Monday, January 05, 2009

“ကားလိပ်ရဲ့နောက်ကွယ်”


တနေရာ တချိန်မှာတော့
အဆိပ်ရည်လိုခပ်ခါးခါးအရသာကို
ချိုမြိန်ဟန်ပြု
ဒြပ်ထုတခုတည်မြဲဖို့
ကြိုးပမ်းအားစိုက် အမြတ်ပိုက်မိခဲ့တယ်……………….။

နှစ်သက်ဟန်လုပ်
ခပ်ကုပ်ကုပ်လဲနေခဲ့ဘူးတယ်……….။

အသည်းအသန်နာကျင်လာမှ
နင်ပဲငဆပြောဆိုကြတော့
ခပ်အက်အက်စပ်ကြောင်းတခုမှာ မျောလွင့်မိတဲ့အခါ...............။

မုဒိတာမပွားနိုင်အောင်
အများသူငါကြင်နာကြတာကိုနာကျင်တဲ့အကြည့်တစုံနဲ့
စောင့်ကြည့်တာခံရတဲ့နောက်
ခပ်ပေါက်ပေါက်အတွေးအခေါ်တွေကိုစုစည်း
ခါးစည်းခံရသမျှဒုက္ခတွေအတွက်
ယုံကြည်ရာကိုခိုင်မာစေလို့
ကံကြမ္မာအပေါ်လည်စင်းခံရင်း
မြေစာပင်ပမာတနုပ်နုပ်ကြေမွသွားပေါ့……….။

ခိုင်မာတဲ့သံမဏိကျောက်တိုင်ကို
ခပ်ပိုင်ပိုင်စိုက်ထူပြီးသကာလ
ကျားနဲ့ဆင်လယ်ပြင်မှာတွေ့မယ့်တနေ့ကို
ရောက်တော့မယ်ဘယ်အခါဖြစ်ဖြစ်
ထာဝရမပြောင်းတဲ့အကြင်နာတွေက
မေတ္တာတရားတွေနဲ့အတူ
ယုံကြည်ငံ့လင့်မိတော့..........................။

မတူညီတဲ့သီအိုရီကြား အငိုက်မိသွားဒီနှလုံးသားကို
အမြဲငြိမ်းချမ်းစေဘို့
စိမ်းလန်းတဲ့ဥယျာဉ်အဖြစ်
စောင့်ရှောက်မယ့်သူကို
အစဉ်အမြဲ
ကြိုဆိုကမ်းလင့်
မေတ္တာစစ်စစ်နဲ့ပေါ့……….။



1 comment:

အရုပ်ကလေး said...

ကဗျာကောင်းလေးပါ
အကြိုက်တွေ့သွား၏
ဆက်လက်ရေးဖွဲ့နိုင်ပါစေ