Friday, August 08, 2008

Lovely Report

Dear........
All we get joyfully
Soon....
All we have our goals
Now......
All our loves steady
Today........
Since we need all our dreams
Lonely and Missing will be lost between us.............
I hope and believe upon your loves...........
Maung
I literally Love you.......
Kisses will touch together now and forever we need..
Especially for Maung (10-9-2007~10-8-2008)

--
ni

Tuesday, August 05, 2008

မင်္ဂလာပါ


ကြယ်စင်တွေကြွေ နေရောင်ကျတော့
လမင်းရောင်က ငပုပ်ဖမ်း
ပင်လယ်ပြင်က အမှောင်ခတော့
သောင်ပြင်သဲက အဟုတ်မချမ်း
တံခွန်ကြယ်က အရှေ့ကိုလွှတ်တော့
အာကာပြင်က အသွင်ကြမ်း
သောက်ရှူးကြယ်ဆီတိမ်တိုက်ဝင်တော့
ရင်ပြင်စိမ်းက အဟုတ်လန်း
ညလေပြည်လေး ဝေဟင်ရောက်တော့
တိမ်နီနီက ရောင်စဉ်လွှမ်း
အာရုဏ်တက်ချိန်မျှော်ကာမှန်းတော့ အစဉ်သာရင်က ရတက်မခန်း
တစ်ထောင့်တစ်ညတာ ရှည်ကာမျှတော့
ဒီရင်အစုံက အစဉ်မနွမ်း
အားလုံးကိုသာနှုတ်ဆက်လိုက်ပေါ့
ကိုယ့်လိုသူက အပြုံးနဲ့ကမ်းတာ
ရင်ကလာတဲ့ မင်္ဂလာ ပါ

Sunday, August 03, 2008

ရွက်ညောင်းချိန်


(၁)
ဝေ့ကနဲတိုက်ခတ်သွားသော လေပွေတစ်ချက်က ခေါင်းရင်းရှိ တမာပင်အိုကို လှုပ်ခါသွားသည်။ ရော်ရွက်ဝါတို့ တရှဲရှဲမြည်ပြီး ဝေ့ကာဝိုက်ကာဖြင့် မြေပေါ်သို့ကြွေကြသွားသည်။ အခန်းတွင်းရှိ ဖယောင်းတိုင်ငယ်မှာ လေအဝေ့ကြောင့် မီးညွန့်လေး ဘယ်ညာ ယိမ်းထိုးသွားသည်။ လေတိုးသံတစ်ချက်ကတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သလိုပင်။
အခန်းငယ်အတွင်း ဆေးဝါးမျိုးစုံ၏ ရနံ့နှင့် ချွေးနံ့ တို့ပေါင်းစပ်ကာ ညှီုစို့စို့ အနံ့တစ်ခုက လွှမ်းခြုံနေတော့သည်။ "ကျွတ်...ကျွတ်...ကျွတ်..."မသဲမကွဲ ညည်းညူရင်း မိန်းမောနေရာမှ နိုးလာသည်။
..

အာခေါင်တခုလုံးခြောက်ကပ်၍ လည်ချောင်းတလျှောက် ကွဲရှရှ ဖြစ်နေသည်။ တကိုယ်လုံး နွမ်းနယ် နုံးချိပြီး နေရာပေါင်းစုံမှ တစစ်စစ်ကိုက်ခဲနေသည်။ ခြေလက်တို့အနည်းငယ်လှုပ်ရှားခြင်းကပင် မောဟိုက်ပင်ပန်းစေသည်။ ဦးခေါင်းတစ်ခုလုံး မူးနောက် ထုံထိုင်းနေသည်။ မည်သည့်အရာကိုမှ စူးစိုက်တွေးတော၍ မရချင်တော့။ နားထင်ကိုဆောင့်တက်လာသော သွေးတို့ကလည်း သွေးကြောများ ပေါက်ထွက်လုမတတ် အခံရဆိုးလှသည်။ ခံစားရသော ဝေဒနာက တနေ့တခြား ဆိုး၍သာလာသည်။ အမြင်အာရုံတို့ေ၀၀ါးနေသည်။ ဇနီးနှင့်သားငယ် တို့၏ ညှိုးငယ်သောမျက်နှာကို မသဲမကွဲမြင်နေမိသည်။ ငယ်စဉ်က သူငယ်ချင်းများနှင့် ဆိုးပေခဲ့သည်များကို ပြန်မြင်မိသည်။ တခါတရံ ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကိုလည်း မြင်ယောင်မိသည်။ ဖတ်ခဲ့ဖူးသောစာအုပ်များမှ ဟိုတစဒီတစ ဇာတ်လမ်း ဇာတ်ကွက်များ၊ ဒဿနများ၊ တက်ကျမ်းများ၊ ဓမ္မစာပေများ ရောထွေးကာ ဟိုရောက်ဒီရောက်လည်း ပေါ်လာတတ်သည်.....။
"တုံ...တုံ...တုံ............."အဝေးမှ အုန်းမောင်းခေါက်သံသဲ့သဲ့ထွက်ပေါ်လာသည်။ အကြားအာရုံတို့ မကြည်လင်တော့ပေ။ ဓမ္မတေးသံတို့ မကြားတချက်ကြားတချက်ဖြင့် ပျံ့လွင့်လာသည်။ သဲကွဲစွာမသိနိုင်တော့။ ငှက်ဆိုးတစ်ကောင်၏ စူးစူးရှရှ အော်ဟစ် လိုက်သံက နှလုံးသားကိုဆူးချွန်ဖြင့်လာရောက်ထိုးသည့်နှယ်။ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူလိုက်သံကြောင့် ကြက် သီးထ သွားမိသည်။ အိမ်မြှောင်တစ်ကောင်၏ စုတ်ထိုးသံက သံဝေဂသံ လိုလို၊ ဂရုဏာသံလိုလို။
(၂)
"အင်း....အင်း......အီး.....ဟင်း..............."
မှေးကနဲ အိပ်ပျော်သွားရာမှ ရင်ဝမှ စူးစူးအောင့်အောင့် နာကျင်မှုကြောင့် ညည်းညူရင်း အသိပြန်ဝင်လာခဲ့သည်။ အံကို တင်းတင်း ကြိတ်နေရခြင်းကြောင့် သွားတို့ပင် နာကျင်နေပြီ။ "ဟင်း.............." ခနဲ သက်ပြင်းချရင်း မကျေနပ်ခြင်း ဒေါသဖြင့် ဝေဒနာကို လူးလှိမ့် ခံနေရသည်။ "အားတင်းထားပါ အဖေ.." စကားသံနှင့် အတူ နွေးထွေးသော လက်တစ်စုံ၏ ထိတွေ့မှုကို ခံစားမိသည်။ ခေါင်းကို အသာစောင်းငဲ့ ကြည့်မိသောအခါ သားငယ်ကို ၀မ်းနည်းရိပ်သန်းနေသော မျက်နှာဖြင့် တွေ့ရသည်။ သားငယ်၏ကြင်နာသော အကြည့်ကြောင့် ဝေဒနာ အနည်းငယ် သက်သာသွားသလိုပင်...။ "အရမ်းနာနေလား အကို….." တိုးညှင်းစွာ မေးလိုက်သော ဇနီးသည်၏ အသံက ဖြေးလေးစွာ ထွက်လာသည်။ သူမ၏ လက်တစ်ဖက်က နဖူးပြင်ကို ညင်သာစွာစမ်းသပ်ကာ ကျန်လက်တဖက်က ရင်ဘက်ပေါ်တင်ထားသော လက်အစုံကိုလာရောက်ဖျစ်ညှစ်နေသည်။ တင်းကျပ်စွာဖျစ်ညှစ်လာသော သူမ၏လက်ကို ပြန်လည် ဆုပ်ကိုင်ရင်း အားတင်းကာ ပြုံးပြလိုက်မိသည်။ သားငယ်နှင့်ဇနီးသည်ကိုတလှည့်စီ ကြည့်ရင်း အလိုလိုဝမ်းနည်းလာသည်။ မျက်ဝန်းအစုံမှာ မျက်ရည်များ ရစ်ဝိုင်းလာသည်။ "အို...ငါဘာလို့ ငိုရမှာလဲ"... ပါးစပ်ကို တင်းတင်းပိတ်ထားရင်း စိတ်အတွင်းမှ သားငယ်နှင့်ဇနီးကို စကားတွေ အများကြီး ပြောနေမိသည်။ ရင်ဝမှာ တင်းကျပ် ဆို့ပိတ်ကာ အသက်ရှုသံတို့ မြန်လာသည်။ မျက်စိကိုအသာ ပိတ်ကာ မှိန်းနေလိုက်မိသည်။ တဖြည်းဖြည်း မိန်းမောရင်း အာရုံတို့ေ၀၀ါးသွားသည်။
"အဖေ ..ပျားရည်လေး သောက်လိုက်ပါအုံး"...
သားငယ်၏အသံကြောင့် မျက်စိကို ဖြည်းညှင်းစွာ ဖွင့်လိုက်မိသည်။ ရေနွေးနှင့် စပ်ထားသော ပျားရည်ကို စတီးဇွန်းငယ်ဖြင့်ခပ်၍ ပါးစပ်အတွင်းလောင်းထည့်လိုက်သည်ကို အလိုက်သင့် မျိုချလိုက်သည်။ အရသာကား မပေါ်တော့ပေ။ လျှာတစ်ခုလုံးထုံထိုင်း ထူထည်းနေတော့သည်။ ရောဂါ၏ ၀ါးမျိုခြင်းခံရသောကြောင့် အသားအရည်တို့မှာ ကြုံလှီဖျော့တော့၍ ခြောက်ကပ်ကပ် ဖြစ်နေသည်။ အံကြိတ်ရလွန်းသဖြင့် ပါးပြင်နှစ်ဖက်မှာလည်း ခွက်ဝင်လုမတတ် ဖြစ်နေသည်။ ဝေဒနာခံစားရလွန်းသောကြောင့် ယောင်ယမ်းကိုက်မိပြီး နှုတ်ခမ်းနှစ်ခုတို့မှာ ပေါက်ပြဲနေသည်။ ကျောပြင်တစ်ခုလုံးလည်း ဘယ်ညာမစောင်းဘဲ အိပ်ရသဖြင့် အပူလောင်ကာ အနာဖြစ်နေတော့သည်။
"ဟူး........." သက်ပြင်းမောရှိုက်ထုတ်ရင်း နာကျင်မှုကြောင့် နဖူးကြောတွန့်ကာ မျက်နှာတစ်ခုလုံး ရှုံ့တွသွားမိသည်။ နာကျင်မှုကို ခါးသည်းစွာ အံကြိတ်ခံရင်း အကြိမ်ကြိမ် သတိလစ် မေ့မြောခဲ့ဖူးသည်။ သတိလစ်ရာမှ လွတ်မြောက်လာလျှင်လည်း ထိုဒုက္ခဆိုးနှင့်သာ ရင်ဆိုင်ရပြန်သည်။ ဆုတ်ယုတ်လာသော အားအင်တို့နှင့်အတူ မာကြောခဲ့သော စိတ်ဓာတ်တို့ပါ ယိမ်းယိုင် ပြိုလဲလာသည်။ မိမိကိုယ်ကိုပင် ပီပီပြင်ပြင် မသိချင်တော့.....။တခါတရံ အတိတ်ကိုရောက်သွားသည်။ တခါတရံ အနာဂတ်ကိုရောက်သွားသည်။ အတိတ်နှင့် အနာဂတ်အကြား မျောလွင့်နေသောအချိန်တွင်သာ ဝေဒနာကို မေ့လျော့သက်သာစေသည်။ သို့သော် ခေတ္တခဏမျှသာ ဖြစ်သည်။ ပင်ပန်းလှပြီ။ အလွန့်အလွန်ကိုပင်ပန်းလှပြီ။ ငရဲတမျှ ခံစားရသော ဝေဒနာတို့မှ လွတ်မြောက်လိုလှပြီ။ သေမင်းကို စောင့်မျှော်နေရခြင်းက အခံရခက်လှပါပြီ။ အဘယ်ကြောင့် မကြွေလွယ်ရသနည်း....။
(၃)
သားငယ်မှာ ဆရာဝန်ပင့်ရန် ထွက်သွားသည်။ ဇနီးသည်မှာ လူမမာ၏ အ၀တ်အစားများ လျှော်ဖွတ်ရန် လုံးထွေးခေါက်ယူ နေသည်။ "အကို…ခဏနော်…ညီမ အ၀တ်တွေလျှော်လိုက်အုံးမယ်…"
မှိန်းနေရာမှ အသာအယာ ခေါင်းဆတ်ပြလိုက်မိသည်။ မျက်စိကိုဖွင့်ကြည့်လိုက်တော့ စိတ်မချသလိုကြည့်နေသော ဇနီးသည်နှင့် မျက်ဝန်းခြင်းဆုံမိသည်။ မို့အစ်နေသောမျက်ခွံတို့က အကြိမ်ကြိမ်ငိုထားသည့်ဟန်ရှိသည်။ အားပေးအပြုံး တချက်ပေးမိသည်။ တွေတွေငေးငေးစိုက်ကြည့်သော သူမ၏မျက်ဝန်းမှ မျက်ရည်စတွေ ခိုတွဲကာ လိမ့်ဆင်းကျလာသည်။ သူမနှုတ်ခမ်းတို့ တလှုပ်လှုပ်။ သို့သော်မည်သည့်စကားမှထွက်မလာပေ။ ဖြည်းလေးညင်သာစွာ ထပ်မံပြုံးပြမိသည်။ သက်ပြင်းရှိုက်သံတစ်ချက်ပြုပြီး အနားမှ သူမထွက်သွားသည်။ သူမထွက်သွားမှ နောက်ကျောပြင်ကို ငေးစိုက်ကြည့်ရင်း မျက်ရည်ပူတို့ ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာသည်။ မသုတ်ချင်တော့။ သုတ်နိုင်သော ခွန်အားလည်း မကျန်ရှိတော့။ ၀မ်းနည်းမှုကြောင့် ပို၍ပင်ပန်း သွားတော့သည်။ ဒီဇနီးနှင့် ဒီသားအတွက် စိတ်တွင်းမှ လေးလံနေမိသည်။ တွေးရင်း တွေးရင်း မျက်ရည်တို့သာရစ်ဝိုင်းလာသည်။ အသံမထွက်ဘဲ ကြိတ်ကာရှိုက်ငို နေမိသည်။ ရေတံခွန်အလား မျက်ရည်စတို့ တသွင်သွင်ကျလာသည်။ မိမိကိုယ်ကိုသိသည်။ အရှုံးပေးရတော့မည်။ ထာဝရခွဲခွါရတော့မည်ဆိုသည်ကို ဇနီးသည်နှင့် သားငယ် မသိစေချင်သေး။ စိတ်သာကျန် ရှိတော့သည်။ ခန္ဓာကိုယ်က တစစီယိုယွင်း ပျက်စီး နေပေပြီ။
မိမိကိုယ်ကို ဆင်ခြင်ရင်း အတိတ်ကို ပြန်လည်သုံးသပ်မိသည်။ ဘ၀ရဲ့နောက်ဆုံးအချိန်မှာ ဘာတွေများ ငါရခဲ့သလဲ.....။ တွေးရင်းတွေးရင်း ကုန်လွန်ခဲ့သော အချိန်နှင့် မလုပ်ဖြစ်သောအရာအားလုံးအတွက် နှမြောတသခြင်း ဖြစ်မိသည်။ ရင်ဝမှစူးကနဲ အောင့်တက်လာသည်။ ဦးခေါင်းတစ်ခုလုံး တစစ်စစ်ကိုက်ကာ နာကျင်လာသည်။ အသက်မှန်မှန်ရှုရှိုက်ရင်း အသိကို စုစည်းလိုက်သည်။ အံကြိတ်ကာ မညည်းညူဖြစ်အောင် ကြိုးစားမိသည်။
အားကိုးစရာကားနတ္ထိ။ "ဟင်း…ငါဘာများလုပ်နိုင်သေးလဲ…" ။ သက်ပြင်းမှုတ်ထုတ်ကာ စဉ်းစားရင်း တရားစခန်းဝင်စဉ်က မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော အာနာပါနမဟာ ကမ္မဌာန်းတရားတော်မြတ်ကို စိတ်တွင်းမှ သတိရ လိုက်မိသည်။ အားကိုးစရာကား တရားကလွဲလျှင် အဘယ်အရာ ရှိတော့မည်နည်း။
ဝင်လေ…..သိ…….. ထွက်လေ….သိ…
ဝင်လေ…..သိ……..ထွက်လေ…..သိ…
ဝင်လေ…………..သိ…………..ထွက်လေ….…………………….သိ
အာရုံတို့စုစည်းရ ခက်လှသည်။ နာကျင်မှုဆီသာ စိတ်ကရောက်ရောက်သွားသည်။ ချွေးစီးချွေးပေါက်တို့ ရွှဲရွှဲစိုလာသည်။ မျက်မှောင်ကြုံ့ကာ အပြင်းအထန်ကြိုးစားနေမိသည်။ မျက်ခုံးနှစ်ခုကြားတွင် တင်းကြပ်ပိတ်ဆို့ပြီး အခံရဆိုးလှသည်။ ကျောပြင်ကလည်း မီးစဖြင့် ထိုးသကဲ့သို့ ပူလောင်နာကျင်လှသည်။ ဦးခေါင်းတစ်ခုလုံးလည်း ထူပူမူးနောက်နေသည်။ "ဟူး… မလွယ်ပါလား" ။ စိတ်ကိုအသာအယာဖြေလျော့လိုက်ကာ ဦးခေါင်းကိုဖြေးညင်းစွာ ခါယမ်းမိရင်း
အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။ ဆရာတော်ဘုရားကြီး၏ လင်္ကာလေးကိုသတိရမိလိုက်သည်။
"လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
နောင်လာဘ၀၊ မတောင့်တဘဲ
ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်
အာစိန္နကံ၊ ဖြစ်ကြောင်းဖန်မူ
ထိုသိသူကား၊ အယူမလွဲ
ဂတိမြဲ၏။
မီးစွဲလောင်မှ၊ ရေကိုတသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး
သေခါနီးဝယ်၊ အပြီးမုချ
မဂ္ဂင်ရလိမ့်။
ကိစ္စမလျော်၊ အကြောင်းပေါ်၍
မတော်တဆ၊ မဂ်မရဦး
ဘ၀အစွန်၊ တမလွန်တွင်
ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍
မဖောက်မပြန်၊ သောတာပန်စစ်
ဧကန်ဖြစ်မည်
မလစ်ဝိပဿနာ အကျိုးပေတည်း။"

“မီးစွဲလောင်မှ၊ ရေကိုတသော်……. မီးစွဲလောင်မှ၊ ရေကိုတသော်………. မီးစွဲလောင်မှ၊ ရေကိုတသော်…….. ” ဟူး…….ရင်ထဲမှာ ပူလောင်မွန်းကြပ်နေသည်။ အရာရာသည် နောက်ကျနေပါပြီကောလား။ ဘ၀တလျောက်လုံး မေလျော့ကာ မသိသလိုနေခဲ့သော သေခြင်းတရားကား တံခါးဝသို့ရောက်ရှိနေပေပြီ။ ထွက်ပြေးလွတ်မြောက်ရာလမ်းအား ငယ်ရွယ်စဉ်က အဘယ်ကြောင့် သိအောင်အားမထုတ်ဖြစ်ခဲ့သနည်း။ နေ၀င်ချိန်မှ စပါးလှမ်းရန်ကြိုးစားချင်မိသော လယ်ထွန်ယောက်ျားကဲ့သို့ အချိန်လွန်မှ မိုးကုတ်စက်ဝိုင်းကို မျှော်ငေးကာနောင်တရ ယုံသာတတ်နိုင်တော့ပါလား။ အော်… ရွက်ဝါလေးတစ်ခု၊ ညှိုးရော်သွားတဲ့ရွက်ဝါလေးတစ်ခု၊ တနည်း ညောင်းညာသွားတဲ့ ရွက်ဟောင်းလေးတစ်ခု ရိုးတံကနေ လွင့်ရတော့မှာပါလား။



This post has been created by Maung Thant Zin Oo