Monday, October 20, 2008

အနာဂတ်အင်အား မှီတည်ရာ လက်တွဲဖော် အား

စိတ်ကူး အတွေး အိပ်မက် တွေကို စိုးမိုး လက်တွေ့ဘဝကို ပိုင်ဆိုင်ခွင့်ပေးထားတဲ့
ကျွန်မတစ်သက် စွဲလန်းတပ်မက် စုံဖက်တဲ့ ချစ်သူ မောင် ကို ဘေးနားထားပြီး
ကျင်းပခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ ရက် ၁၀လ ၁၀ နာရီခွဲ (၂၀၀၈) နေ့စွဲလေးကို အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။
အတွေးနဲ့အရေးကိုက်အောင် ဖော်ကျူးခွင့်ပေးတဲ့အနေနဲ့ ကျွန်မရင်ထဲက အပိုင်းအစတချို့နဲ့အတူ နစ်ဝင်နေတဲ့ ဆူးလေးတစ်ချောင်းကို
ဖွင့်ဟပြောပြပါရစေနော်။
၂၀၀၇ ခုနှစ် ၁၀ ရက် ၁၀လ ၁၀ နာရီခွဲ အချိန်က ကျွန်မအတွက်မွေးနေ့ဆုတောင်းကို အချိန်အတိအကျနဲ့ ဆုခြွေပေးတဲ့ သူ၊ ဆုံတွေ့
ဆုံစည်းဖြစ်ခဲ့ပုံကလည်း ကျွန်မမွေးရက်စွဲဖြစ်တဲ့ ၁၀ရက်နေ့ တစ်ရက်မှာပေါ့။
ည ၁၀နာရီ အချိန်ရောက်တိုင်း ပုံမှန် ခွန်းဆက်သံလေးကို ဆုံတွေ့တဲ့ရက်စွဲလေးမှသည် ပုံမှန် သောတဆင်ခဲ့ရတယ်။
ကြည်နူးမှုအပြည့်နဲ့လည်း အိပ်မက်တွေဖလှယ်ခဲ့ ဂီတသံစဉ်တွေအပေါ် အချစ်စာသားလှလှလေးတွေနဲ့ တန်ဆာဆင်ခဲ့ကြတယ်။
ဒါက ကျွန်မရင်ထဲက အပိုင်းအစတချို့.............။
မွေးနေ့ရက်လေးမရောက်ခင်တစ်ရက်အလိုမှာ သူကိုယ်တိုင်ဖန်တီးပုံဖော်ထားတဲ့ အနုပညာအမှတ်တရလက်ဆောင်လေးကို
ကျွန်မကြိုက်တဲ့ မုန့်တွေနဲ့အတူ သီတင်းကျွတ်လပြည့်ညမှာ မြတ်စွာဘုရားရှင်ကို ပူဇော်ဖို့အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဂီတကြိုက်တဲ့
ကျွန်မတို့နှစ်ဦးအတွက် အမှတ်တရ ဒရမ်ပုံ မီးသီးတွဲလေးကိုပါ တင်ဆက်ပို့သပေးခဲ့တယ်။
မွေးနေ့အချိန်အခါသမယမှာလဲ တည်ငြိမ်လေးနက်တဲ့ မွေးနေ့ဆုမွန်ကောင်းကို မကြားဖူးသေးတဲ့ စကားလုံးများစွာနဲ့ လှိုက်လှိုက်လှဲလှဲ
ဆုခြွေပေးခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်မရင်ထဲ သိမ်မွေ့လွန်းတဲ့ ဆူးလေးတစ်ချောင်း ထာဝရအတွက် တဒင်္ဂအတွင်းစူးဝင်သွားခဲ့တယ်။ နှုတ်ယူလို့မရအောင်
ခိုင်မာတဲ့ကျွန်မရဲ့မေတ္တာတရားတွေက စုပ်ယူသိမ်းဆည်းပေးထားတယ်။
အဲနေ့ရက်မှာ ကျွန်မအတိုင်းမသိ တုန်လှုပ်ကြည်နူးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့။ သူ ကျွန်မကို မွေးနေ့ရက်မြတ်တစ်နေ့လုံး
ဘေးနားမှာ အတူရှိနေတယ်လို့ ခံစားပေးဖို့လဲ မွေးနေ့ဆုတောင်းအပြီးမှာ တဖွဖွတိုးလျှိုးပန်ကြားသေးတယ်။
မေ့မရတဲ့မွေးနေ့ရက်စွဲလေးတစ်ခုပါပဲ။ ကျွန်မကတော့ နောင်မွေးနေ့ရက်မြတ်တိုင်းကို သူနဲ့အတူဖြတ်သန်းနိုင်ဖို့သာ တသသ ဆုတောင်း
တောင့်တနေမိတယ်။
ဒီလိုနဲ့ပေါ့။ ကျွန်မရဲ့မွေးနေ့ရက်မြတ်လေးထပ်မံကျရောက်ဖို့ တစ်လအလိုမှာ သူ့ရင်ခွင်အနား မှေးစက်ပျော်ရွှင်ခွင့်ရခဲ့တယ်။ အိပ်မက်စိတ်ကူး အားလုံးကို လက်တွေ့ဘဝထဲ သူကော ကျွန်မပါ ဆွဲသွင်း ကခုန်နိုင်ခဲ့ကြတယ်။
မွေးနေ့မရောက်ခင်ညပိုင်းလေးမှာ သူ အလုပ်တွေများခဲ့တယ်။ ကျွန်မကတော့ ကျွန်မကို မွေးနေ့အချိန်မှာ ဆုတောင်းပေးမယ့်သူ့ရဲ့
တောင်းဆုစကားသံကိုမျှော်လင့်ရင်ခုန်နေတာပေါ့။ စိတ်ကူးထဲမှာလဲ ကျွန်မမွေးနေ့အတွက် သူ့ကို အထူးတလည်ကျေးဇူးမှတ်တမ်းတင်ပြ
ဖို့ စိတ်ကူးထားပြီးသားပါ။
သူ့အလုပ်တွေက မနက်မိုးလင်းအားကြီးလောက်မှ ပြီးသွားတဲ့အတွက် ခဏတမှေးမှေးမယ့်အကြောင်းပြောပြီး မှေးစက်သွားလေရဲ့။
သူအရမ်းပင်ပန်းနေတာကို ခံစားပေးမိတာမို့ စိတ်လွတ်လက်လွတ်အိပ်နေတဲ့သူ့ကို တစ်ချက်ငေးကြည့်နေယင်း ကျွန်မရဲ့မွေးနေ့အချိန်
လေးကို တစ်ယောက်တည်းတိတ်တဆိတ်ဖြတ်သန်းလိုက်တယ်လေ။
မနက်မိုးလင်းကတည်းက ဆုတောင်းပေးကြတဲ့သူငယ်ချင်းတွေကိုရည်ရွယ်ပြီး ပို့စ်တစ်ခုမှတ်မှတ်ရရတော့တင်လိုက်မိပါရဲ့။
ကျွန်မမွေးနေ့မှာလှူဒါန်းဖို့အတွက် မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာ ပန်းဝါဝါတစ်စည်း၊ ပန်းသီး၊ ကိတ်မုန့် တို့ကို သူကိုတိုင်ဖန်တီးပေး
ခဲ့တာပါ။
အဲဒီနေ့က ကျွန်မအတွက် မွေးနေ့အလှူကို မြတ်စွာဘုရားမှာ အတူယှဉ်တွဲ ကပ်လှူနေချိန်လေးမှာ အတိုင်းမသိပီတိဖြစ်မိပါတယ်။
သူအိပ်ပျော်သွားတဲ့ တခဏမှာ ကျွန်မရဲ့ မွေးနေ့အလှူကို အခုလိုမှတ်တမ်းတင်ထားပါတယ်။



သူနိုးလာတဲ့အခါ ကျွန်မတို့နှစ်ယောက်တည်း ပါတီပွဲလေးကို အပြင်ထွက်လျှောက်လည်ယင်း ကျင်းပခဲ့တယ်ပေါ့။ သူကမွေးနေ့
လက်ဆောင်အဖြစ် ကျွန်မအတွက် နံ့သာရောင်ဖဲကြိုးလည်စည်းလေးပါတဲ့ လက်ဖောင့်အတွန့်ချည်အင်္ကျီလေးတစ်ထည်၊ ကြိုးသိုင်း
သားရေကြိုးတွန့်ရှုံ့ထားတဲ့ အဖြူခံအပြာကန့်လန့်စင်းဘောင်းဘီလေးတစ်ထည်ကို ချီးမြှင့်ခဲ့တယ်လေ။
ဟိုဟိုဒီဒီစပ်စုလိုက်တဲ့ကျွန်မက လက်ညှိုးထိုးလိုက်မိတဲ့ နံသာခံ အမည်းဒီဇိုင်းကွက်ခေါင်းစွပ်အနွေးအင်္ကျီလေးကို ထပ်ပြီးဝယ်ပေးပြန်
တယ်။
ကျွန်မအရမ်းကြည်နူးတယ်။ ချစ်ရတဲ့ သူ့ကိုလဲ စာသားလှလှလေးတွေနဲ့ တသီးတသန့်မှတ်တမ်းတင်ချင်တယ်။ စာတွေစီနေမိတယ်။
အိုး ............ ဒါပေမယ့်ခေါင်းက အသုံးမကျတော့ဘူး။ သူ့ရဲ့ချစ်ခြင်းအယုအယအောက်မှာ ပြဝပ်နေပြီ။ အလုပ်မလုပ်တော့ဘူးလေ။
ချစ်ခြင်းတရားနဲ့ပတ်သက်တဲ့ အာရုံခံစားမှုတစ်ခုသာနိုးနိုးကြားကြားရှိနေတယ်။
အဲဒီနေ့က သာယာအေးချမ်းတဲ့နေ့လေးပေါ့။ ကျွန်မတို့နှစ်ဦးအနာဂါတ်လည်း အေးချမ်းသွားပြီလို့သတ်မှတ်ယုံကြည်ထားလိုက်တယ်။
သူဖန်တီးပေးတဲ့ ကျွန်မမွေးနေ့အတွက် သူ့ရဲ့အနုပညာလက်ဆောင်လေးကို ကျွန်မခံစားရရှိလိုက်တဲ့အခါမှာတော့ အတိုင်းမသိပျော်ရွှင်
နေမိတာပေါ့။ ဘယ်သူ့ကိုမှ အသိမပေးပဲ တိတ်တိတ်ကလေးခံစားနေလိုက်တာ ဒီနေ့အထိပါပဲ။
သိုသိပ်ပျော်ဝင်မိနေတဲ့ကျွန်မရဲ့ နှောင့်နှေးမှုတွေအတွက် သူ မချိမဆန့် ခံစားရဖို့မရည်ရွယ်ခဲ့ပါဘူး။
သူနဲ့ပတ်သက်တဲ့ စာစုလေးတွေကို ကျွန်မလက်လွတ်စပယ်မဖန်တီးတတ်ပါဘူး။ ထို့အတူပဲ ဈာန်မဝင်တဲ့အခါတိုင်းမှာလည်း နှောင့်နှေးမှု
ကိုလျစ်လျူရှုပြီး နေတတ်တယ်။ ပြင်းပြတဲ့ရသစကားလုံးတွေပွင့်အန်ကျလာတတ်တဲ့အချိန်မှာတော့ သူ့အတွက် ရသလှလှစာစုလေးတွေ
နဲ့ ဂုဏ်ပြုပေးချင်တဲ့ဆန္ဒက ကျွန်မရင်ထဲ ဗရဗွပါ။

သူသိပြီးနားလည်နိုင်ပါစေ။
သူ ဆိုတာ ကတော့ ကျွန်မရဲ့ အနာဂါတ်အင်အား မှီတည်ရာ လက်တွဲဖော် ကျွန်မကိုချစ်တဲ့ ကျွန်မချစ်တဲ့ မောင် ဖြစ်ပါတယ်။
၁၀ဂဏန်းအတွက် အရူးအမူးစွဲလန်းတတ်တဲ့ကျွန်မရဲ့ ကံကြမ္မာပိုင်စိုးသူ အတွက် ....................
မောင်ရဲ့ စေတနာမေတ္တာအားလုံးနဲ့ထပ်တူ မောင့်ချစ်ခြင်းတရားအောက် ကျွန်မ ပွင့်လင်းစွာပျော်ဝင်ခွင့်ရချင်ပါတယ်မောင်။



အချစ်ဆိုသည်မှာ

မိုးသောက်နံနက်ခင်း နေခြည်ရဲ့အလင်းရောင်ကို စတင်ခံစားမိတာနဲ့ အချစ် ဆိုသော သိမ်မွေ့တဲ့စေစားရာနောက် အရာအားလုံးနေသားတကျ လိုက်ပါနေကြမြဲပါလေ။
လေပြည်တွေယိမ်း မိုးပေါက်တွေတိမ်းတိုင်း ခံစားချက်တိုင်း နူးညံ့စေဖို့ အလိုအပ်ဆုံးဟာ အချစ် ဆိုတဲ့ ပျော်ဝင်လွယ်တဲ့
အထင်ကရ နာမ်ဟာ အရေးပါတာ အမှန်ပါပဲ။
ပေါက်ကွဲစေတဲ့ဒေါသ သိမ်ဖျင်းတဲ့အတွေးတွေနဲ့အတူ ရုပ်ပျက်ဆင်းပျက်ကျရှုံး အမုန်း အပေါ်အတုံးအရုံးပြိုလဲအောင်လည်း အသည်းကွဲစေဖို့အကြောင်းအရာကံကြမ္မာကို လက်လွတ်စပယ်အကွက်ကျကျဖန်တီးပေးတတ်တာလည်း အချစ်
ဆိုတဲ့ မလွန်ဆန်နိုင်သော ခံစားချက်ကြောင့်ပါပဲ။
နူးညံ့တဲ့ဒီအတွေး လက်ရေးနဲ့ပုံဖော်နိုင်ဖို့ လောကထဲတွန်းပို့ခဲ့တာလည်း အချစ် ဆိုတဲ့ အရာ ဒို့မိဘနှစ်ပါး နစ်မြောမိခဲ့
လို့ပါပဲ။
အချစ် ဆိုတာ
နူးညံ့ခြင်း သိမ်မွေ့ခြင်း
ပျော့ပျောင်းခြင်း ခက်ထန်ခြင်း
ယုတ်မာကောက်ကျစ်စဉ်းလဲတတ်တဲ့အကျင့်ဖြစ်စေခြင်း
အရာအားလုံးပေါ်အောင်နိုင်စေတတ်ခြင်း
ခပ်သိမ်းသောသူအားလုံးတို့နဲ့ ကင်းကွာရှက်ရွံ့စေတတ်ခြင်း
ဖြူစင်မှုတွေနဲ့အတူ ပျော်ဝင်လွယ်ခြင်း
ရက်စက်မှုတွေနဲ့အတူ ကြမ်းတမ်းမာကျောတတ်ခြင်း
သက်ငြိမ်အရုပ်တစ်ခုပမာ ရှင်လျက်နဲ့သေစေတတ်ခြင်း
ပတ်ဝန်းကျင်အပေါ်ခံစားတတ်မှုကို ပြောင်းလဲစေတတ်ခြင်း
စတဲ့ အံ့သြနဘန်း ဖန်တီးတတ်မှုများစွာနဲ့ ကမ္ဘာလောကကြီးရှင်သန်ဖို့ရာ တည်ရှိနေတာပါ။
ခံစားမိတဲ့ အခြေအနေတွေ မတူတတ်တာကြောင့် အချစ်နဲ့ပတ်သက်တဲ့ ခံစားရချက်တွေအားလုံးဟာ လူအယောက်တိုင်းအတွက်
သံစဉ်ညီတဲ့ ဟန်ချက်ညီတေးသွားလှလှလေးတော့ မဖြစ်နိုင်ပါဘူးလေ။
ဒါပေမယ့် ဂီတတေးသွား အမျိုးအစားပေါင်းများစွာလိုတော့ သူ့အုပ်စုနဲ့သူ ခံစားရပ်တည်နေကြတာမို့ ဒီကမ္ဘာကြီး အခုချိန်ထိ
ကဗျာလှလှလေးတစ်ပုဒ်ပမာ ရောင်စုံပန်းချီကားလှလှလေးတစ်ချပ်ပမာ ရှင်သန်ခစားနေဆဲဖြစ်နေတာပေါ့။
ကျွန်မယုံကြည်မိတဲ့ အချစ် ဆိုတာ
နာမ်ပုဒ်ရဲ့အရှေ့ လှလှပပလေး ဂုဏ်ဖော်ပေးတတ်တဲ့ ပါဝါပြင်းပြင်း နာမဝိသေသန တစ်ခုရယ်လို့ပါ။
ချစ်သူ၊ ချစ်မေမေ၊ ချစ်မိဘ၊ ချစ်ညီမ ၊ ချစ်သူငယ်ချင်း၊ ချစ်သူ့ရင်ခွင်၊ ချစ်ကမ္ဘာမြေ .........................................အိုး
လှလိုက်တဲ့နာမ်တွေ အဖြစ် လူတိုင်းလူတိုင်းရင်ထဲမှာ အစဉ်သုံးစွဲတသနေကြရတာ အမှန်ပဲမဟုတ်လား။
နာမ်ပုဒ်ရဲ့နောက်ကလိုက်ပြီး ယင်းနာမ်ပုဒ်ကို ကြည်နူးဖွယ်ဖြစ်စေတတ်တဲ့အခါလည်း
ကျွန်မချစ်သော၊ မျှော်လင့်ချစ်၊ စွန့်လွှတ်ချစ်၊ ခွင့်လွှတ်သည်းခံအနစ်နာခံချစ်၊ သနားချစ်၊ မြင်မြင်ချင်းချစ်၊ ရိုးသားစွာချစ်...........စုံလို့စုံလို့
အဲဒီ ပုဒ်အစုတွေကို လူတိုင်းလူတိုင်းက ပုံစံအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်ကြ သုံးစွဲကြနဲ့ပဲ လေ။
ညီမျှတဲ့ ခံစားချက်တွေစုစည်းလိုက်နိုင်တဲ့အချိန်ခဏလေးအတွင်း သိမ်မွေ့စွာပျော်ဝင်မိတတ်ကြတဲ့အရာဟာ အချစ်ဆိုတာပါပဲ။

ကျွန်မ ခံစားနားလည်တဲ့အချစ်ဆိုတာကို ခံစားပေးကြပါအုံး။
မဖြစ်မနေရေးဖို့ အမြှောက်အပင့်လေးနဲ့ tag လိုက်တဲ့ ကျွန်မ သူငယ်ချင်း ဖေသိန်းလည်းကျေနပ်မယ်လို့ ယူဆပါတယ်။
ကျွန်မကနေတောင်းဆိုမှုအနေနဲ့ ပြန်တက်ဒ်လိုက်မိတဲ့သူက ပျော်ရွှင်ဖွယ်ရသတွေပေးတတ်တဲ့ ကျွန်မ သူငယ်ချင်း အိမ် ကို အချစ်ဆိုတာ ခေါင်းစဉ်လေးကို ခံစားဖန်တီးပေးပါလို့ ဒီပို့စ်ပေါ်ကနေ tag
လိုက်တာပါ။ အိမ်က တောင်းဆိုချက်ကို လက်ခံမယ်လို့မျှော်လင့်နေမိပါတယ်။




Wednesday, October 15, 2008

သီတင်းကျွတ်ည

ဟေ့..................
ဒီည ငါအတိတ် အနာဂါတ် အားလုံး
ရွေ့လျားနေတဲ့ လပြည့်ညအောက်
ငွေရောင်လွှမ်းသွား။
ဟေ့........
ဒီကာလ ငါ အချစ် အမုန်း အားလုံး
ထိန်ညီးနေတဲ့ မီးပုံးလှအောက်
ရွှေရောင်လွှမ်းသွား။
ဟေ့........
ဒီမျှ ငါ့ရင်ထဲက အရာအားလုံး
လတ်ဆတ်နေတဲ့ မီးရှူးပန်းအောက်
တဖြောက်ဖြောက် ကြွေသွား။
အင်အားများအားလုံး
ရှေ့ဆက်မယ့်ခရီးအတွက်
အသင့်ပေါ့။

.