Thursday, September 16, 2010

သေသပ်လှပသော



(က)

ချစ်သူ... မိုးကောင်းကင်အောက် မြေပြင်တနေရာမှာ နာရီသံတွေအကြား တို့နှစ်ယောက် အသက်ရှူသံချင်း ဖလှယ်ခဲ့ကြတယ်... ထို့အတူ မင်းမျက်ဝန်းကအရိပ် နဲ့ တို့မျက်ဝန်းကအရိပ် တွေ အချင်းချင်း မိတ်ဖွဲ့ဖြစ်ခဲ့တော့... မင်းနဲ့တို့ ဟိုးခပ်ဝေးဝေး မိုးကုတ်စက်ဝိုင်းကြီးပေါ်က သက်တံဆီ ခရီးနှင်ဖို့ တို့အတူ ကြိုးစားကြည့်ခဲ့ကြသေးတယ်... ဒါပေမယ့်လေ မင်းရဲ့ပတ်ဝန်းကျင်က လေပြင်းတွေရဲ့ ဝှေ့ယမ်းနှိပ်စက်မှု အောက်မှာ တို့ဟိုယိမ်းဒီယိမ်းပဲ... မင်းလည်းသိပါတယ်... မင်းလည်း တို့အတွက် တံတိုင်းတခုလို ကာရံပေးခဲ့သေးတာပဲလေ...

မလွန်ဆန်နိုင်တဲ့ ကံကြမ္မာလို့ ရယ်ပွဲဖွဲ့ခွင့်မသာတဲ့ အဖြစ်တွေ အပျက်တွေ အဆိုးဆုံးစကားလုံးတွေ စွပ်စွဲခံရမှုတွေနဲ့ မင်းနဲ့တို့ လှပတဲ့အိပ်မက်တချို့ကို ပြင်းအားကြီးမုန်တိုင်းဆိုးတွေက ဝင်မွှေ့တာလည်း အလူးအလဲခံခဲ့ရတာမို့ လေထဲကတိုက်အိမ် လေထဲမှာပဲ ပြိုပျက်သွားခဲ့ရသေးတယ်နော်...

မထူးခြားပါ... ဆိုတဲ့ တေးသွားလေးကိုကြားတိုင်း တို့ မင်းကို သတိရမိတယ်... မင်းရင်မဆိုင်ရဲခဲ့တဲ့ တစုံတရာကို တို့ရင်ထဲမှာ သိမ်းထားခဲ့ပါတယ်... ပြုပြင်ခွင့် ထိန်းသိမ်းခွင့်မရတော့တဲ့ အာတိတ်ရေခဲပြင်လို တို့ရင်ထဲက အေးမြတဲ့အကြင်နာတွေ မင်းအတွက် ချန်ထားချင်ပေမယ့် တို့ခံစားခဲ့ရတဲ့ တစုံတရာသော တိုက်ခိုက်မှုတွေအကြားမှာ ပူလောင်တဲ့ကြေကွဲခြင်းတွေအဖြစ် ပြောင်းလဲသွားခဲ့တာလည်း မင်းအတွက် တို့စိတ်မကောင်းဖြစ်ရပါတယ်... မတတ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ... လို့ မင်းမေးရင် တို့မှာ ဖြေဖို့အဖြေလည်းမရှိပါဘူး... ချစ်သူ ရေ.... မင်းဟာ တို့နားမှာ ချစ်သူအဖြစ်မရှိတော့ပေမယ့် တို့ရင်ထဲမှာတော့ ချစ်သူဆိုတဲ့ နာမ်စားကို မင်း မူပိုင်ရထားသေးပါလား... တို့အတွေးတွေထဲမှာ... ခံစားချက်တွေ သွန်ချလိုက်တဲ့အချိန်အခါတိုင်းမှာ ထွက်ကျလာတတ်တဲ့ ရင်တွင်းဖြစ်စာသားလေးတွေ ထဲမှာလည်း မင်းဟာ ချစ်သူဆိုတဲ့ လှပတဲ့နာမ်စားအဖြစ် နေရာယူဆဲပါပဲလား...

Change ဆိုတဲ့စကားလုံးဟာ ဒီသြကာသလောကတခွင်မှာ တွင်ကျယ်နေတဲ့အချိန်... တို့ရင်ထဲမှာ ချစ်သူဆိုတဲ့နာမ်စားကို သုံးနှုန်းခွင့်ပေးနိုင်တဲ့သူဟာ မင်းအဖြစ်နဲ့ပဲ မပြောင်းမလဲ နေရာယူခွင့်ပေးထားမိဆဲမို့ တို့နဲ့မင်းကြားမှာ ဒီ Change ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်မရှိသလို အထောက်အကူမဖြစ်သလို အသုံးမဝင်သလိုပါပဲနော်....

တို့မှတ်မိနေသေးတယ်... ခပ်စိမ်းစိမ်းအုပ်အုပ် စံပယ်ခြုံတွေကြားမှာ မင်းနဲ့တို့ မိုးဖွဲဖွဲကိုအံတုရင်း စံပယ်ပွင့်လေးတွေ အပွင့်၁၅၀၀ ဆွတ်ဖြစ်ခဲ့သေးတယ်... အမှတ်တရချစ်သက်လက်ဆောင်ဆိုပြီးလည်း စံပယ်ခြုံတွေဘေးက တဖက်ရပ်တဲလေးထဲမှာ မင်း တို့အတွက် လှပတဲ့ စံပယ်ကုံးလေးသီပေးခဲ့သေးတယ်... မှတ်မှတ်ရရ မင်းနဲ့တို့ ချစ်သူဖြစ်တဲ့နေ့လေးမှာပါပဲ...

ဖြူစင်ခဲ့ပါတယ် ချစ်သူရယ်... မင်းအချစ်တွေ တို့အပေါ် ဖြူစင်မှုအပြည့်နဲ့ မွှေးပျံ့စေခဲ့တာ မင်းပေးခဲ့တဲ့ အဲဒီစံပယ်ကုံးလေးအတိုင်းပါပဲ... တို့နဲ့မင်း လေပြင်းတွေအကြား ကွဲကွာသွားရချိန်အထိ မင်းနဲ့တို့ ဖြူစင်စွာပဲ ...

စံပယ်ကုံးလေးက ခပ်ခြောက်ခြောက်ဖြစ်သွားတဲ့တနေ့... တို့ကို မင်း ကြိုးကြာငှက်လေး တစ်ထောင် စက္ကူလေးတွေနဲ့ချိုးပြီး ပေးခဲ့သေးတာနော်... မင်းမှတ်မိရဲ့လား... တို့ အဲဒီနေ့က မင်းမေမေရဲ့ ဖုန်းကို လက်ခံစကားပြောပြီးတဲ့အချိန်မှာ ဝေဒနာတချို့နဲ့ နေမကောင်းခြင်းကြီးစွာဖြစ်နေခဲ့တုန်းက... မင်း တို့အတွက် စိုးရိမ်တကြီး ပွေ့ဖက်ထားရင်း တို့ဝေဒနာတွေ သက်သာစေကြောင်း မင်းအယူအဆနဲ့မင်း တို့ကို စက္ကူကြိုးကြာ အခုတစ်ထောင် တစ်ထိုင်တည်းလုပ်ပြီး တို့အခန်းလေးထဲ ကြိုးလေးတွေနဲ့ သီထားပေးခဲ့တယ်... အဲဒီနေ့က တို့ ကြိုးကြာခန်းစီးလေးကို လက်နဲ့တို့ထိဆော့ကစားရင်း မင်းရဲ့ကျောပြင်ထက်မှာ မင်းလည်ပင်းကို သိုင်းဖက်ရင်း အရမ်းပျော်ရွှင်ခဲ့ရတယ်...

စဉ်းစားနေတဲ့တခဏမှာတောင် တို့ရင်ထဲ အဲဒီအချိန်ကို လတ်ဆတ်စွာပြန်လည်ပိုင်ဆိုင်ခွင့်ရလာတာပါ... မင်းလည်း ဒီလိုပဲနေမှာနော်...

ဒီလောက်အဆင်ပြေတဲ့ ပျော်ခွင့်တွေရတဲ့ ချစ်သူနှစ်ဦးအဖြစ် ထာဝရရပ်တည်ချင်ပေမယ့်... မင်းနဲ့တို့ ဝေးကွာအောင် သူမ ဆိုတဲ့ သူမက ဖန်တီးခဲ့တယ်... မင်း သူမကို ဘာမှ မတုံ့ပြန်ဘဲ ဆိတ်ဆိတ်နေခဲ့တာ... တို့ နားလည်ပေးနိုင်ပေမယ့် လက်မခံနိုင်ခဲ့တာ မဆန်းပါဘူးနော်... မင်းဘဝမှာ တို့သာ အဓိကဆိုရင် သူမ စွပ်စွဲတဲ့ တို့အပေါ်ထိုးနှက်တဲ့ စကားလုံးပေါင်းများစွာကို မင်း တစုံတရာတော့ ကာကွယ်ပေးသင့်တယ်... ဒါ... တို့အယူအဆတခုပါ... ပြဿနာဆိုတာ ဖြစ်ပြီးမေ့ပစ်ဖို့ အသင့်တော်ဆုံး ကိစ္စတခုပါ... ဒီလိုမှမဟုတ်ရင် လူတယောက်ရဲ့အသက်ရှင်မှုဟာ အဲဒီပြဿနာအောက် ပျောက်ရှပျက်စီးသွားရမှာပေါ့... အဲဒါကို တို့လုံးဝအဖြစ်မခံနိုင်ဘူး...

ကြမ်းတမ်းခဲ့တယ်... အဲဒီပြဿနာရဲ့ အချိန်ကာလတခုဟာ တို့အတွက် အရမ်းကို လေးလံတဲ့အဖြစ်သနစ်ပါပဲ... ဒါပေမယ့် တို့ ကျော်လွှားခဲ့တယ်... မဖြစ်ဖြစ်တဲ့နည်းနဲ့ တို့ ကျော်လွှားပစ်လိုက်တာပဲ... နောက်ဆုံးတော့ ပြီးသွားခဲ့တယ်... ဒီလိုပြီးဆုံးဖို့ အပြန်အလှန် တစုံတရာတော့ ပေးဆပ်ရယူထိုးနှက်ကြတာတွေ ရှိခဲ့တယ်... အဲဒီအတွက် မင်းနဲ့တို့ လက်ခံနိုင်ဖို့ အချိန်တွေစောသေးတယ်လို့ နှစ်ဦးသဘောတူ ယူဆခဲ့ကြတယ်နော်...

သူမကတော့ အဝေးတနေရာမှာ တို့နှစ်ယောက်ကို မဲ့တဲ့တဲ့အပြုံးတခု အမုန်းအာဃာတမျက်ဝန်းတစုံ နဲ့ လက်ပိုက်ပြီးစိုက်ကြည့်နေတယ်လေ...

မင်းကို တို့ သိပ်ချစ်ပါတယ် ချစ်သူ... မင်းဟာ တို့အချစ်ဦးပဲ... ဒါပေမယ့် တို့ မင်းရဲ့ စိတ်ခံစားမှုကော အပြုအမူကော တို့အတွက် မင်းဟာ ဘယ်လောက်ထိ အရေးပါသလဲ... မင်းရဲ့ တို့အတွက်ရပ်တည်မှုက ဘယ်လောက်အတိုင်းအဆရှိသလဲ စသဖြင့် တို့ ဆန်းစစ်မိခဲ့တာ တို့အချစ်စာတမ်းအတွက် အဓိကကျတဲ့ ဦးတည်ချက်တခုမို့ပါပဲ...

ဆောရီးပါ ချစ်သူ... မင်းနဲ့တို့ အခုချိန်မှာ တနေရာစီ သီးသန့်ရပ်တည်ဖြစ်နေကြပေမယ့် မင်းရှိတဲ့ နေရာလေးဖြစ်တဲ့ Jasmine love ဆိုတဲ့ ဝက်ဘ်ဆိုက် နဲ့ ဖေ့စ်ဘွတ်ထဲက မင်းရဲ့ ပေ့ခ်ျကို ဝင်မကြည့်ဖြစ်တော့ဘူး...

တခါတရံ သူငယ်ချင်းတချို့က မင်းအကြောင်း စကားစချင်ကြတယ်... တို့ လက်မခံဖြစ်ခဲ့ပါဘူး...

ဒီအတိုင်းပဲ... တို့ မင်းအကြောင်းတွေးရင်း စာကြောင်းတွေချရေးရင်း မမေ့ဖြစ်ခဲ့တဲ့အဖြစ်ကြီးဟာ... တနေ့နေ့ တို့နှစ်ယောက် နှစ်ဦးသဘောတူ အချစ်ကို ပြန်လည်တူးဆွလက်ခံချင်ကြတဲ့အချိန်အထိ ဒီအတိုင်းပဲ ဆက်ဖြစ်နေအုံးမှာပါ.....

............


(ခ)

Jasmine Love ဆိုတဲ့ နာမည်နဲ့ ကိုယ် မင်းအကြောင်းတွေ တွေးရင်း ရေးရင်း ကိုယ့်ရဲ့ မင်းကိုလွမ်းမိတဲ့ အချိန်ကာလတွေကို ဖြတ်သန်းဖြစ်နေခဲ့တာ မင်းသိတယ်မဟုတ်လား...

မီးလေးရေ.. မင်းကို ကိုယ် သိပ်ချစ်ခဲ့ ချစ်ဆဲ ချစ်သွား မှာပါ...

မှတ်မှတ်ရရ ဒီနေ့ဟာ မင်းနဲ့ကိုယ် စတင်တွေ့ရှိဖြစ်တဲ့ နေ့စွဲပဲ... သုံးနှစ်ပြည့်ပြီ.... ကိုယ် အဲဒီနေ့က မင်းကို အွန်လိုင်းတနေရာမှာ တွေ့ရှိခဲ့တာ... မင်းလက်ချောင်းလေးတချို့ကို Peace သင်္ကေတလေးထောင်ထားပြီး မျက်မှန်ဝိုင်းလေးကြား ခပ်တောက်တောက်မျက်ဝန်းအစုံနဲ့ ကိုယ့်ကို ကြည့်နေခဲ့တယ်... အမှန်တော့ မင်းတင်ထားတဲ့ မင်းဓာတ်ပုံလေးကို ကိုယ်ကြည့်ရင်း မင်းကို ခင်မင်ခွင့်ရချင်သွားတာ... မဆိုင်းမတွ မင်းဆီ ကိုယ် မိတ်ဆက်စာ လှမ်းပို့လိုက်မိတယ်... မင်းဘက်က အတော်နဲ့ ပြန်စာမလာခဲ့ဘူး... ဖြစ်နိုင်ခြေတွေကို စဉ်းစားရင်း မင်းဆီ ကိုယ် ထပ်ခါထပ်ခါ စာတွေပို့ခဲ့တယ်... ဒီလိုနဲ့ တခုသောလရဲ့ ဆယ်ရက်နေ့မှာ မင်းရဲ့ သူငယ်ချင်းအဖြစ်လက်ခံကြောင်း ပြန်စာလေးကို မင်္ဂလာအပေါင်းခညောင်းစွာ ကိုယ်ရရှိခဲ့တယ်.... သိပ်ပျော်ခဲ့တယ်..

အဲဒီနောက် မင်းနဲ့ကိုယ် အပြန်အလှန်မိတ်ဆက်ဖြစ်တယ်... ဘဝအကြောင်း လတ်တလောလုပ်ဖြစ်နေတဲ့အကြောင်း မင်းသဘာဝ ကိုယ့်သဘာဝ မိသားစုတွေအကြောင်း ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ခံစားရချက်တွေ မင်းဝေဖန်တဲ့ ကိုယ့်ဘဝအကြောင်း ဒါတွေနဲ့ ကိုယ် မင်းကို ရင်းနှီးခဲ့ရတယ်... ရိုးသားဖြူစင်စွာနဲ့ ပျိုမြစ်နုနယ်တဲ့ မင်းကို ကိုယ် အရမ်းချစ်မိသွားတယ်... မင်းမွေးနေ့လေးမှာ ကိုယ် မင်းကို Birthday wish လေးပြောဖြစ်ရင်းက မင်းကို ကိုယ်ချစ်သွားမိပြီဆိုတာ တုန်လှုပ်စွာသိခဲ့ရတယ်...

ချစ်သူလေးရေ... မင်းသဘောထားကို ကိုယ်လုံးဝ မကြားရဲဘူး... မင်းနဲ့ကိုယ် အခုလို တရင်းတနှီးပြောဆိုဆွေးနွေးခွင့်ရနေတာကိုက ကိုယ့်အတွက်အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတခု... ဒါကြောင့် မင်းကို ချစ်တယ်ဆိုတာ ဘယ်လိုဖွင့်ပြောရမလဲကွာ... ကိုယ် ဒီလိုနဲ့ တရက်မှာ မင်းကို တိုက်ဆိုင်စွာ ခံစားချက်တွေ ဖွင့်ဟဖြစ်ခဲ့တယ်... ဒါကလည်း မင်းရဲ့ ထက်မြက်တဲ့စကားလုံးတွေကြောင့်... မင်းကို ပွင့်လင်းခဲ့တာ.. မင်းဘက်က မဆိုင်းမတွ အဖြေတခုပေးခဲ့တယ်... ချစ်တယ်ဆိုတာတော့မဟုတ်သေးပေမယ့် ကိုယ် ပျော်ရွှင်ခဲ့ရတယ်... မင်းပြောတဲ့ မင်းဖြစ်ချင်တဲ့ မင်းရဲ့ အိပ်မက် Family Life Style လေးထဲက မင်းရဲ့လက်တွဲဖော်ရဲ့ ပုံရိပ်တွေ... ကိုယ် မင်းကို ပိုချစ်သွားခဲ့တာ မင်းနဲ့စကားပြောဖြစ်ရင်း ပြောဖြစ်ရင်းက ချစ်မိတာတွေကလည်း ပိုပိုခဲ့တယ်...

မင်းရဲ့ တရံတခါ ကပ်သီးကပ်ဖဲ့ မေးခွန်းတွေ Critical မေးခွန်းတွေ အကြား ကိုယ်ခေါင်းစားခဲ့ရတယ်... ဒီလိုနဲ့ မင်းနဲ့ကိုယ် ဖြူစင်တဲ့ ချစ်သူတွေဖြစ်ခွင့်ရတဲ့နောက်....

မင်းရဲ့ ကိုယ့်အပေါ် ယုံကြည်မှုနဲ့နားလည်မှု တချို့တဝက်ဟာ တစုံတရာသောကိစ္စတခုအပေါ်မှာ ပပျောက်သွားခဲ့တယ်... မင်းစိတ်ချမ်းသာမယ်ဆိုရင် ကိုယ်လည်း စိတ်ချမ်းသာရမှာပဲလေ... အဲဒီတော့ မင်း နဲ့ ကိုယ် နှစ်ဦးသဘောတူ အဝေးတနေရာစီ တိတ်တဆိတ် လမ်းခွဲခဲ့ကြတယ်...

ဒီနေ့... မင်းကို အရမ်းသတိရတယ်... မင်းရဲ့ ဖြူစင်တဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေကို ပုံဖော်ကြည့်နေမိတယ်... မင်းလက်ဖဝါးလေးတွေပေါ်မှာ ကိုယ်ရေးခြစ်ခဲ့တဲ့ မင်းချစ်တဲ့ ကြောင်ကလေး Garfield ပုံ နဲ့ မင်းမေးတဲ့မေးခွန်းတွေရဲ့ ကိုယ့်ရင်ထဲကလာတဲ့ အဖြေတွေ... မင်းလက်ကလေးကို ကိုင်ပြီး တယုတယရေးခြစ်ခဲ့တာတွေ... ကိုယ် ဘယ်မေ့လို့ရမလဲကွာ...

ချစ်သူလေးရေ... မင်း တနေ့နေ့မှာ ကိုယ့်ကို ပြန်လည်လိုအပ်လာတော့မယ်ဆိုရင်... အဲဒီနေ့ဟာ ကမ္ဘာကြီးက အပူချိန်တွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်... သစ်ပင်တွေ ပိုစိမ်းလန်းလာလိမ့်မယ်.... ဂေဟစနစ်ကြီးလည်း ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်...

အခုတော့ မိုးမရွာတဲ့ မိုးရာသီ မှာ တရံတခါ လျှံကျလာတဲ့ ရေခဲမြစ်တွေရဲ့ ငွေ့ရည်ဖွဲ့မှုတွေကြောင့် တနေရာ တဒေသတွေဆီမှာ ရေလျှံတာတွေလည်း မိုးသည်းသည်းကြားမှာ ကိုယ်မြင်နေရသေးတယ်... သက်ပြင်းကို ခပ်ရှည်ရှည်မှုတ်ထုတ်မိရင်း ချစ်သူလေးရဲ့ အသံလေးကို မိုးစက်ကျသံတွေကို အားပြုရင်း သံစဉ်ပြန်ရှာနေမိတယ်..

......

(ဂ)

အဝေးတနေရာဆီက ပျံ့လွင့်လာတဲ့ ပန်းချစ်သူ သီချင်းသံကို နားဆင်နေမိတယ်... လက်ချောင်းတွေကတော့ ကွန်ပျူတာကီးဘုတ်ပေါ်မှာ မောက်စ်ပေါ်မှာ ဟန်ချက်ညီညီ လှလှပပ နေရာယူနေကြတယ်....

သူမ Jasmine Love ဆိုတဲ့ ဘလော့ကို ဝင်ကြည့်ဖြစ်တယ်... လှပတဲ့ ကြိုးကြာ ခန်းဆီးလေးနောက်ကွယ်က ပုံရိပ်လေးနှစ်ခု... သေချာမသဲကွဲ... စူးစိုက်ကြည့်လိုက်မိတော့ လူသားနှစ်ယောက် တယောက်က တယောက်ကျောပေါ်မှာ... ရယ်မောလို့... ပုံလေးက သိပ်ဆန်းကြယ်လှတာမဟုတ်ပေမယ့် ဂရပ်ဖစ် ဒီဇိုင်းပညာနဲ့ ပေါင်းစပ်ဖန်တီးထားတာမို့ တမျိုးတဘာသာ စိတ်ဝင်စားစရာလေးကောင်းနေတယ်...

ဒါ သူ့ပညာတွေပေါ့... သူမ သိပ်သိတာပေါ့... သူဟာ သူ့အနုပညာအားနဲ့ အရာရာကို သူ့လက်ပေါ်ရောက်ရင် လှပသွားအောင် ဆန်းကြယ်သွားအောင် လူတကာ စိတ်ဝင်တစားခံစားမှုတွေဖြစ်အောင် ဖန်တီးနိုင်တဲ့ မှော်အစွမ်းတွေ Talent တွေရှိတဲ့သူပဲ...

အဲဒီပုံလေးရဲ့အောက်က စာသားတွေကို သူမဖတ်မိတော့ ဘာတဲ့... “တို့နှစ်ဦး ချစ်ခြင်းဖြည့်ခဲ့တဲ့ ဒီနေ့အတွက် အမှတ်တရ...” ဆိုပြီး ရက် လ နဲ့ ခုနှစ်ကို အပြည့်အစုံ ထိုးထားတာတွေ့ရပြန်တယ်...

သူ သိပ်ချစ်တတ်တဲ့သူမှန်း သူမအတွက် ပိုပြီးသေချာသွားစေတာ ဒီ ဘလော့ကို သူမကြည့်ဖြစ်တဲ့ အချိန်ကစတာပါပဲ.... သူ့ရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်နေတဲ့ ကလေးမလေးကိုလည်း သူမ တစုံတရာ ခံစားချက်တွေ ဖြစ်နေမိပါတယ်... ကြံကြံဖန်ဖန် သူမက သူ့ကို အမုန်းပွားနေမိတာကိုလည်း သူမကိုသူမ မသုံးသပ်တတ်တော့လောက်အောင်ပဲ... ဘာတွေဖြစ်သွားမိတာလဲ... အသေချာတော့ ထပ်မတွေးဖြစ်တော့ပေမယ့် သူမကိုယ်ပိုင် ဖန်တီးချက်တွေနဲ့ သူမရဲ့ ခံစားချက်တွေကို သက်သာရာသက်သာကြောင်း ဖြေသိမ့်ဖြစ်နေခဲ့တယ်...

ဒါတွေဟာ အိုဇုန်းလွှာပေါက်ပြဲခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေသလား.... သူမဖတ်ရတဲ့ ဂြိုလ်ကိုးလုံးတစ်တန်းတည်း ကျနေတာမို့လား... နေ လ ကမ္ဘာ တတန်းတည်း ကျနေတာမို့ ဆွဲအားတွေ သက်ရောက်မှုတွေ ပိုပြီး ပြင်းလာတာမို့လား... တွေးရင်း သူမ ပြုံးနေမိပြန်တယ်...

တွေးနေရင်း သူမ Facebook ထဲက သူ့ရဲ့ Jasmine Love ဆိုတဲ့ ပေ့ခ်ျ ကို ဝင်ကြည့်ဖြစ်တော့ Wall post ထဲ နောက်ဆုံးရေးထားတဲ့ Message လေးကို ဖတ်လိုက်ရချိန်မှာ... သူမ ခေါင်းကိုမော့ ခါးကိုကော့ပြီး ဟားတိုက်ရယ်မောလိုက်မိတာ လွတ်လပ်စွာ ပါပဲ...

သူမဖတ်လိုက်မိတဲ့ wall post ထဲက စာသားလေးကတော့...

Romanticism : Jasmine Love passed away last night. I'm so sorry for him. Let's pray for Jasmine Love.

အဲဒီ Message ရဲ့ အောက်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စာသားများစွာက ကော်မန့်တွေအနေနဲ့ နေရာယူထားကြတာပါ...

သူမ သိပ်ကိုပျော်ရွှင်ဝမ်းမြောက်ခြင်းအတိပြီးသော ခံစားချက်တပွေ့တပိုက်ဖြင့် ကွန်ပျူတာကနေ ထွက်ခွာသွားပါတော့တယ်... သူမခြေလှမ်းတွေက .....

........

(ဃ)

ချစ်သူလေးရေ....မင်းဆီ ကိုယ်အရောက်လာခဲ့ပြီ.... အို.. မင်းပါးပြင်မှာ မျက်ရည်ကြည်တွေနဲ့ ပါလား... မင်းလက်ထဲမှာ စုတ်တံလေး... ဟာ... သိပ်လှတဲ့ပန်းချီကားလေးပါလားကွာ... မင်းဖန်တီးထားတာပေါ့... လှလိုက်တာ... ကြည်နူးစရာကောင်းလွန်းတဲ့ စံပယ်ခင်းတွေထဲက ကောင်လေးနဲ့ကောင်မလေး... သူတို့လက်ထဲကနေ ပျံထွက်သွားတဲ့ ကြိုးကြာရုပ်လေးတွေ... ကောင်းကင်ယံထဲ အပြည့် ပျံသန်းနေကြပါလား....
ဒါပေမယ့် ကောင်မလေးက အနက်ရောင်ဂါဝန်လေးနဲ့... ကောင်လေးက ကောင်မလေးကို ပွေ့ဖက်ထားဟန်ရှိပေမယ့် ကောင်လေးက အရိပ်ပဲရှိနေပါလား.... ဟာ... ဒါဆို!!!
ချစ်သူလေးရေ... ကိုယ်မင်းအနားမှာ အမြဲရှိနေပေးတော့မယ်လေ... မင်းရေးဆွဲသမျှ ပန်းချီကားလေးတွေသေသပ်လှပသွားအောင် ကိုယ် မင်းကို အမြဲအားပေးရင်း ကူညီနေပါရစေ.....

.........

ခပ်ဝေးဝေးတနေရာမှ လှမ်းကြည့်နေသော သူမသည် ပန်းချီရေးဆွဲရင်း ငိုကြွေးနေရှာသော ကောင်မလေးဘေးနားက အရိပ်တခုကို တအံ့တသြကြည့်နေရင်း.... အာမေဍိတ်သံအဖြစ်... “Jasmine” လို့ လွှတ်ခနဲ အော်မိရင်းက သူမမောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ်ကို တဟုန်ထိုး မောင်းထွက်သွားပါတော့တယ်....




Wednesday, September 15, 2010

တိုက်ဆိုင်ခြင်း

သူငယ်ချင်း...
မင်းရင်ထဲဘယ်လိုရှိမလဲ?
ငါမသိချင်ပါဘူး..

ဒါပေမယ့်ပေါ့လေ
တရံတခါ
တိုက်ဆိုင်မှုတွေကြား
ဗျာပါဒများစွာနဲ့
ဖြူစင်မှုကို
ဆက်ပြီးအရောင်ဆိုးမယ်ဆိုရင်
ဗန်ဂိုးရဲ့ နေကြာတွေလို
လှပစွာရေးခြယ်လိုက်...

ဒီလိုမှမဟုတ်ရင်လည်း
မင်းရင်ထဲကအမုန်းတရားကို
အေ့ဒ်စ်ရောဂါဗိုင်းရပ်စ်လိုပဲ
ဆက်အမြစ်တွယ်စေလိုက်....

တခုတော့ရှိတယ် သူငယ်ချင်းရေ...

မင်းရွေးချယ်တဲ့အပြောင်းအလဲက
ခိုင်မာတဲ့ဆုံးဖြတ်ချက်အတိုင်း
မင်း...
ရလာဒ်တွေရင်ဆိုင်ခံစားရချိန်မှာ...
အနားမှာ...
ငါလည်း ရှိမနေပါဘူး..
ထို့အတူ မင်းချစ်သူလည်း
မင်းအဝေးမှာ...
ခံစားမှုတွေထပ်တူကျခဲ့မယ်ဆိုရင်တောင်
မင်းခံစားရသလောက်
ပြင်းထန်လိမ့်မှာမဟုတ်ဘူး...

သူငယ်ချင်းရေ...
ငါ့ရဲ့ ဗျာပါဒတခုဟာ
မင်းဘဝထဲကို
သံမှိုတချောင်းအဖြစ်
စိုက်ဝင်သွားခဲ့တယ်ဆိုရင်လည်း
ငါနှုတ်ယူပေးဖို့
မကြိုးစားတော့ပါဘူး...

ဒီအတိုင်းပဲငါ
ငါ့ခရီးကိုဆက်လျှောက်ရင်း
မင်း အက်ရှင်ကို
လျစ်လျူရှုလိုက်တော့မယ်...

အဝေးတနေရာဆီမှာ
အတ္တအတွေးတွေ
တူနေမယ်ဆိုရင်တော့
အဲဒီအတ္တထဲမှာ
ငါကြာကြာပျော်မွေ့လိမ့်မယ်မထင်ဘူး

သူငယ်ချင်းရေ...
ပန်းလား လိပ်ပြာလား ပန်းချီကားတချပ်လား
ငါ မဝေခွဲချင်ပေမယ့်
မင်းကတော့ ငါ့ကို
ခွဲဝေပေးခဲ့တယ်...

သတ်မှတ်ချက်တခုနဲ့
ငါ့ကို
နာမ်စားများစွာ
မင်း သုံးခဲ့တယ်...

ထားပါလေ ....

သူငယ်ချင်း
မင်းရဲ့ စွယ်တော်ရွက်မှာ
ငါဟာ
ဘောက်ဖတ်ပိုးတကောင်ဆိုရင်လည်း
ခပ်စိမ်းစိမ်းဘောက်ဖတ်ပဲ
ဖြစ်လိမ့်မယ်လေ...

ရှိစေတော့ပေါ့...

ဒါပေမယ့်
အသက်ရှူသံတွေကြားထဲမှာ
ငါတို့နင်းတဲ့မြေကြီးတွေကို
အားနာဖို့လိုတယ်လို့
ငါမင်းကို
တရားချပါရစေလား...

သူငယ်ချင်းရေ...
မင်းနဲ့ငါ
Decadeတခုလောက်ကွာပေမယ့်
မင်းဟာ ငါ့အတွက်
ကလေးတယောက်အလား...

ငါဟာ မင်းအတွက်
လူအိုတယောက်အလားလား?

မင်းအတွက်
ငါ့မှတ်နိုင်စွမ်းအားတွေ
အိုင်ကျူအဆင့်တွေ
သတ်မှတ်ချက်များစွာတွေ
အသုံးချခံ Object တွေ အဖြစ်နဲ့
မရပ်တည်ပါရစေနဲ့...

ငါမင်းကို အနူးအညွတ် တောင်းဆိုပါရစေ...

သူငယ်ချင်း
မင်းနဲ့ငါဟာ
ရှေးရေစက်အရ
ဆုံတဲ့သူတွေမဟုတ်ကြသလို
လက်တွဲဖို့လည်း
အကြောင်းမဖန်လေတော့
့ရှေ့ဆက်ကြမယ့်
ငါတို့ခရီးတွေဟာ
တိဗက်လွင်ပြင်နဲ့လပ်စ်ဗီးကပ်စ်လိုပဲ
တခြားစီ
အဝေးကြီးပါ...

ကမ္ဘာပြားသွားတယ်ဆိုရင်လည်း
အိုင်တီနယ်မှာ
ငါတို့ဆုံချင်ဆုံကြလိမ့်မယ်
ဒါပေမယ့် သူငယ်ချင်း
ငါ မင်းကိုမြင်ရင်တောင်
ငါ့ လက်ချောင်းတွေက
မင်းဆီ အရောက်လှမ်းတော့မှာမဟုတ်ပါဘူး....

သူငယ်ချင်း
မင်း စိတ်ထဲက အာရုံခံစားမှုတခုရဲ့
စေ့ဆော်ချက်တွေကြောင့်
ငါ့ကိုအမုန်းထွားနေခဲ့ရင်လည်း
လီယိုနာဒိုဒါဗင်ချီလိုပဲ
မင်းထင်ရာမင်းအနုပညာပေါ့...

ငါ
ဘာမှ တတ်နိုင်တဲ့သူမဟုတ်ပါဘူး
အဝေးမှာပဲ
ကျောခိုင်းထားရင်း
ဗြဟ္မစိုရ်တရားလေးပါးထဲက
တခုခုကို
လက်ကိုင်ပြုနေရင်းပေါ့...

မင်းကိုငါ...
တိုက်ဆိုင်မှုများစွာအောက်မှာ
လျစ်လျူရှုထားလိုက်ပါ့မယ်...

ဟုတ်ပြီလား သူငယ်ချင်း?

မင်းဘဝတလျှောက်
မင်းထင်ရာစိုင်းဖို့
ဘောင်ကွပ်မထားတဲ့
ပိတ်ကားဖြူဖြူတချပ်နဲ့
အရောင်စုံတဲ့
ဆေးတွေလည်းအပြည့်ပါ...
ခပ်ဆန်းဆန်းစုပ်တံနဲ့
အခရစ်လစ်လား... ဝါတာကာလာလား ... ဆီဆေးလား... ဘာလဲ?
မင်းကြိုက်တာနဲ့
ရေးခြယ်ခွင့်ရှိပါတယ်ဟာ....



{တဒင်္ဂခံစားမှုဖြင့် ဒီကဗျာကို ရေးဖွဲ့မိပါတယ်...}