Friday, July 29, 2011

အချစ်မရှိသော ဒီနေ့စွဲများ


ခပ်ဝေးဝေးမှာ ငှက်တစ်ကောင်လား? နှစ်ကောင်လား?.... ခိုဖြူတွေမဟုတ်တာတော့ သေချာတယ်။

အိပ်မက်အစစ်လား? တကယ် ဖြစ်နေတာလား?

ခံစားလိုက်ရတာ တိုက်ရိုက် မဟုတ်တာတော့ သေချာပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားနောက် စိမ်းလန်းခြင်းဆိုတာပါ ဖြည့်စွက် နေကြပါလား။ ကြားမိတာပါ…. နားစွန်နားဖျား လက်တွေ့ မြင်တွေ့ရတာက တခြား။

ဘာပဲ ဖြစ်ဖြစ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတာထက်စာရင် မျှဝေ ပေးလိုက်ချင်ပါတယ်။ ခံစားပေးချင် ကိုယ်ချင်းစာချင်တဲ့ သူတွေအတွက်ပေါ့။ အားလုံးကတော့ သနားစရာတွေ့ရင် ကရုဏာသက်ဖို့တော့ ဝန်လေးကြမှာ မဟုတ်သလို ဒေါသထွက်စရာ ရွံစရာအနေအထားတခုကိုကော ဝေဖန်ကြဖို့ ဝန်လေးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါးစပ် ကိုယ် တန်ဖိုးထားကြတာကိုးနော့်။

တွေးရင်းနဲ့ မဲ့ပြုံးလေးတစ်ခု ကိုယ့်နှုတ်ခမ်းမှာ ဖန်ဆင်းပြီးသား ဖြစ်သွားတယ်။ အော်……..မိုးတိမ်သားတွေကလဲ ထူထပ်နေလိုက်တာ။ နေရောင်တောင် တိုးမပေါက်တော့ပါလား။ တိမ်စိုင်တွေကို သေချာကြည့်လိုက်တော့ အိုး….. အမည်တပ်ရ တော်တော်ခက်မယ့် ပုံရိပ်တွေ သဏ္ဍာန်တွေပါလား။ အဲလိုပဲ သူ့ထက်ငါ အပြိုင် လေလွင့်နေကြတာတွေကကော လောကကြီးကို ရည်ညွှန်းတာပါလား။

ကာလ အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်လိုက်ပြီးတဲ့နောက်…….ရင့်ကျက်မှုကို အရေခြုံ ဟန်ဆောင်မှုကို ရှေ့တန်းတင် ဝန်တိုမှုတွေကို ရင်ဝယ်ပိုက်လိုက်မိတာ ငွေကြေးဖောင်းပွမှုနဲ့ အပြိုင်ပါပဲ။

xxxxxxxxxxxxxxxxxxx

မှုန်ပျပျ အလင်းရောင်လေးက လမ်းပေါ်ကို ထိုးကျနေတယ်။ အဝေးတနေရာဆီက ညဥ့်ငှက်တစ်ကောင် အော်သံဖြတ်ကနဲ ကြားလိုက်ရတယ်။ တဖြည်းဖြည်း အဝေးက ကားတွေ ဆိုင်ကယ်တွေ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ အသံတွေ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ စာအုပ်တွေ လှန်လှောနေတဲ့ သူမ မျက်နှာလေးက ဝင်းပကြည်စင်နေတယ်။ ကရုဏာအပြည့်ပါတဲ့ ဟန်အမူအရာတွေကိုလည်း သူမအပြုအမူတိုင်းမှာ တွေ့ရတယ်။ ဒီနေ့ သောကြာနေ့။ မနက်ဖြန်ဆို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ။ သူမက ကလေးကို စိတ်ရှည်လက်ရှည် စာပြပေးနေတုန်း။

အိမ်က သားငယ်လေးရဲ့ ကျောင်းက အတန်းပိုင်ဆရာမဖြစ်တဲ့သူမကို ကျွန်တော် ရင်းနှီး လေးစားမိနေတာ ကြာပါပြီ။ အိမ်မှာ အိမ်သူကလည်း သူ့အလုပ်နဲ့၊ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ ဆိုတော့ သားငယ်ရဲ့ ပညာရေးကို သူ့ဆရာမလက်ထဲ ဝကွက်အပ်ထားရတာ။ ဆရာမလေးကလည်း အတော်စေတနာ ကောင်းရှာတယ်။ အခုလိုသောကြာနေ့ဆို သူမက ကျွန်တော့်သားငယ်လေးကို အချိန်ပိုပေးပြီး စာပြတတ်တယ်။

အခု စာမေးပွဲကြီးနီးလာတော့ သားငယ်လေးကို စာမေးပွဲအတွက် ပိုပြီး အားသွန်ခွန်စိုက် သင်ကြား ပြသပေးနေလေရဲ့။ သူမ လက်ချောင်းတွေက သားငယ် တွက်ထားတဲ့ ပုစ္ဆာတစ်ပုဒ်ကို စစ်ဆေးပြီး သားငယ်ကို အမှားတွေ ပြန်ရှင်းပြနေလေရဲ့။ သူမက ကျွန်တော်တို့ အိမ်နဲ့ မျက်စောင်းထိုး တစ်အိမ်ကျော်မှာ နေတာဆိုတော့ အိမ်ပြန်ခရီးကလဲ မပူမပင်ရဘူးပေါ့။

အမေတစ်ခု သမီးတစ်ခုဘဝနဲ့ သူမဟာ တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တစ်ယောက်။ သူမလည်တိုင်မှာ စိန်ပွင့်လေးတွေနဲ့။ လက်ချောင်း တချို့မှာလည်း ရတနာတွေက နေရာယူထားတယ်။ အပြင်အဆင်ကလည်း ခေတ်မီ အထက်တန်းကျကျပါပဲ။ အခုလို ရန်ကုန်မြို့စွန် ဆင်ခြေဖုံးက အလယ်တန်းပြ ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ သူမဟာ ရတဲ့လခအပြင် အပိုဝင်ငွေကလည်း မဆိုစလောက်လေးပါ။ သူမအပြင်အဆင်က သူမ လခကော အပိုဝင်ငွေထက်ပင် များနေသလားလို့။ ကျွန်တော် တွေးနေမိတယ်။ ရှင်းရှင်းပြောရရင်တော့ သားငယ်ရဲ့ဆရာမဖြစ်တဲ့ သူမကို ကျွန်တော်လေ့လာ နေမိတာပါ။

ဒီလိုနဲ့ သားငယ်စာမေးပွဲကြီး ဖြေပြီး ကျောင်းပိတ်တဲ့တစ်ရက်မှာ ဇာတိမြို့က ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ငယ်ပေါင်းတချို့ အိမ်ကိုအလည်ရောက်လာတယ်။ ကျွန်တော့်ကိုလဲ အားတဲ့ တစ်ရက် သူတို့မပြန်ခင် ကျွန်တော့်ကို သူတို့အတွက် အချိန်ပေးပါလို့ တောင်းဆိုကြတယ်။ ကျွန်တော်လည်း အလုပ်ကလွဲပြီး ဘယ်နေရာမှ မသွားဖြစ်တာ ကြာပြီဆိုတော့ သူတို့ မပြန်ခင်တစ်ရက်တော့ ဘီယာဘား တစ်ခုလိုက်ပို့ပေးဖို့ ကတိပြုလိုက်ရတယ်။

အဲဒီနေ့ ညနေခင်းလေးက အတော်သာယာတယ် ပြောရမယ်။ ကျွန်တော့်ဘော်ဒါတွေနဲ့ အခုလို အပြင်ကို လွတ်လွတ်လပ်လပ် ထွက်ခွင့်ရတော့ ငယ်ဘဝကို ပြန်ရောက်သွားသလို ကျွန်တော့် အသက်တွေ ဆယ်ကျော်သက်ပေါ့ဗျာ။ ဒီကောင်တွေက ကျွန်တော့်ထက် အသွက်တွေဆိုတော့ ဘီယာဘားရောက်တာနဲ့ လွတ်လပ်မှုကို အပြည့် ခံစားဖို့ စည်းစိမ်ယူကြတော့တယ်။ မီးရောင်အောက်မှာ ကချေသည်တွေကလည်း သူတို့ ရဲ့ ကြေးစားဘဝကို ခုံမင်ပျော်ရွှင်နေကြတယ်။

ကျွန်တော်လည်း ရစ်ရွှေရည်ကို တမြုံ့မြုံ့နဲ့စုပ်ကောင်းတုန်း ဘေးနားက ရနံ့တစ်ခုကြောင့် စိတ်လှုပ်ရှားမိသွားပြီး စောင်းငဲ့ကြည့်လိုက်မိတော့ ဘေးတိုက်အနေအထား ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရရင်ပဲ အသက်ရှူ တခဏရပ်သွားမိလေရဲ့ဗျာ။ ကျွန်တော့် အကြည့်က စက္ကန့်သုံးဆယ်လား မိနစ်သုံးဆယ်လား သေချာတော့ မမှန်းမိဘူးဗျ။ အတော်ကြာတဲ့ ကျွန်တော့် အကြည့်ကြောင့် ဘေးတိုက် ပုံရိပ်လေးဟာ သူမအဖော်ဘက် တွတ်ထိုးနေရာက ကျွန်တော့်ကို လှည့်ကြည့်လာပါတယ်။ အဲဒီမှာ…...အဲဒီမှာပေါ့ဗျာ။

“အို……ဟင်”

အာမေဋိတ် စကားသံ သူမနှုတ်ခမ်းဖျားက ထိန်းမနိုင်သိမ်းမရ ဖိတ်ကျလာပုံရတယ်။

ကျွန်တော့်မျက်ဝန်းကို သူမမျက်ဝန်းအစုံက အံ့သြမှု ရှက်ရွံ့မှု သိမ်ငယ်မှု ဝမ်းနည်းမှု.. နောက်ထပ် အမည်တပ်ဖို့ ခက်မယ့်ခံစားမှုများစွာနဲ့အတူ ရွှန်းရွှန်းစားစား ကြည့်နေတယ်။

သူမတကိုယ်လုံးကို ကျွန်တော်အခုမှ အသေချာကြည့်မိတော့ အပြင်အဆင်က ဘီယာဘားရဲ့ အဖြည့်ခံ တစ်ယောက်ပုံစံနဲ့။ သူမလက်ထဲမှာ သူမအဖော်အတွက် သူမထည့်ထားတဲ့ ရစ်ရွှေရည်ခွက်ကလေးလား။ သူမကိုယ်တိုင်ကတော့ အနည်းငယ်ဇိမ်ကျ နေပုံပါ။ ကျွန်တော့်ကို စူးစိုက်ကြည့်ရင်းက သူမ ကျွန်တော့်အနား ဖြတ်ကနဲကပ်လာတယ်။

ကျွန်တော့်နားနား သူမနှုတ်ခမ်းဖျားတွေက တစုံတရာကိုပြောပြီး သူမအဖော်လက်ကိုတွဲ ချာကနဲ ကျွန်တော့်အနားက ပျောက်ကွယ်သွားတော့တယ်။

အိမ်အပြန်လမ်းမှာ ကျွန်တော် စိတ်ရှုပ်ထွေးနောက်ကျိစွာနဲ့ တစုံတရာကို လျှို့ဝှက်ထား ရတဲ့ဝေဒနာကို အသည်းအသန်ခံစားလာရတယ်။ သူမရဲ့ တိုးသက်ညင်သာတဲ့ စကားသံလေးက ကျွန်တော့် အိပ်မက်ထဲ နေရာယူနေပါတော့တယ်။

သူမစကားလေးက…….“ဘယ်သူ့ကိုမှ မပြောပါနဲ့နော်……..”တဲ့။

အဲဒီညနေခင်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ အိမ်အပြန်လမ်းမှာ မီးတွေမှောင်လို့။ လေကြမ်းကလဲ တဖြည်းဖြည်းထန်လို့။ အိမ်ရောက်တော့လဲ ငြိမ်သက်လွန်း တဲ့ပတ်ဝန်းကျင်မှာ ကျွန်တော် တစ်ယောက်တည်း ကြောင်တောင်တောင်ရယ်။

အိမ်မြှောင်စုတ်ထိုးသံ သဲ့သဲ့ကြားတော့ အဝေးက ကားမီးရောင်လေးကိုမြင်ရင်း ငေးနေမိပြန်တော့ သူမလေ…သူမပေါ့။ ကားပေါ်ကဆင်းပြီး သူမအိမ်ထဲဝင်သွား လေရဲ့။

ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ရောင်နီကပျို့နေပြီ။ အရုဏ်တက်တဲ့မနက်ခင်းက မင်္ဂလာရှိတယ်တဲ့။ ရှေးလူကြီးသူမတွေပြောတာ ကြားဖူးပေမယ့် အခုတော့ ညဥ့်ငှက်က အိပ်တန်းတက်ဖို့ထက် ဝမ်းစာရှာနေတုန်း။

……….

တစ်သက်မှာ တစ်မင်္ဂလာတဲ့။ သမီးတစ်ကောင် နွားတစ်ထောင်တဲ့။ ကျွန်တော့်ဆီမှာလဲ နောက်ထပ် သမီးကြီးတစ်ယောက်ရှိသေးတော့ သူမအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာပေါ့ဗျာ။ တနေ့ထက်တနေ့ ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းနဲ့အညီ ကျွန်တော်ရုန်းကန်ရတာလဲ တနင့်တပိုးပါပဲ။ အိမ်မှာက အိမ်သူကော ကျွန်တော်ကောအလုပ်တွေ တက်ညီလက်ညီ လုပ်နေတာ တောင်မှ အိမ်စားရိတ်ကာမိရုံရယ်လေ။ အရေးထဲ သမီးကြီးက အခု တက္ကသိုလ်တက်နေပြီ။ ခပ်ချောချောမိန်းကလေးတို့ရဲ့ ထုံးစံအတိုင်း ရည်းစားသနာ ကတော့ များတာပေါ့။ ခေတ်မီတဲ့ဖက်ရှင်ဆန်းတွေကိုလဲ သမီးက စိတ်ဝင်စားလေတော့ တဦးတည်းသောသူမအတွက် ကျွန်တော်တို့မိဘနှစ်ပါးက အင်တိုက်အားတိုက်ရှာကြံ ဆင်ယင်ဖြည့်တင်းပေးရတာပေါ့။

သူမကလဲ အတော်လေးလိမ္မာတာပါပဲ။ စာတော်သလို အရှုပ်အရှင်းလဲကင်းသူမို့ သူ့အမေက ဖူးဖူးမှုတ်ထားတယ်။ ရပ်ကွက်ထဲမှာလဲ သမီးက စူပါစတားပေါ့။ ဆယ်ကျော်သက်ရွယ်တူတွေထဲမှာ ဝတ်နိုင်စားနိုင် ပြင်နိုင်ဆင်နိုင်ဆိုတော့ အများတကာ ငေးမောရှုချင်ဖွယ်ရာထဲမှာပါတယ်လေ….။ သူ့အမေကလဲ သူ့သမီးအတွက် ဆို ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ဖြည့်ဆည်းပေးဖို့အသင့်. ။

တက္ကသိုလ်တက်တော့ နည်းပညာတက္ကသိုလ် တက်ခွင့်ရတယ်။ မိဘနှစ်ပါးကတော့ ပျော်တပြုံးပြုံးပါတဲ့ဗျာ။ မျိုးဆွေထဲမှာလဲ တစ်ယောက်တည်း ထွန်းပေါက်တာကလား။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အထိတော့ သမီးကအေးဆေးပါပဲ။ စတုတ္ထနှစ်လဲရောက်ကော ကျူရှင်တဲ့။ တက်လိုက်ရတဲ့ကျူရှင် သိန်းကျော်ချည်း။ ဘီအီးပါဖို့ဆိုလား တက်ရတာတဲ့။ အော် တက်ပေါ့။ ရှာပေးလိုက်ရတဲ့ငွေ သောက်သောက်လဲ။ အင်း တဖြည်းဖြည်း ပြီးတော့မယ် ဆိုပြီးတောင့်ထားတာ။ နောက်ဆုံးနှစ်ဖြေပြီး သွားမှ ဟင်းချနိုင်တယ်။

အမောပြေဖို့ကြံကာရှိသေး။ သမီးက နိုင်ငံခြားမှာ ပညာတော်သင်သွားချင်ပါတယ်တဲ့။ အော်……ခေတ်မီတဲ့ပညာတွေကို ခေတ်နဲ့အမီ အသုံးချချင်မှာပေါ့ဆိုပြီး လွှတ်ဖို့ ငွေထုတ်ပေးရပြန်တယ်။ တိုဖယ်လ်ဆိုလား အိုင်အီအယ်လ်တီအက်စ်ဆိုလား ဖြေသေးတယ်။ တစ်ခါနဲ့အဆင်မပြေလို့ သုံးခေါက်။ တစ်ခါဖြေရင် ဒေါ်လာနဲ့သွင်းရတယ်။ အင်း…….အမြင့်ရောက်ဖို့တော့ ရင်းရမှာပေါ့ဆိုပြီး ရှာပေးရပြန်။

ဒီလိုနဲ့ စင်္ကာပူမှာ ကျောင်းတက်ခွင့်ရပါပြီတဲ့။ သူ့သူငယ်ချင်းလေးတွေပါ အတူသွားရတော့မှာ ဆိုပြီးပျော်နေတဲ့သမီးကို ကျွန်တော် အမောပြေ ကြည့်နေရတယ်။ သမီးရဲ့ အမေကတော့ တွေ့သမျှ ကြုံသမျှလူတွေက သမီးအကြောင်း မမေးလိုက်နဲ့။ အိုး နိုင်ငံခြားမှာ ပညာတော်သင်သွားရမယ်ဆိုပြီးကြွားနေလိုက်တာများ နားတောင်ရှက် လာရတယ်။ အမေဆိုတော့လဲ ဂုဏ်ယူချင်ရှာမှာပေါ့ ဆိုပြီး နားလည် ပေးထားလိုက်ရတယ်။

လေယာဉ်ကွင်းဆင်းတော့ မိခင်ခမျာငိုရှာတာ။ သမီးလေးကတော့ ငိုပျော်လေးပျော်လို့။ အချိန်ကလဲ တရွေ့ရွေ့ကုန်ရင်း တစ်နှစ်ကနေ နှစ်နှစ် သုံးနှစ်ပြည့်တဲ့နေ့မှာ သမီးဆီက သတင်းရတယ်။ သူ လက်ထပ်တော့ပါမယ်တဲ့။ သူမ ငယ်ချစ်နဲ့ပါပဲတဲ့။ ကျောင်းအတူတက်ရင်း သံယောဇဉ်ပိုသွားလို့ အခုဆို ဟိုမှာ အတူနေနေပါပြီတဲ့။ သမီးတို့ အဲဒီမှာပဲ လက်မှတ်ထိုးဖြစ်မှာမို့ လှမ်းအကြောင်းကြားတာပါတဲ့။ သမီးရဲ့ ကောင်လေးမိဘတွေက သူတို့ သားအတွက် ကုန်ကျထားတာတွေ မကျေသေးလို့ သမီးအတွက် မင်္ဂလာပွဲမလုပ်ပေးနိုင်ပါဘူးတဲ့။ အဲဒါကြောင့် သမီးတို့ နှစ်ဦးသဘောတူလက်မှတ်ထိုးကြမှာမို့ လှမ်းအကြောင်းကြားတာပါတဲ့။ ကောင်းရော…။

မိခင်ကတော့ ငိုကြွေးပူဆွေးပေါ့။ ဒါပေမယ့် ပတ်ဝန်းကျင် ကိုတော့ သမီးလေးက ငွေ ဘယ်လောက် ပို့တယ်။ ဘာတွေ သင်နေတာ။ ဘာတွေလုပ်နေတာ။ အလုပ်မအားလို့ မပြန်လာနိုင်တာ ဘာညာနဲ့ မိုးမွှန်အောင်ကြွားနေရသေးတာ။

အင်း မိဘ မိဘ။ နားလည်မှုအပေါင်းသရဖူဆောင်းပြီး ခန္တီပါရမီ ရင့်သန်နေတဲ့ လူတွေကတော့ မိဘတွေပဲ ထင်ပါတယ်လေ။ အခုဆို သမီးလေးထွက်သွားတာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်နေပြီ။ စာတွေ ဖုန်းတွေတော့ လာပေမယ့် သမီးလေးဆီက “ဖေတို့အဆင်ပြေလား” ဆိုတဲ့ မေးခွန်း မကြားဖူးသေးတာ အမှန်ပဲ။ ဘာတွေလုပ်နေတယ် ဘာတွေ ဖြစ်နေတယ် ဆိုတာ အသေးစိတ် မသိရပေမယ့် သမီးလေး အဆက်သွယ် လုပ်နေတာကိုပဲ ဂုဏ်ယူရမလိုပေါ့။

မိခင်ဖြစ်သူကို သမီးအကြောင်းပြောမိတော့ ဘာပြောတယ်မှတ်လဲ။ “တော်သေးတာပေါ့ရှင် သမီးလေးရဲ့ ကျောင်းနေဖက် တစ်ယောက်ဆို အခြေအနေ အတော်ဆိုးတာ။ သူ့ရည်းစား ဟိုကုမ္ပဏီ ပိုင်ရှင်ကောင်လေးနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခါနီးမှာမှ တခြားကောင်လေးတစ်ယောက်နဲ့ တွဲရင်း အဲဒီကောင်လေးကို လက်ထပ် ယူလိုက်တာ။ အဲဒီကောင်မလေးက အရင်ရည်းစားနဲ့ ကိုယ်ဝန် ပါလာတာလေ။ အခုယူထားတဲ့ ကောင်လေးက သူ့ကလေးပဲထင်နေတာ။ အဲလိုအဖြစ်မျိုး သမီးလေးမကြုံတာပဲ ကျေးဇူးတင်ရမယ်ရှင့်။ နောက် ဟိုတစ်ယောက်ဆိုလဲ အင်တာနက်ကနေ တွေ့ပြီး ချစ်တာ။ အဲလူက လိုအပ်တာတွေ ဖြည့်ဆည်းပေးတာကို သာယာနေတာ။ နောက်မှ အဲဒီလူက အိမ်ထောင်တွေ ဘာတွေနဲ့ ဆိုတာသိရတာ။ သိရပေမယ့် လွန်နေပြီလေ။ ယူလို့လည်း မဖြစ်။ အဲလိုတွေက ရှိသေးမဟုတ်လား။ ကျွန်မသမီးလေးအတွက် ကျွန်မ စိတ်ချမ်းသာပါတယ်။ အခုခေတ် မိန်းကလေးတွေရဲ့ အချစ်ကိစ္စတွေက အတော်ရှုပ်သားကလား။ အဲဒီထဲမှာ သမီးလေးအဖြစ်က ကောင်းပါသေးတယ်တော်” ပြောနေရင်းက လှည့်ထွက်သွားတဲ့ အိမ်သူကို ကြည့်ရင်းက ကျွန်တော်အပြုံးမဲ့မဲ့တစ်ခုနဲ့ ကျန်ရစ်ခဲ့ရပါတယ်။

သူမ မသိသေးတဲ့ ဟိုတစ်ယောက်အကြောင်းကို သိရင် သူမ ဘာတွေပြောဖြစ်မလဲ ကျွန်တော် မစဉ်းစားကြည့်တော့ဘူး။ လမ်းပေါ်ကိုကြည့်လိုက်တော့ တံလျှပ်တွေနဲ့ လမ်းမမည်းမည်းပေါ်မှာ သစ်ရွက်ခြောက် တစ်စ လေထဲ လွင့်သွားလေရဲ့။ ကောင်းကင်မှာ ငှက်လေးတွေလဲ တူစုံ မပျံကြတော့ဘူး။ နေ အတော် ပူတာကိုး။
ညနေဥာဏ်

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း

အတွဲ၃၊ အမှတ်၎(အောက်တိုဘာလ ၂၀၀၉ခုနှစ်)


1 comment:

ဟန်ကြည် said...

ဝေမျှပေးတာ ကျေးဇူးပါ...ရသ ၀ထ္ထုကောင်းလေးမို့ အရသာ တွေ့မိပါတယ်...ကိုယ်တိုင်ရှာမဖတ်အားတာမို့ အခုလို ပြန်ညွှန်းပေးတဲ့လူများကို ကျေးဇူးအမြဲတင်မိပါရဲ့...