Saturday, November 12, 2011

၁၁-၁၁-၁၁

မနေ့ညက ရုတ်တရက်နာရီကို ငုံ့အကြည့်

၁၁နာရီ ၁၁မိနစ် တဲ့....

အဲဒီညက အိပ်ရာဝင်တော့ အမှတ်မထင်နာရီကိုပြန်အကြည့်

၁နာရီ ၁၁မိနစ် တဲ့....

ဒီနေ့မနက် အိပ်ရာက ထတော့ နာရီတစ်ခါပြန်ကြည့်

၁၁နာရီ ၁၁မိနစ် တဲ့...

အခုတစ်ခါ ကဗျာစပ်မိပြန်တော့ နာရီကိုတစ်ခါပြန်အကြည့်

၁နာရီ ၁၁မိနစ်တဲ့....

လည်နေတဲ့ ဒီ ၁ ဘယ်တော့ပြန်ရပ်မလဲ...

မစဉ်းစားချင်တော့ပေမယ့်

ဒီ ၁တွေ ဆုံတဲ့နေ့မှာ

ငါ့နှလုံးသားရဲ့နယ်ပယ်ထဲမှာ

၁ဂဏန်းစိုးမိုးနေတဲ့သူတစ်ယောက် အပြုံးမြမြနဲ့ ငါ့ကိုငုံ့ကြည့်နေပြန်တယ်။

၁ဂဏန်းဆုံတဲ့ ဒီနေ့ ဆေးပေါင်းခမလား

မပြောတတ်ပေမယ့်....

အိမ်ရှေ့မှာတော့ မီးပုံးတွေ ၁၀လုံးကို

ငါ့ထက် ၁၀နှစ်ကြီးတဲ့ ၁ဂဏန်းသမားတစ်ယောက်က

ငါ့အတွက် ဖန်တီးပေးထားပြန်ရဲ့....

အခုတော့ငါဟာ ၁နာရီ ၁၁မိနစ်အချိန်မှာ

လပြည့်ညရဲ့ လသာသာထဲ မီးပုံး၁၀လုံးကို မော်ကြည့်ရင်း

ဆုတောင်းမိတာက....

၁၁မီးငြိမ်းပါစေသား လို့....

သတ္တ၀ါခပ်သိမ်းအတွက်လေ.....


(၁၁-၁၁-၁၁ အမှတ်တရ)





Wednesday, October 26, 2011

နိုဝင်ဘာမိုး

ထီးကလေးတစ်ချောင်းတည်းပါ.... ဒါပေမယ့် မပူဘူး မအေးဘူး.... သူကော ကိုယ်ကော မျှတတဲ့ သဘာဝတစ်ခုကို ထပ်တူညီမျှပိုင်ဆိုင်နေကြရတဲ့အခါ.... ရာသီဥတုဟာ သမမျှတသွား... ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်က နိုဝင်ဘာပေါ့...
အဲဒီနိုဝင်ဘာမှာ သူနဲ့ကိုယ် ဆုံမှတ်တစ်ခုရဲ့ အမှတ်တရလမ်းကလေးမှာ လက်တစ်ဖက်စီဆုပ်ကိုင်ရင်း အပြုံးကိုယ်စီနဲ့ ဘဝတွေကို ဖလှယ်ဖို့ ဒူးတိုက်ဆွေးနွေးခဲ့ကြတယ်.... နိုဝင်ဘာမှာပေါ့... အဲဒီနိုဝင်ဘာ... အခုလည်း နိုဝင်ဘာပါပဲ... နိုဝင်ဘာဟာ အပြောင်းအလဲမရှိ ရောက်ရှိလာတော့မယ်.... တခုပဲ.... သဘာဝတရားက အခု နိုဝင်ဘာကို ဗွက်တွေနွံတွေ ထူထဲသိပ်သည်းစွာ လက်ဆောင်အဖြစ်ပေးထားတယ်... ဒါပေမယ့် သူနဲ့ကိုယ် သစ္စာထူတဲ့ မေတ္တာနွံထဲမှာ အချစ်သန့်သန့် ၁၅၀၀က သိပ်သည်းဆအများဆုံးနဲ့ ထပ်တူညီနေဆဲ... ဒါကြောင့် နိုဝင်ဘာဟာ ကိုယ်နဲ့သူ့အတွက် အပြောင်းအလဲမရှိသလို.... အရာအားလုံးအတွက်လည်း ထပ်တူညီတြိဂံတစ်ခုအဖြစ် ဆက်တည်ဆောက်ကြမယ်လို့... သန္နိဌာန်ပြုထားမယ်ဆို.... အားလုံးရဲ့နိုဝင်ဘာဟာ သစ္စာတရားတွေကြောင့် လှပသာယာလာလိမ့်မယ်လို့ စိတ်ကူးတွေလတ်ဆတ်နေဆဲ.... ဟုတ်တယ်.... အရာအားလုံးဟာ မျှော်လင့်နေစရာ ဆုတောင်းနေစရာမလိုလောက်အောင် တူညီတဲ့ ဟန်ချက်ညီမှုတွေ ဟာမိုနီဖြစ်နေမယ်ဆိုရင် အားလုံးဟာ ကမ္ဘာပေါ်မှာ တသွေးတည်းတသားတည်း လှပလတ်ဆတ်နေမှာ အသေအချာ....
သူ..... ကိုယ့်အတွက် နိုဝင်ဘာမှာရွာမယ့်မိုးစိုစိုလို မေတ္တာအပြည့်ခင်းထားတဲ့ တစ်ဖက်ပိတ်လမ်းကလေးထဲမှာ သစ္စာတရားကို ရင်မှာတပ်ရင်းနဲ့ အမှန်တရားကို ဖက်တွယ်ရင်း အမုန်းကို ဟိုးဝေးဝေးမှာ ပိတ်ထားလိုက်တယ်... အမုန်းမရှိတာမဟုတ်ဘူး.... သူနဲ့ကိုယ့်အတွက် အမုန်းမဲ့ဇုန်ထဲမှာ တွေ့ကြရတဲ့ ဟောဒီနိုဝင်ဘာ....

“ချစ်သူသက်တမ်း လေးနှစ်ပြည့် အမှတ်တရ”

Tuesday, October 11, 2011

သူပေးခဲ့တဲ့ ပန်းသီး


ပန်းသီး 
`အာဒံနဲ့ဧ၀ အပြန်အလှန်စားခဲ့တဲ့ ပန်းသီး...
နယူတန်ကို ပစ်ပေါက်ခဲ့တဲ့ ပန်းသီး....
ခေတ်သစ်ကမ္ဘာမှာ မှော်ဝင်စေခဲ့တဲ့ ပန်းသီး...´
တဲ့။
မနေ့တစ်နေ့က ဖေ့စ်ဘွတ်စာမျက်နှာမှာ
ရုတ်တရက်ဖတ်လိုက်ရတဲ့ ကဗျာ...
အမှန်တော့ အလွမ်းစာပေါ့။

အဲဒီသုံးလုံးစလုံး
ဒီ ၁၀ရက် ၁၀လ ၂၀၁၁ မှာ သက်ရှိထင်ရှားမရှိတော့ဘူး...
ဒါပေမယ့်
ကိုယ့်ဘေးနား ကိုယ့်အနားမှာ
ထာဝရဆုပ်ကိုင်ထားခဲ့တဲ့
သူ့ရဲ့
အချစ်တွေဟာ
ပန်းသီးတစ်လုံးလို လှပ ချိုမြိန်နေတာ
ထာဝရအတွက်ဆိုတာ
ကာလကြာလာလေလေ
ပိုသေချာလာလေလေပေါ့။

ကဲ...
ဒါဆို လူတိုင်းလူတိုင်း
ဘ၀တိုင်း ဘ၀တိုင်းမှာလည်း
ခံစားချက်တွေအောက်က 
ချိုမြိန်လှပတဲ့ ပန်းသီးတစ်လုံးစီတော့
ထာဝရပိုင်ဆိုင်နေကြမှာလည်း
အသေအချာပေါ့...။

ဘာပဲဖြစ်ဖြစ်
ပန်းသီးလေးလို အလှတရားနဲ့
ချိုမြိန်လှပတဲ့ သစ္စာတွေ
အားလုံး အားလုံး
ငြိမ်းချမ်းစွာ ပိုင်ဆိုင်ခွင့်ရပါစေလို့
ကိုယ့်ရက်လေးမှာ ကိုယ်ဆုတောင်းမိလိုက်တော့
သူရော ကိုယ်ပါ ကြည်နူးနေမိတာ
အသေအချာပေါ့...။


ချစ်ခင်စွာဖြင့်
ကိုယ့်မွေးနေ့ ၁၀-၁၀-၁၁ အမှတ်တရ