Wednesday, March 05, 2014

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကျဉ်း




၂၀၁၄ ခုနှစ် မတ်လ (၈) ရက်နေ့မှာ ကျရောက်မယ့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ၀တ်မှုန်သံစဉ်မှ စာဖတ်ပရိသတ်များအား အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံကို အကျဉ်းအားဖြင့် တင်ပြပေးပါရစေ။


အမျိုးသမီးများနေ့ကို အစောဦးဆုံး သတ်မှတ်ကျင်းပတဲ့နိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုဖြစ်ပါတယ်။ အမျိုးသမီးများနေ့ကို အမေရိကန်ပြည်ထောင်စုမှာ ၁၉၀၈ခုနှစ် မေလ (၃) ရက်နေ့မှာ ချီကာဂိုမြို့တွင်လည်းကောင်း၊ ၁၉၀၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နဲ့ ၁၉၁၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့များမှာ နယူးရောက်မြို့တွင် လည်းကောင်း၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့၊ ကမ္ဘာ့အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်မားလာစေဖို့၊ အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့၊ အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းဖို့ စတဲ့အချက်တွေနဲ့ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များက စတင်ပြီး ဦးဆောင်ကျင်းပခဲ့တာပါ။


နောက်ပိုင်းမှာတော့ ရုရှား နဲ့ အရှေ့ဥရောပနိုင်ငံများသို့ ပျံ့နှံ့သွားပြီးတဲ့နောက် ကမ္ဘာတ၀ှမ်းလုံးမှာ အမျိုးသမီးများနေ့ကို မိမိတို့နိုင်ငံအလိုက် နေ့များသတ်မှတ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီလိုကျင်းပရာမှာ နိုင်ငံအလိုက် ၄င်းတို့နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အမျိုးသမီးထုရဲ့ အခက်အခဲများအတွက် ဖြေရှင်းပေးရန်၊ အထူးသဖြင့် အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေး တွေရရှိဖို့ လိင်ခွဲခြားဆက်ဆံခံရခြင်းများ ပပျောက်ရေးအတွက် ချီတက်ပွဲများကျင်းပခြင်း၊ အမျိုးသမီးထုညီလာခံများကျင်းပခြင်းများ ပြုလုပ်ကြပါတယ်။ ၁၉၁၁ခုနှစ်မှစပြီး အမေရိကန် ပြည်ထောင်စုမှာ အမျိုးသမီးများနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့တိုင်းမှာ ဆက်လက်ကျင်းပခဲ့ပြီး ရုရှားနိုင်ငံမှာ ၁၉၁၃ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။

၁၉၁၄ ခုနှစ်အရောက်မှာတော့ မတ်လ ၈ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ကာ နိုင်ငံတိုင်းမှာ ကျင်းပခဲ့ကြတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။  ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်နိုင်ငံများမှာတော့ ယင်းနေ့ကို အစိုးရရဲ့ တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ကြပါတယ်။


၁၉၇၇ ခုနှစ်မှာ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ကို အမျိုးသမီးများ၏ အခွင့်အရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ အဲဒီလို ကျင်းပရာမှာ နှစ်အလိုက် Theme (အဓိကဆောင်ပုဒ်) များကိုလည်း ထုတ်ပြန်ပါတယ်။ ယမန်နှစ် ၂၀၁၃ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “A Promise is a Promise: Time for Action to End Violence Against Women ဖြစ်ပြီး အမျိုးသမီးများအကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြတာပါ။ ယခုနှစ် ၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Equality for Women is Progress for All” (အမျိုးသမီးထု ညီတူညီမျှတိုးတက်ဖို့) ဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပရေးအဖွဲ့ရဲ့ ယခုနှစ် ၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Inspiring Change” (ပြောင်းလဲဖို့အတွက်လှုံ့ဆော်စို့) ဖြစ်ပြီး အဲဒီဆောင်ပုဒ် ရွေးချယ်ရတဲ့အဓိကအချက်တွေကတော့ အမျိုးသမီးထုတရပ်လုံးရဲ့သာတူညီမျှမှုဟာ အကျိုးရလဒ်ကောင်း တွေကို ရရှိစေခဲ့ပေမယ့် အခုချိန်ထိ ကမ္ဘာကြီးမှာ မညီမျှမှုတွေရှိဆဲပါ။ အမျိုးသမီးထုကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများကို ကမ္ဘာကြီးက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက် အလေးထားပေးဖို့ ရည်ရွယ်ချက်နဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကျင်းပတာပါ။ လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


            ဒါကြောင့်မို့ နှစ်ပေါင်း (၁၀၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသမီးထုကြီးရဲ့ အောင်မြင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုပြီး အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အလေးထားအာရုံစိုက်လာစေဖို့ အမျိုးသမီးထုတရပ်လုံးက လှုပ်ရှားကြိုးပမ်းရမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


နေနီနီ


ကိုးကား။
http://www.internationalwomensday.com/theme.asp#.UwizH4XjL5N
http://en.wikipedia.org/wiki/International_Women%27s_Day

ရွှေ့ပြောင်းကျောင်း ပညာရေး နဲ့ သုံးနာမညီ တြိဂံ အရွေ့




ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ သန်းကျော်ရှိပြီး အဲဒီထဲက ၁၁ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်အောက် ကျောင်းနေအရွယ် ကလေးများ ပါဝင်ကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း စားဝတ်နေရေးအတွက် ရွှေ့ပြောင်းအခြေချသူအလုပ်သမားများရဲ့ သားသမီးများဘ၀ဟာ တကယ်တော့ မလှပကြပါဘူး။ အထူးသဖြင့် နိုင်ငံမဲ့တွေဖြစ်နေကြတဲ့ သူတို့ဘ၀တွေရဲ့ အနာဂတ်ဟာ တိုင်းတစ်ပါးမှာ အောက်ခြေအလုပ်သမားဘ၀နဲ့ သူတို့ရဲ့ ပျိုမျစ်တဲ့အချိန်တွေကနေ စပြီး အဆုံးသတ်လိုက်ကြရတာက များပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားမိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ပညာရေးအာမခံချက်ဟာလည်း မရှိပါဘူး။  

ထိုင်းနိုင်ငံက မဲဆောက်ဆိုတဲ့ နယ်စပ်မြို့ တ၀ိုက်နဲ့ အနီးအနားဒေသတွေမှာ မြန်မာပြည်က ရွှေ့ပြောင်းအခြေချနေထိုင်လာကြတဲ့ မြန်မာတိုင်းရင်းသား ပေါင်းစုံကို မဲဆောက်ဝန်းကျင်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ စားသောက်ဆိုင်၊ အိမ်တွင်းလုပ်ငန်းတွေမှာ အများအပြားတွေ့နိုင်တဲ့အပြင် အခြေအနေမဲ့ဘ၀နဲ့ လမ်းဘေးအမှိုက်ပုံတွေ ကနေ နေ့စဉ် ရရာ ပလတ်စတစ် ကော် စတဲ့ စွန့်ပစ်ပစ္စည်းတွေကို လိုက်လံကောက်ယူပြီး ပြန်လည်ရောင်းချကာ အသက်မွေးနေကြတဲ့ မြန်မာလူမျိုးတွေကလည်း ဒုနဲ့ဒေးပါပဲ။ မဲဆောက်ဈေးရဲ့ အချို့နေရာတွေမှာ ရင်ခွင်ပိုက်ကလေးငယ်တွေ၊ အသက် ၁၀ နှစ်အောက်၊ အသက်၁၅ နှစ်အောက် မြန်မာနိုင်ငံသား ကလေးငယ်တွေကို သူဖုန်းစားတွေအနေနဲ့ တွေ့ရမှာပါ။ 

            သူတို့ရဲ့ ပညာရေးအခွင့်အလမ်းတွေ၊ အနာဂတ်ဘ၀အာမခံချက်တွေကတော့ လုံးဝ မရှိသလောက်ပါပဲ။  သို့ပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ အထောက်အပံ့ပေးပြီး လူမှုရေးအဖွဲ့အစည်းတွေက ထိုင်း-မြန်မာ နယ်စပ်တလျှောက် နဲ့ မြန်မာပြည်တွင်း ချို့သောနယ်မြေတွေမှာ ရွှေ့ပြောင်းစာသင်ကျောင်းတွေကို တည်ထောင်ပြီး မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေ စာတတ်မြောက်ရေးအတွက် ပညာသင်ကြားပေးနေကြပါတယ်။ ဒီလို သင်ကြားပေးရာမှာ ယင်းရွှေ့ပြောင်းကျောင်းတွေရဲ့ သင်ရိုးတွေဟာ မြန်မာနိုင်ငံပညာရေးအဖွဲ့က ထုတ်ဝေပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြတဲ့ကျောင်းတွေရှိသလို ကမ္ဘာ့ပညာရေးအဖွဲ့က ထိုင်း-မြန်မာနယ်စပ်အတွက် ထုတ်ဝေထားတဲ့ သင်ရိုးညွှန်းတမ်းကို သင်ကြတဲ့ကျောင်းတွေလည်းရှိပါတယ်။ ရွှေ့ပြောင်းကျောင်းရဲ့ ပညာရေးပန်းတိုင်ကတော့ ရေရာလှတယ်တော့မဟုတ်ပါဘူး။

အချို့ကျောင်းတွေမှာ Post Ten လို့ခေါ်တဲ့ GED အတွက် အထူးလေ့ကျင့်သင်ကြားပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ သင်တန်းဝင်ခွင့်ဖြေဆိုအောင်မြင်ရေးအတွက် အဓိကထားကြတာတွေရှိသလို အချို့ကတော့ နောက်ထပ် ပညာသင်ဆုတွေအတွက် လိုအပ်တဲ့ ၀င်ခွင့်စာမေးပွဲတွေအတွက် ပြင်ဆင်ပေးတဲ့ သင်တန်းတွေကို တက်ခွင့်ရဖို့ မိမိတို့ကျောင်းအလိုက် သင်ရိုးရေးဆွဲသင်ကြားကြတာလည်း ရှိပါတယ်။ အဲဒီလိုသင်ကြားကြတဲ့အခါမှာ အင်္ဂလိပ်စာကို အထူးအလေးထားကြတာတွေ့ရပါတယ်။  

ဒါ့အပြင် ယခုနှစ်ပိုင်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့က နှစ်စဉ်ကျင်းပလျက်ရှိတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ရွှေ့ပြောင်းမြန်မာကျောင်းအချို့ ကနေပြီး ပြည်တွင်းအစိုးရအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးကာ ယင်းစာမေးပွဲကို ဖြေဆိုဖို့ဆန္ဒရှိကြတဲ့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူအချို့ကို မိမိတို့ကျောင်းအလိုက် သင်ကြားလေ့ကျင့်ပေးပြီး ဖြေဆိုခဲ့ကြရာမှာ ဖြေဆိုကြသူများအနက် (၁၄) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပါတယ်။ အဲဒီအောင်မြင်သွားတဲ့ကျောင်းသားကျောင်းသူများဟာ အခုဆိုရင် ပြည်တွင်း တက္ကသိုလ် ကောလိပ်များမှာ တက်ရောက်သင်ကြားခွင့်ရနေကြပြီဖြစ်ပါတယ်။ 
                        မြန်မာနိုင်ငံကနေထွက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားမိသားစုများဟာ မြန်မာပြည်သား နိုင်ငံသားများသာဖြစ်ကြပေမယ့် သူတို့ရဲ့ ပြည်တော်ပြန်ရေးဟာ အလွန်မှ ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ သူတို့ရင်သွေးတွေဖြစ်ကြတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူလေးများနဲ့ နယ်စပ်ဒေသတလျှောက် လုပ်ငန်းခွင်တွေထဲ ရောက်ရှိလုပ်ကိုင်နေကြတဲ့ ကလေးငယ်များရဲ့  ၄င်းတို့ မိဘတွေမွေးဖွားရာဇာတိမြေကို ပြန်လည်နေထိုင်ခွင့်ရဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒါ့အပြင် သူတို့ နေထိုင်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာလည်း တရားဝင်နေထိုင်ခွင့်ကို လူသားတယောက်ရဲ့ အာမခံချက် အခွင့်အရေးတွေ မရရှိဘဲ ခွဲခြားဆက်ဆံခံနေကြရတုန်းပါ။ ရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူလေးများဟာလည်း ကျောင်းရောက်တဲ့အခါ ပညာတန်ဖိုးကို သိပြီး ပညာကိုမက်မောလာတာ၊ ယဉ်ကျေးလိမ္မာပြီး လူ့အခွင့်အရေးနဲ့ တာဝန်ကို ခွဲခြားသိမြင်လာတာ၊ သူတို့သင်ကြားတတ်မြောက်ခဲ့တဲ့ အတန်းပညာအလိုက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်မြောက်လာကြတာ မရှိသလောက်ပါပဲ။

ဒါကလည်း ရွှေ့ပြောင်းကျောင်းများရဲ့ ပညာရေးသင်ရိုးတွေရဲ့ အားနည်းချက်တွေအပြင်၊ ကျွမ်းကျင်ဆရာ ဆရာမတွေ နည်းပါးတာလည်း အချက်တစ်ချက်ဖြစ်သလို၊ ကျောင်းသားကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူအများစုဟာ ရင်သွေးလေးတွေရဲ့ ပညာရေးအခြေအနေ၊ စာရိတ္တအခြေအနေကို စောင့်ကြပ်အကဲခတ်အားပေးကြတဲ့ မိဘအုပ်ထိန်းသူတွေကလည်း နည်းပါတာဟာ အချက်တစ်ချက်အဖြစ်ပါဝင်ပါတယ်။ 

ရွှေ့ပြောင်းမိသားစုတွေရဲ့ ရင်သွေးလေးတွေဟာ အခြေခံပညာမူလတန်းလောက်ကိုတော့ ရွှေ့ပြောင်းကျောင်းတွေမှာ သင်ကြားလေ့ရှိကြပြီး လုပ်ငန်းခွင်ထဲ ၀င်ရောက်လုပ်ကိုင်ဖို့ အရွယ်အားဖြင့် အဆင့်သင့်လာပြီဆိုလျှင်တော့ အုပ်ထိန်းသူများဟာ မိမိရင်သွေးတွေကို ကျောင်းမှထုတ်ကာ လုပ်ငန်းခွင်ထဲသို့ နေ့စား လစားဘ၀များအဖြစ် သွတ်သွင်းလိုက်ကြတာများပါတယ်။ 

အချို့ ကျောင်းသား ကျောင်းသူများကတော့ မိဘများက ပညာရေးအားပေးသော်ငြားလည်း ကြီးကောင်ဝင် အရွယ်ရောက်ခါစ အချိန်တွေဖြစ်တဲ့ အလယ်တန်း အထက်တန်းကျောင်းသား ဘ၀တွေ ရောက်ရှိလာကြတဲ့အခါ စိတ်ဝင်စားမှုဦးတည်ချက် ပြောင်းလဲလာကြပြီး အိမ်ထောင်သည်ဘ၀ကို ကူးပြောင်းသွားတတ်ကြသလို အချို့ကလည်း ကျောင်းနဲ့ဝေးရာ လုပ်ငန်းခွင်တွေထဲကို မိမိသဘောဆန္ဒနဲ့ ရွေးချယ်ဝင်ရောက်သွားကြတာလည်းရှိပါတယ်။

            ဒီလိုဖြစ်ရတဲ့အဖြစ်အပျက်တွေရဲ့နောက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားရင်သွေးတွေရဲ့ အနာဂတ်ဟာ လှပနိုင်စရာမရှိပါဘူး။ အသိ အမြင် အတတ် ပညာတွေ ဖွံ့ဖြိုးအောင်မြှင့်တင်ပေးနိုင်ပြီး ဘ၀အာမခံချက်တွေပေးနိုင်တဲ့ ပညာရေးကို သင်ကြားပေးနိုင်တဲ့ ရွှေ့ပြောင်းကျောင်းတွေပေါ်ပေါက်လာဖို့ အရေးကြီးလာပြီဖြစ်တာကို ဒီအခြေအနေတွေက ဖော်ပြနေကြပါတယ်။ ရွှေ့ပြောင်းကျောင်းကနေပြီး မြန်မာနိုင်ငံတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်၊ GED နဲ့ အခြားပညာသင်ဆုတွေ လျှောက်ထားခွင့် ရရှိလာပြီဖြစ်သော်လည်း ရွှေ့ပြောင်းကျောင်းအားလုံး ပါဝင်နိုင်ခြင်းမရှိသေးလို ကျောင်းသားကျောင်းသူအားလုံးလည်း ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အောင်မြင်သူကျောင်းသားကျောင်းသူအရေအတွက်ဟာလည်း ရွှေ့ပြောင်းရင်သွေးအားလုံးကို ကိုယ်စားမပြုသေးပါဘူး။ ထိုမျှမကသေးပါဘူး။ ရွှေ့ပြောင်းကျောင်းတွေကနေ အခြေခံပညာအလယ်တန်း နဲ့ အထက်တန်းအရောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းကို ကျောခိုင်းသွားကြရတဲ့ ရွှေ့ပြောင်းရင်သွေးတွေရဲ့ လက်တွေ့ဘ၀မှာ သူတို့သင်ကြားတတ်မြောက်လာတဲ့ အတန်းပညာအလိုက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ၊ အသိပညာဗဟုသုတတွေ၊ လူမှုကျင့်ဝတ်စည်းကမ်းတွေကို သိရှိတတ်မြောက်သွားတာလည်း မရှိပါဘူး။

ဒီလိုပညာရေးအခြေအနေတွေကြောင့် ငွေကိုအဓိကထားပြီး တိုင်းတပါးကို စွန့်စားထွက်ခွာလာကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၄င်းတို့ရဲ့ရင်သွေးငယ်တွေအတွက် ကျောင်းပညာသင်သော်ငြားလည်း လက်တွေ့ဘ၀ အသက်မွေးဝမ်းကျောင်းမှုကို ဘာမှ အထောက်အကူမပြုဘူးဆိုတဲ့ အသိအမြင်တွေ ၀င်လာကြတာလည်းရှိလာပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းကျောင်းသားကျောင်းသူတွေနဲ့ ၄င်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ဘ၀အာမခံချက်တွေရရှိဖို့ နဲ့ ဘ၀ရပ်တည်ချက်ခိုင်မာဖို့ရာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြတဲ့ ရွှေ့ပြောင်းလူငယ်တွေရဲ့ အသိပညာ အတတ်ပညာတွေကို ရွှေ့ပြောင်းပညာရေးကနေပြီး တိကျခိုင်မာစွာ အရည်အချင်းပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ဖို့ အထူးလိုအပ်လို့လာနေပါတယ်။ ဒီအတွက် ကြိုးပမ်းနေကြတဲ့ ဆန္ဒရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အသက်အရွယ်အလိုက် တတ်မြောက်အောင်သင်ကြားပေးနိုင်ဖို့ ကျွမ်းကျင်ဆရာ ဆရာမတွေ မွေးထုတ်ဖြည့်ဆည်းပေးဖို့၊ ဘ၀တစ်ခုရပ်တည်ဖို့ အမှန်တကယ်လိုအပ်တဲ့ လူကျင့်ဝတ်သိက္ခာ စည်းကမ်းတွေကို လိုက်နာတတ်ဖို့၊ တာဝန်နဲ့ဝတ္တရား ကို လူ့အခွင့်အရေး နှင့် ပူးတွဲသိမြင်လာဖို့ သင်ကြားပေးနိုင်မယ့် သင်ရိုးတွေလည်း ဖြည့်ဆည်းပေးမယ်ဆိုရင် လက်တွေ့အောင်မြင်လာမှာဖြစ်ပါတယ်။


            အချုပ်အားဖြင့်ပြောရလျှင် အပြောင်းအလဲမြန်ဆန်လွန်းလှတဲ့ IT ခေတ်ကြီးထဲမှာ ကမ္ဘာ့ရဲ့ အနာဂတ်ကို ဖန်တီးကြရမယ့် ရင်သွေးငယ်တွေထဲမှာ တစိတ်တပိုင်းပါဝင်တဲ့ မြန်မာရွှေ့ပြောင်းလူငယ်လေးတွေရဲ့ အသိပညာ အတတ်ပညာနဲ့ စာရိတ္တမြင့်မားရေးကိုဦးတည်တဲ့ ဘ၀အတွက် အသက်မွေးဝမ်းကျောင်းပညာတွေကို အမှန်တကယ် သင်ကြားပေးနိုင်မယ့် ရွှေ့ပြောင်းပညာရေးကြီးဆီကို ရွေ့လာနိုင်မယ်ဆိုရင် အခု မညီမညာဖြစ်နေတဲ့ မိဘ ဆရာ ကျောင်းသား ဆိုတဲ့ အနားမညီတြိဂံကြီးဟာ တိကျခိုင်မာတဲ့ အခွင့်အရေးတွေကို အနာဂတ်အတွက်ဖန်တီးပေးနိုင်တဲ့ ပညာရေးကိုသာ ရွှေ့ပြောင်းကျောင်းတွေက ဖော်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် ငွေကိုအဓိကထားတဲ့ မိဘတွေဟာလည်း ကျောင်းဆရာ ဆရာမတွေနဲ့ အားတက်သရောပူးပေါင်းလာကြပြီး ကျောင်းသားကျောင်းသူတွေရဲ့  စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ယိုယွင်းပျက်ပြားနေမှုကို အတူတကွ ထိန်းသိမ်းလာကြမယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။  

ဒါကြောင့် တဦးအပေါ်တဦး အပြန်အလှန်ယုံကြည်အားကိုးတန်ဖိုးထားလာကြစေဖို့ စစ်မှန်တဲ့ဘ၀အတွက်အသုံးဝင်တဲ့ ပညာရပ်တွေကို ကျောင်းသားအားလုံးတတ်မြောက်လာကြစေဖို့၊ ရွှေ့ပြောင်းကလေးငယ်အားလုံး ပညာသင်ကြားလာစေဖို့ ဆွဲဆောင်ရာမှာ ရွှေ့ပြောင်းပညာရေးရဲ့ အရွေ့အပြောင်းဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာမို့ တာဝန်ရှိသူ မြန်မာအစိုးရအပြင် ရွှေ့ပြောင်းပညာရေးအကျိုးဆောင်ရွက်နေသူအားလုံး ဤအချက်ကို မေ့မထားကြဖို့ အထူးလိုအပ်လှပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ညနေဥာဏ်

Friday, April 19, 2013

ကုန်သည်များ

တချို့က.... လူကုန်ကူးတယ်... 
တချို့က .... ဒုက္ခတွေကုန်ကူးတယ်... 
တချို့ က .... အတ္တလောဘမာန်မာနကို ကုန်ကူးတယ်.. 
တချို့က .... ပရအတွက် ဘ၀ကို ကုန်ကူးတယ်... 
တချို့က... ဝေဒနာတွေထုပ်ပိုးပြီး အလွမ်းတွေကို ကုန်ကူးတယ်.. 
တချို့က ... အချစ်တွေကုန်ကူးတယ် 
 တချို့က.... အမှန်တရားတွေကို ကုန်ကူးတယ် 
တချို့က.... အတွေးအခေါ်တွေကို ကုန်ကူးတယ်.... 
တချို့.က.... အကြွေးတွေကုန်ကူးတယ်... 
တချို့တချို့က.... အပေးအယူတွေ ကုန်ကူးတယ်... 

 ဒါပေမယ့် သူတို့အားလုံး အမြတ်မရှိ အရှုံးနဲ့ရင်ဆိုင်ရပြီး နောက်ဆုံးတော့ အသက်ဆိုတဲ့ အရင်းပြုတ်သွားကြတာပါပဲ....