နေရောင်လာတိုင်း နေ့သစ်တစ်ခုအတွက်ရှင်သန်ခြင်းတွေ ကိုယ့်ဆီမှာ အမြဲပေါ့။
ပြောရမယ့် အချစ်လား အမုန်းလား အရာအားလုံးကို ကိုယ်ခပ်တည်တည်ကြည့် နောက်တော့ရင်ဆိုင်လိုက်တိုင်း
အမှားနဲ့မကင်းတာကို ခေါင်းငဲ့ပြန်ပြောင်း တွေဝေတွေးတောမိတိုင်း အားမလိုအားမရ မဖြစ်မိတာ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၁ အချက်ပါပဲ။
တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာပေမယ့် အရာမထင်တဲ့ ရင်တွင်းမျှော်လင့်ချက် တချို့အတွက်လဲ ကိုယ်က
ထာဝရတောင့်တမိသူတစ်ယောက်အဖြစ် အားမလိုအားမရ ကြေကွဲနာကျည်းမိတိုင်း မလောက်လေးမလောက်စား
လောင်းရိပ်မိကိုယ့်ဘဝကို ရုန်းထွက်ဖို့မကြိုးစားနိုင်တဲ့ ကျေးဇူးသိတတ်မှုအချို့အတွက်လဲ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၂ အချက်ပါပဲ။
အေးတိအေးစက်နဲ့ သိတတ်မှုနည်းပါး ပျင်းရိမှုအများအပြားနဲ့ အရေးတကြီး ဘဝစာမေးပွဲများစွာတွေမှာလဲ
အမှတ်ကောင်းကောင်းမရတဲ့ လူတကာအသိမှတ်ပြုတဲ့အောက် မိုင်းနပ်စ်မရတောင် ပိုင်းခြေတစ်ရာအပြည့်
ဖြစ်နေရတဲ့ အခြေအနေတွေကိုလဲ မလိုလားပေမယ့် လက်ခံနေတတ်တဲ့ စိတ်ကလဲ ကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၃ အချက်ပါပဲ။
မထေမဲ့မြင် ရင်ထဲကခံစားချက်ကို ပြင်းပြစွာပေါက်ကွဲပြဖို့ ဝန်လေး၊ သက်ပြင်းသာအခါခါချ ၊ မှုန်ဝါးတဲ့ဘဝတစ်ခုကို
ဇာတ်ဆရာအလိုကျ စစ်တုရင်ကစားခွက်က နယ်ရုပ်လား ရှင်ဘုရင်လား မြင်းသည်တော်လား တခါတခါ ဖွင့်ဆိုချက်တွေ
မှား မှား သွားရတာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၄ အချက်ပါပဲ။
ပေါ့သေးသေးထားရမယ့် အကျိုးမဖြစ်တဲ့ပတ်ဝန်းကျင်မှာ အများတကာလို စပ်စုတာတွေတောင်ပုံရာပုံရယ်က မနာလို
ဝန်တိုတာတွေကို ကောက်ကျစ်မှုဗရပွနဲ့ ပတ်သက်နှီးနွှယ်မိတတ်တဲ့ အကျင့်ဆိုးကလဲကိုယ့်အတွက်
ကိုယ့်ရဲ့အမုန်းရဆုံး ၅ အချက်ပါပဲ။
အိပ်ရာထနောက်ကျ အချိန်မတော် ထမင်းထစားပြီး ချစ်သူ့အနား နားပူနားဆာနဲ့ ကကျိုးကဂျောင်ကျရတာကို ဝါသနာထုံ
မိတဲ့ မွေးရာပါအားငယ်စိတ်ကလေးကလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၆ အချက်ပါပဲ။
အများက အာဇာနည်လို့မသတ်မှတ်ပဲ သူရဲကောင်းမဖြစ်တဲ့ ရဲတင်းမှုကို နှလုံးသားကခံစားလက်ခံလိုက်တဲ့ အချစ်ဆိုတဲ့
နူးညံ့မှုတစ်ခုအတွက် ဘဝကြီးတစ်ခုလုံးကို မျက်စိဖွင့်နားစွင့်ပြီး လှောင်ပြုံးတွေသရော်လုံးတွေနဲ့ အမှောင်ဖုံးနေတဲ့
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချ ကိုယ့်ဘဝကို ကိုယ်ပိုင်ကြောင်းပြလိုက်မိတဲ့ အဖြစ်အတွက် နောင်တမရ ပြန်ပြောင်းမရ
တော့တဲ့ ပျိုမျစ်ခြင်းကို နှမြောတသမဖြစ်မိတာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၇ အချက်ပါပဲ။
အစားအသောက်ဂျီးများ၊ အသန့်ကြိုက်သလောက် ရောဂါထူပြောလှတဲ့ ဘဝကို လှလှပပပိုင်ဆိုင်ထားတဲ့ မွေးစကတည်းက
ပတ်ဝန်းကျင်ဆိုတဲ့ ပရောဟိတ်က ရှင်သန်ဖို့အခွင့်အလမ်းနည်းတယ်လို့ မှတ်ချက်ချခံရတဲ့ အားနည်းလှတဲ့ ခုခံအားစနစ်နဲ့
လည်ပတ်နေရတဲ့ ကိုယ့်ခန္ဓာကိုလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၈ အချက်ပါပဲ။
အကင်းမပါး၊ နားလည်မှုခေါင်းပါး၊ ကြင်နာမှုများပြားပြီး ကလေးဆိုးလို ပြုမူဆက်ဆံတတ်တဲ့ ကိုယ့်အကျင့်ကလဲ
ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၉ အချက်ပါပဲ။
အပြင်မှာ ပျော်နေသလောက် ရင်ထဲမှာမေတ္တာတရားကလွဲပြီး ငွေအသပြာချမ်းသာခြင်းအလျဉ်းမရှိတဲ့ ဇာတာကို
ပိုင်ဆိုင်ကြောင်း တွက်ချက်ထားတဲ့ ဗေဒင်အဟောကို အခုတိုင်ယုံကြည်နေမိတဲ့ အခြေအနေကနေမရုန်းထွက်နိုင်
သေးတဲ့ ကိုယ့်အရည်အချင်းကလဲ ကိုယ့်အတွက် ကိုယ့်ရဲ့အမုန်းရဆုံး ၁၀ အချက်ပါပဲ။
Monday, December 15, 2008
ကိုယ့်ကိုယ်ကို အမုန်းဆုံးဆယ်ချက်
Monday, December 08, 2008
အကြင်
မွေးရာပါလား သူ့အားကြင်နာ
ထာဝရမှာ ကဗျာဟာ မလှခဲ့ပေမယ့်
အရှုံး နဲ့ အမုန်း အတုန်းအရုံးပြိုလဲဖို့
မဖြစ်တာ ရင်မှာသိတာမို့.................။
ကမ်းပါပြိုတိုင်း
ပဲ့ကျသွားတဲ့မြေသားလို
မလှမပဘဝနဲ့တော့ မဟာမဆန်ချင်ခဲ့ဘူးလေ...........။
မထင်မရှားအမှတ်အသားတစ်ခုနဲ့တော့
ငါ့ရင်ကိုဖွင့်ထားခဲ့မယ်
နင်မသိတောင် အများကအသိအမှတ်ပြုခံစားပေမယ်ဆို
ငါကျေနပ်ပေးမှာ နေသားတကျရယ်ပေါ့........။
မှားခဲ့ပါတယ်ဆိုရင်
ခွင့်လွှတ်ရမှာအစဉ်သာမို့
ထည်ဝါနေတဲ့ငါ့ရဲ့ အကြင်.............။
နီနီဝင်း

Thursday, December 04, 2008
ဆောင်းတွင်းအေးအေး
ဆောင်းတွင်းလေက ခပ်အေးအေးလေးပေါ့။
ကောင်းကင်လေးကလည်း သာသာယာယာ၊ လေနုအေးလေးကခပ်စပ်စပ်လေးပက်ဖျန်းနေချိန်၊
မီးပုံးလေးနဲ့ရောင်စုံညလေးတွေထဲ ရောက်ရှိသွားရတဲ့အရသာက တော်တော်လေးဆန်းကြယ်နေမိတယ်။
ကောင်းကင်ကိုမော့ကြည့်တော့လဲ ကောင်းကင်က ကိုယ်တို့ကို ခပ်ပြုံးပြုံးလေး အချိန်အတော်ကြာစိုက်ကြည့်သွားသေးတယ်။
ကိုယ်ထင်လိုက်တာက ကိုယ်တို့ရဲ့အချစ်တွေကို သူက သဘောကျနှစ်ခြိုက်စွာပြုံးသလားလို့ပေါ့။
ချစ်သူက ကိုယ့်လက်ကိုတွဲခေါ်ပြီး ချစ်ခြင်းတရားတွေနဲ့ အဖော်ပြုကာ ပွဲလေးတစ်ခုထဲက ဈေးတန်းလေးထဲမှာ အများသူငါတွေလို
အစားသောက်တွေမဟားဒယားမစားဖြစ်ကြဘူး။
အရုပ်ချစ်တဲ့ကိုယ့်အတွက် ချမ်းလှတဲ့ ဆောင်းလေအေးအေးထဲမှာ ပစ်မှတ်တွေကို တိတိကျကျချိန်တွယ်ပြီး ကိုယ့်ညွှန်ပြတဲ့
အရုပ်လှလှလေးတွေကို ကြိုးပမ်းရယူပေးခဲ့တဲ့အမှတ်တရအဖြစ် ဒီနေ့ကို မှတ်တမ်းတင်ပေးလိုက်တယ်နော်။
ကိုယ်အရမ်းအေးနေတဲ့အချိန်လေးမှာ ချစ်သူလက်ကိုတွဲပြီး ချစ်သူပေးတဲ့အနမ်းလှလှလေးနဲ့အတူ အရုပ်လေးတွေတပွေ့တပိုက်နဲ့
ပျော်ပိုက်ခဲ့ရတဲ့ ဆောင်းတွင်းအေးအေးလေးပေါ့။
ပိုက်ဆံပေးဝယ်ရင်ရပေမယ့် ချစ်သူကိုယ်တိုင်ခွန်အားစိုက်ထုတ်ပြီး ကြိုးစားရယူပေးတဲ့ ဒီအရုပ်လေးတွေက ကိုယ့်အတွက်
ဒီဆောင်းတွင်းအမှတ်တရပါပဲ။
ဆောင်းမှာမွေးပြီးဆောင်းကိုချစ်တဲ့ကိုယ့်အတွက် ချစ်သူပေးတဲ့အရုပ်လေးတွေကလဲ ဆောင်းလေအေးအေးလေးကို အံတုဖို့
ဖော်ပြုပေးနေသလိုပါ။
ကိုယ်တို့အိမ်အပြန်လမ်းမှာ အများတကာငေးမောအားကျနေတဲ့အကြည့်လေးတွေကို အရုပ်ကလေးပိုက်ရင်းက ကျေကျေနပ်နပ်ကြီး
ခံယူနေမိတာပါလေ။
ချစ်သူ မောင့်ကို ကိုယ်ချစ်တဲ့သစ္စာတွေအတွက်အလေးနက်ဆုံးဆန္ဒက အရုပ်တွေလို ချစ်စရာသွေးသားလေး အချိန်ကျရင်မွေးဖွားပေးချင်
တယ်လို့ပါ။

Subscribe to:
Posts (Atom)