Wednesday, September 15, 2010

တိုက်ဆိုင်ခြင်း

သူငယ်ချင်း...
မင်းရင်ထဲဘယ်လိုရှိမလဲ?
ငါမသိချင်ပါဘူး..

ဒါပေမယ့်ပေါ့လေ
တရံတခါ
တိုက်ဆိုင်မှုတွေကြား
ဗျာပါဒများစွာနဲ့
ဖြူစင်မှုကို
ဆက်ပြီးအရောင်ဆိုးမယ်ဆိုရင်
ဗန်ဂိုးရဲ့ နေကြာတွေလို
လှပစွာရေးခြယ်လိုက်...

ဒီလိုမှမဟုတ်ရင်လည်း
မင်းရင်ထဲကအမုန်းတရားကို
အေ့ဒ်စ်ရောဂါဗိုင်းရပ်စ်လိုပဲ
ဆက်အမြစ်တွယ်စေလိုက်....

တခုတော့ရှိတယ် သူငယ်ချင်းရေ...

မင်းရွေးချယ်တဲ့အပြောင်းအလဲက
ခိုင်မာတဲ့ဆုံးဖြတ်ချက်အတိုင်း
မင်း...
ရလာဒ်တွေရင်ဆိုင်ခံစားရချိန်မှာ...
အနားမှာ...
ငါလည်း ရှိမနေပါဘူး..
ထို့အတူ မင်းချစ်သူလည်း
မင်းအဝေးမှာ...
ခံစားမှုတွေထပ်တူကျခဲ့မယ်ဆိုရင်တောင်
မင်းခံစားရသလောက်
ပြင်းထန်လိမ့်မှာမဟုတ်ဘူး...

သူငယ်ချင်းရေ...
ငါ့ရဲ့ ဗျာပါဒတခုဟာ
မင်းဘဝထဲကို
သံမှိုတချောင်းအဖြစ်
စိုက်ဝင်သွားခဲ့တယ်ဆိုရင်လည်း
ငါနှုတ်ယူပေးဖို့
မကြိုးစားတော့ပါဘူး...

ဒီအတိုင်းပဲငါ
ငါ့ခရီးကိုဆက်လျှောက်ရင်း
မင်း အက်ရှင်ကို
လျစ်လျူရှုလိုက်တော့မယ်...

အဝေးတနေရာဆီမှာ
အတ္တအတွေးတွေ
တူနေမယ်ဆိုရင်တော့
အဲဒီအတ္တထဲမှာ
ငါကြာကြာပျော်မွေ့လိမ့်မယ်မထင်ဘူး

သူငယ်ချင်းရေ...
ပန်းလား လိပ်ပြာလား ပန်းချီကားတချပ်လား
ငါ မဝေခွဲချင်ပေမယ့်
မင်းကတော့ ငါ့ကို
ခွဲဝေပေးခဲ့တယ်...

သတ်မှတ်ချက်တခုနဲ့
ငါ့ကို
နာမ်စားများစွာ
မင်း သုံးခဲ့တယ်...

ထားပါလေ ....

သူငယ်ချင်း
မင်းရဲ့ စွယ်တော်ရွက်မှာ
ငါဟာ
ဘောက်ဖတ်ပိုးတကောင်ဆိုရင်လည်း
ခပ်စိမ်းစိမ်းဘောက်ဖတ်ပဲ
ဖြစ်လိမ့်မယ်လေ...

ရှိစေတော့ပေါ့...

ဒါပေမယ့်
အသက်ရှူသံတွေကြားထဲမှာ
ငါတို့နင်းတဲ့မြေကြီးတွေကို
အားနာဖို့လိုတယ်လို့
ငါမင်းကို
တရားချပါရစေလား...

သူငယ်ချင်းရေ...
မင်းနဲ့ငါ
Decadeတခုလောက်ကွာပေမယ့်
မင်းဟာ ငါ့အတွက်
ကလေးတယောက်အလား...

ငါဟာ မင်းအတွက်
လူအိုတယောက်အလားလား?

မင်းအတွက်
ငါ့မှတ်နိုင်စွမ်းအားတွေ
အိုင်ကျူအဆင့်တွေ
သတ်မှတ်ချက်များစွာတွေ
အသုံးချခံ Object တွေ အဖြစ်နဲ့
မရပ်တည်ပါရစေနဲ့...

ငါမင်းကို အနူးအညွတ် တောင်းဆိုပါရစေ...

သူငယ်ချင်း
မင်းနဲ့ငါဟာ
ရှေးရေစက်အရ
ဆုံတဲ့သူတွေမဟုတ်ကြသလို
လက်တွဲဖို့လည်း
အကြောင်းမဖန်လေတော့
့ရှေ့ဆက်ကြမယ့်
ငါတို့ခရီးတွေဟာ
တိဗက်လွင်ပြင်နဲ့လပ်စ်ဗီးကပ်စ်လိုပဲ
တခြားစီ
အဝေးကြီးပါ...

ကမ္ဘာပြားသွားတယ်ဆိုရင်လည်း
အိုင်တီနယ်မှာ
ငါတို့ဆုံချင်ဆုံကြလိမ့်မယ်
ဒါပေမယ့် သူငယ်ချင်း
ငါ မင်းကိုမြင်ရင်တောင်
ငါ့ လက်ချောင်းတွေက
မင်းဆီ အရောက်လှမ်းတော့မှာမဟုတ်ပါဘူး....

သူငယ်ချင်း
မင်း စိတ်ထဲက အာရုံခံစားမှုတခုရဲ့
စေ့ဆော်ချက်တွေကြောင့်
ငါ့ကိုအမုန်းထွားနေခဲ့ရင်လည်း
လီယိုနာဒိုဒါဗင်ချီလိုပဲ
မင်းထင်ရာမင်းအနုပညာပေါ့...

ငါ
ဘာမှ တတ်နိုင်တဲ့သူမဟုတ်ပါဘူး
အဝေးမှာပဲ
ကျောခိုင်းထားရင်း
ဗြဟ္မစိုရ်တရားလေးပါးထဲက
တခုခုကို
လက်ကိုင်ပြုနေရင်းပေါ့...

မင်းကိုငါ...
တိုက်ဆိုင်မှုများစွာအောက်မှာ
လျစ်လျူရှုထားလိုက်ပါ့မယ်...

ဟုတ်ပြီလား သူငယ်ချင်း?

မင်းဘဝတလျှောက်
မင်းထင်ရာစိုင်းဖို့
ဘောင်ကွပ်မထားတဲ့
ပိတ်ကားဖြူဖြူတချပ်နဲ့
အရောင်စုံတဲ့
ဆေးတွေလည်းအပြည့်ပါ...
ခပ်ဆန်းဆန်းစုပ်တံနဲ့
အခရစ်လစ်လား... ဝါတာကာလာလား ... ဆီဆေးလား... ဘာလဲ?
မင်းကြိုက်တာနဲ့
ရေးခြယ်ခွင့်ရှိပါတယ်ဟာ....



{တဒင်္ဂခံစားမှုဖြင့် ဒီကဗျာကို ရေးဖွဲ့မိပါတယ်...}


1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး သိပ်ကောင်းတဲ့ ကဗျာရှည်လေးပါလား
တော်လိုက်တာ
အစ်မကတော့ ကဗျာတိုတိုလေးတောင် ထိထိမိမိဖြစ်အောင် မစပ်နိုင်ဘူးရယ်
ခုလို ရေးတတ်တဲ့သူတွေကို ချီးကျူးမိတယ်..
အသုံးအနှုန်းလေးတွေလည်း လှတယ်.
Bravo !