Thursday, January 12, 2012

အာရုဏ်ဦးရဲ့ အမုန်းမဲ့နှစ်သစ် ၂၀၁၂


ချစ်သူပေးတဲ့ နှစ်သစ်လက်ဆောင်

ဇီးကွက်လေးကောင်ကတဲ့ ကဒ်လေး

လက်ခံရရှိလိုက်တော့

အာရုဏ်တက် နှစ်သစ်နေနဲ့အတူပေါ့....

၂၀၁၂ တဲ့

ပေါင်းခြင်းကတော့ ငါး...

စကားလုံး ငါးလုံးပါတဲ့

“အမုန်းမဲ့နှစ်သစ်” ရယ်ပေါ့....

ချစ်သူနဲ့ကိုယ့်အတွက်

နှစ်သစ်မှာ အမုန်းမဲ့နေမယ်...

အားလုံးအတွက်လည်း

အမုန်းမရှိတော့တဲ့ နှစ်သစ်

အဲဒါ...

၂၀၁၂ ပေါ့...

ကိုယ်မျှော်လင့်နေမိတယ်...

ယုံကြည်စွာပေါ့...

ဒါဟာ

အားလုံးအတွက်

အထင်ကရနှစ်သစ် ၂၀၁၂ ....

သိပ်ချစ်မိတဲ့ချစ်သူ

သူနဲ့အတူ ကိုယ်ပျော်နေမယ်

အမုန်းမဲ့နှစ်သစ်အစမှသည်.....

နောင်ထာဝရ အမြဲ...

အားလုံးနဲ့လက်တွဲ

ငြိမ်းချမ်းရာဆီ

ခွန်အားအပြည့်နဲ့

သက်လုံလည်းမကျစတမ်း

အလွမ်းဗလာ အနာဂတ်ကဗျာဆီပေါ့...

သွားကြမယ်အတူတူ...

အခု ၂၀၁၂ ကနေ...

သက်ဆုံးတိုင်...

ကမ္ဘာတည်သရွေ့လေ...

အားလုံးပျော်မယ်ဆို...

ဆုတောင်းရကျိုး နပ်မယ်လို့

ကိုယ်တွေးရင်းကြည်နူး

ကြည်နူးရင်းခံစား....

အတွေးကို ပုံဖော်

အမုန်းကိုပယ်

အတ္တကို ဥပေက္ခာပြု

နှစ်သစ်ရဲ့အာရုဏ်ဦးရောင်ခြည်လို

အတွေးမြူးမြူးတွေနဲ့

ကဗျာတပုဒ်ကို

လှပစွာပုံဖော်နိုင်ကြဖို့

အားလုံး အားယူရုန်းကြွ နိုးထကြစို့...

၂၀၁၂မှာ...

မျက်ရည်တွေသိမ်း

အမုန်းမီးတွေငြိမ်း

အာဃာတလျှောက်လမ်းပေါ်က

ရန်ငြှိုးဆူးညှောင့်တွေအားလုံး

အဝေးက အတိတ်ထဲ

လုံးချေလွှင့်ပစ်ကြဖို့

အားလုံးအားယူကြစို့လား...

ကိုယ်... ချစ်သူ.... ခင်သူ... အားလုံး အားလုံးပေါ့....


၂၀၁၂

နှစ်သစ်ကူးအမှတ်တရ

(ရင်မှကဗျာ)


Tuesday, November 29, 2011

ကျောက်ထက်အက္ခရာ


စကားလုံးတွေ

မိုးတိမ်အဖြစ်နဲ့

ငါ့ကောင်းကင်ယံမှာ နေရာယူထားတော့...

အချစ်ဆုံး သူ့ရဲ့ မျက်လုံးအစုံက

သူရိန်နေမင်းအဖြစ်နဲ့ပေါ့...

ဒါတွေထားလိုက်ပါလို့

မင်းပြောမလား ချစ်သူ...

ဘ၀မှာ

အချစ်ထက်အရေးပါတဲ့ စကားလုံးမဲ့ကောင်းကင်တစ်ခုများ

မင်းဖန်ဆင်းချင်သေးလို့လား....

အပြောထက်အလုပ်က အရေးကြီးတာကိုတော့

အလုပ်လုပ်တဲ့သူတိုင်း

သိတာနားလည်တာပေါ့...

ဒါပေမယ့်လေ

စကားလုံးတွေသာ မရှိရင်...

ကမ္ဘာပေါ်မှာ ဒို့ရှင်တော်မြတ်ဘုရားကလည်း

စကားကြီးဆယ်ခွန်းတို့

သုဘာသိတာ တို့လို

စကားအရာမှာ လိမ္မာပါးနပ်ဖွယ်အကြောင်းတရား ညွှန်ကြားထားပါ့မလား ချစ်သူရယ်...

ငါ့အတွက်တော့....

စကားလုံးမိုးတိမ်တွေနဲ့ အေးမြလတ်ဆတ်နေတဲ့

ခပ်ပြာပြာကောင်းကင်ကြီးထဲက

မြတ်နိုးမှုလေညှင်းတွေသာ

ငါခံစားချင်နေတာ...

အဲဒီစကားလုံးတွေဟာ

ကမ္ဘာမဆုံးသေးသရွေ့တော့

ကျောက်ထက်အက္ခရာတင်ဖြစ်သွားတဲ့

ကျောက်ဖြစ်အက္ခရာတွေအဖြစ်

ငါ့ရဲ့နှလုံးသားကျောက်ဆောင်မှာ

မှတ်ကျောက်ထင်ထားချင်ရဲ့....

အဲဒီအတွက်တော့

ချစ်သူရေ....

မင်းနှုတ်ဖျားက

ငါ့အတွက်

စကားလုံးလေးတွေ

တစ်နေ့တစ်ခွန်းကျတော့

ဖွင့်ဟပေးပါလား....

တောင်းဆိုပါရစေ ချစ်သူ....

ကိုယ့်အတွက်

ကျောက်ထက်အက္ခရာအဖြစ်နဲ့ပေါ့....

ချစ်သောဒီဇင်ဘာအတွက်

နီနီ (နိုဝင်ဘာ ၂၉ ၂၀၁၁ ၁း၂၀နာရီ)






Saturday, November 12, 2011

၁၁-၁၁-၁၁

မနေ့ညက ရုတ်တရက်နာရီကို ငုံ့အကြည့်

၁၁နာရီ ၁၁မိနစ် တဲ့....

အဲဒီညက အိပ်ရာဝင်တော့ အမှတ်မထင်နာရီကိုပြန်အကြည့်

၁နာရီ ၁၁မိနစ် တဲ့....

ဒီနေ့မနက် အိပ်ရာက ထတော့ နာရီတစ်ခါပြန်ကြည့်

၁၁နာရီ ၁၁မိနစ် တဲ့...

အခုတစ်ခါ ကဗျာစပ်မိပြန်တော့ နာရီကိုတစ်ခါပြန်အကြည့်

၁နာရီ ၁၁မိနစ်တဲ့....

လည်နေတဲ့ ဒီ ၁ ဘယ်တော့ပြန်ရပ်မလဲ...

မစဉ်းစားချင်တော့ပေမယ့်

ဒီ ၁တွေ ဆုံတဲ့နေ့မှာ

ငါ့နှလုံးသားရဲ့နယ်ပယ်ထဲမှာ

၁ဂဏန်းစိုးမိုးနေတဲ့သူတစ်ယောက် အပြုံးမြမြနဲ့ ငါ့ကိုငုံ့ကြည့်နေပြန်တယ်။

၁ဂဏန်းဆုံတဲ့ ဒီနေ့ ဆေးပေါင်းခမလား

မပြောတတ်ပေမယ့်....

အိမ်ရှေ့မှာတော့ မီးပုံးတွေ ၁၀လုံးကို

ငါ့ထက် ၁၀နှစ်ကြီးတဲ့ ၁ဂဏန်းသမားတစ်ယောက်က

ငါ့အတွက် ဖန်တီးပေးထားပြန်ရဲ့....

အခုတော့ငါဟာ ၁နာရီ ၁၁မိနစ်အချိန်မှာ

လပြည့်ညရဲ့ လသာသာထဲ မီးပုံး၁၀လုံးကို မော်ကြည့်ရင်း

ဆုတောင်းမိတာက....

၁၁မီးငြိမ်းပါစေသား လို့....

သတ္တ၀ါခပ်သိမ်းအတွက်လေ.....


(၁၁-၁၁-၁၁ အမှတ်တရ)