Thursday, November 13, 2008

တန်ဆောင်တိုင်ည


မြူခိုးဝေတဲ့ဆောင်းတစ်ည
လပြည့်အလှနဲ့အတူ
မီးရောင်စုံတွေကခုန်နေတဲ့
အဝေးပြေးလမ်းမကြီးရဲ့အဆုံး
မမုန်းနိုင်အောင်စီးဆင်းသန်မာဆဲ
မြစ်ငယ်လေးတစ်ခုရဲ့ရေအလျင်နဲ့အတူ
တလှုပ်လှုပ်ပြေးလွှား မီးခွက်လှလှလေးတွေ
ဟိုဟိုဒီဒီငေးကြည့် မြင်သာမြင်ကြင်ခွင့်မရတဲ့
အမိနို့ချိုရည်ကိုတောင့်တ လွမ်းဆွတ်သံတွေအားလုံး
မီးပန်းအလှအောက် ကျပျောက်သွား..............။
အလှပေါ်အယဉ်ဆင့်
သူသူငါအပြိုင်ကျဲ အလှဖွဲ့တွေနဲ့အပြုံးတစ်ဆုပ်က
ရင်ထဲမှာလှိုင်းထန်စေတဲ့အခါ
လက်ထဲမှာနွေးထွေးမှုတစ်ခုဖမ်းဆုပ်ထားတာ
ခံစားမှုထပ်တူကျ ပြိုင်တူအခါခါပြုံးမိကြရဲ့.....။
ကျောထဲစိမ့်တဲ့ ဒီဥတုအအေး
ခပ်အေးအေးလေးရင်ဆိုင်ရင်းပေါ့
အပြေးကလေးခွာလှမ်း
အပြန်လမ်းလည်းမဝေးခဲ့ဘူးကွယ်....။
တစုံတရာကျပျောက်သွားလား
ဘာကိုမှအလေးနက်မထား
အငိုဆိုတဲ့အက်ရှင်အတွက်
ထားခဲ့တဲ့ဒီမျက်ရည်
မြစ်ငယ်လေးရဲ့သောင်ပြင်မှာချန်ရစ်ခဲ့တဲ့ ငါ့ရင်ထဲကတန်ဆောင်တိုင်ည.........။




1 comment:

Welcome said...

သယ်ချင်း
တောင်ကြီးတန်ဆောင်တိုင် ကို သတိရတယ်ဝေ့ ဒီနှစ်တော့ မရောက်တော့ဘူး၊ နောက်နှစ်ပေါ့။ အဆင်ပြေတယ်ဟုတ် ....
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com