Sunday, October 12, 2008

သီတင်းကျွတ်တမ်းချင်း

မိုးလေကင်းလွတ်တဲ့အခုလို ဆောင်းအဝင်ကာလလေးမှာ
မွေးဖွားခဲ့တဲ့ကျွန်မက ဆောင်းရာသီကို အလွန်နှစ်သက်ပါတယ်။
ဇာတိမြေဖြစ်တဲ့ တောင်ကြီးမြို့ မှာ ဆောင်းရာသီ ဒီသီတင်းကျွတ်ကာလကစပြီး ပွဲတော်တွေလာတော့မှာ ဖြစ်တဲ့အတွက် ငယ်ငယ်က တောင်ကြီးမြို့ ပေါ်လည်ပတ်ရတဲ့အရသာကို အရမ်းသတိရမိနေတယ်လေ။
တန်ဆောင်တိုင်မီးထွန်းပွဲတော် မှာ တခမ်းတနားကျင်းပတတ်တဲ့ ဒေသစရိုက်ကိုလဲ တသသပါပဲ။
ကြီးပြင်းလာရာ မော်လမြိုင်မြို့မှာလဲ သီတင်းကျွတ်ကစ တပေါင်းတန်ခူးတိုင်အောင် ဆွမ်းကြီးလောင်းပွဲ နဲ့အတူ
ဇာတ်သဘင်ပွဲများ ရပ်ကွက်အလိုက် လမ်းအလိုက် နှစ်တိုင်းကျင်းပတတ်ကြတာကိုလဲ သတိတရပါ။
မီးပုံးလေးတွေ အိမ်တိုင်းလိုလိုထွန်းညှိတတ်တာတွေ ဖယောင်းတိုင်လေးတွေ အလှထွန်းတတ်တာတွေကို
အနုပညာဆန်ဆန် ဖန်တီးတတ်တာကလဲ ကျွန်မတို့ မြန်မာ့ဓလေ့တစ်ခုပါပဲ။
အနုပညာကို နေရာတိုင်းမှာ ရောယှက်ဖန်တီးခံစားတတ်ကြတဲ့လူမျိုးအဖြစ် ကျွန်မကတော့ဂုဏ်ယူမိပါတယ်။
အလှူအတန်းတွေနဲ့အတူ အိမ်လာတဲ့ဧည့်သည်တွေကို မုန့်ပဲသွားရေစာများနဲ့ဧည့်ခံတတ်တဲ့အစဉ်အလာကလဲ
အတော်ကြည်နူးစရာပါ။
အခုလို မိခင်ဓလေ့နဲ့ဝေးရာ အရပ်ဒေသမှာ ရပ်တည်နေရတဲ့အခါ သီတင်းကျွတ်ကာလလေးရောက်လာတဲ့
ခုလိုအချိန်မှာတော့ ဆိုင်းသံဗုံသံတညံညံနဲ့ ပွဲဈေးတန်းရဲ့ ဆီကြော်ညှော်နံ့တသင်းသင်းကိုလဲ ကိုယ့်နှာဝမှာ
စိတ်ကူးနဲ့သာရှူရှိုက်မိနေပါတော့တယ်။
အိပ်မက်ထဲမှာတော့ မိသားစုအလိုက် လက်ချင်းချိတ်ပြီး ပျော်တပြုံးပြုံး လျှောက်လည်ဖြစ်ကြတဲ့ တောင်ကြီး
တန်ဆောင်တိုင်မီးပုံးပျံပွဲ ကထိန်ပွဲ နဲ့ မော်လမြိုင်ဆွမ်းကြီးလောင်းပွဲတွေ ကိုပြန်ပြောင်းမြင်မက်နေမိတာပေါ့။

သတိတရ တမ်းတစွာဖြင့်



2 comments:

pethein said...

မနီ...

မော်ရွှေမြိုင်အမှတ်တရတွေ
အခုဖြင့်
လွမ်းမိပါရဲ့
..............

Younggun said...

အတိတ်က ပျော်ရွှင်စရာတွေကို အောင့်မေ့သတိရသလို လက်ရှိအချိန်က ပျော်စရာတွေကိုလည်း မြင်တတ်၊ ခံစားတတ်မယ်ဆိုရင် ပိုနေပျော်သွားမှာပါ။ ပျော်ရွှင်ပါစေဗျား။