတော့အလိုမကျမှုများစွာနဲ့လက်ခံရပြန်ပါတ.ယ်။
သူ
လျှင်လွန်းတဲ့စိတ်ခံစားမှုရဲ့ဖြစ်တည်ရာနှလုံးသားဆိုတဲ့အရာကိုပိုင်ဆိုင်ခွင့်မရှိတော့တဲ့
အခါမျက်ဝန်းတစ်စုံဟာကာရံညှိတဲ့ကြိုးကိုဆော့ကစားခွင့်ရသွားပြီဆိုတာဝမ်းပန်းတသာ
လက်ခံလိမ့်မယ်လို့မျှော်လင့်နေမိတယ်။
သူ
မျက်ဝန်းတစ်စုံကိုခံစားခွင့်ရခဲ့တာကိုကဘ၀ရဲ့အရသာကိုနက်နဲသိမ်မွေ့စွာ
ကျော်လွှားခံစားစေသလို....
ယုံကြည်မျှော်လင့်ခြင်းဆိုတာထက်ပိုင်ဆိုင်ပျော်ရွှင်ခြင်းတွေကိုပဲခံစားခွင့်ပေးပါလို့
ငံ့လင့်နေမိတယ်လေ။
ကာရံကိုလှပအောင်ညှိဖို့ကြိုးတစ်ချောင်းသာလိုတဲ့ဒီဖြစ်ရပ်မှာလှပတဲ့ကာရံကို
ဖန်တီးမယ့်သူကမျက်ဝန်းတစ်စုံပိုင်ရှင်ပါ။
သူ
စောင့်နေတယ်
သူ
အားသစ်များတိုးပွားလာအောင်ယုံကြည်မှုဆိုတဲ့anti software
ကိုနှလုံးသားထဲမှာ install လုပ်ထားရတယ်။
သူ
မျှော်လင့်ရမှုများနဲ့အတူ ယုံကြည်မှုဆိုတဲ့အားတည်မြဲနေအောင် ဝင်ရောက်
ဖျက်ဆီးနေကြတဲ့ အတ္တ၊သံသယစတဲ့ ဗိုင်းရပ်စ်တွေကို နေ့စဉ်အောင်မြင်စွာ
ရှင်းပစ်နိုင်ဖို့ anti software ကို မျက်ဝန်းတစ်စုံရဲ့ရင်တွင်းဖြစ်ကာရံများစွာနဲ့
update လုပ်နေရတာလည်း မမောနိုင်မပန်းနိုင်ပါဘဲ။
သူ
သိပ်ကိုပျော်ဝင်သွားခဲ့ပါပြီ။
သူ
သိပ်ကိုတည်ငြိမ်သွားခဲ့ပါပြီ။
သူ
ကာရံလေးသာလှပစွာပေါ်ထွက်လာဖို့တမ်းတတတ်နေပါပြီ။
အတ္တမပါဘူးလို့မဆိုလိုပါဘူး။
အတ္တကသည်းခံလိုက်လျောခြင်းတွေလေ။

No comments: